Saturday, April 19, 2014

နားပေါက်

အရူးမ - ဟဲ့ နားတစ်ပေါက် ထပ်ဖေါက်တော့ အသဲကွဲတာ ကောင်းရောလား အရူးမရဲ့။
မိန်းမကြီး - အပြင်မှာ အနာ ရှိတော့ အတွင်း ဒဏ်ရာ သက်သာမလား လို့ပါ။

အရူးမ - အတော် ရူးတာပဲ ဒီ အရူးမ၊ ဘယ်လို ဖြစ်ရတာတုန်း။
မိန်းမကြီး - တကယ် မပိုင်တဲ့ အရာ ပိုင်တယ် မှတ် ပြီး၊ မဏ္ဍပ်တိုင် တက်ပြ ၊ ရင်ကွဲ ရတာပဲ အဖတ်တင်ပါရော့လား၊
အရူးမ - ခက်တော့တာပဲ . အဲဒါ အချစ် ဟဲ့ အရူးမ ရဲ့။
မိန်းမကြီး - အချစ် က ဘာတွေ ဆက်ဖြစ်မလဲ မသိတတ်နိုင်တော့ . အကုန်လုံး လွှတ်ချ လိုက်ချင်ပြီ။
အရူးမ - လွှတ်ချတိုင်း အေးအေးသက်သာ လွတ်ကျ သွားရင် ကောင်းပေါ့ အရူးမရဲ့ . အချစ် က လွယ်လွယ် နဲ့ ကျမကွဲ တတ်ပေဘူး။
မိန်းမကြီး - ည ည အိပ်မရတာ ခက်တာပဲ။
အရူးမ - အချစ်ပါ လို့ ဆိုနေ.. ဒီ အရူးမ နှယ်။
မိန်းမကြီး - သူ့ အကြောင်း ကျမ ဘာမှ မသိဘူး ။
အရူးမ - ချစ် တာမှာ သိစရာ လိုလို့ လား ကွဲ့။
မိန်းမကြီး -  အချစ်အကြောင်း ပြောရအောင် အသက်တွေ ကြီး လွန်းတယ်။
အရူးမ - အသက် ကြီး ရင် မချစ်ရ ဘူးလို့ ဘယ်သူ က တား လို့ လဲ။
မိန်းမကြီး -  အို. ဘာ ဖြစ် ဖြစ် ရှင်. ဒီနှစ် သင်္ကြန်က ကျမ အမုန်းဆုံးထဲပါခဲ့ပြီ၊ သင်္ကြန်တုန်းမပွင့်ခဲ့တဲ့ ပိတောက်တွေ ကျမ မြင်ပြင်းကပ်တယ်၊  ခရမ်းရောင်အဆင်နဲ့ ပိတ်စတွေ ကျမနားခင်းမပြနဲ့၊ ကျမ လက်ဆောင် လက်စွပ်မှာ သူများနာမည်နဲ့၊ ကျမ သူ့ ကိုမေ့ချင်တယ် .. နားပေါက် တစ်ပေါက် ထပ်ဖေါက်မှ ဖြစ်မယ်။
အရူးမ- အတော်ခေါင်းမာတာ ပဲ. အဲဒီ အရူးမ။


မမသီရိ
၁၉ ဧပြီ ၂၀၁၄

2 comments:

Khin Lay Ngel said...

မမ---

ဘာမှန်း သေချာသိဘူး...
ခင်လေး သဘောကျလို့ရယ်...

:)

ဖိုးညို said...

ကဗျာတွေ စာတွေ လာဖတ်သွားပါတယ်။ အကြောင်းမသင့်ခဲ့လို့ အခုမှ ရောက်လာဖြစ်ပါတဲ့အတွက် တောင်းပန်တယ်။ ကျနော့်ဆီကိုလည်း လာခဲ့ပါဦးလို့ ဖိတ်ခေါ်တယ်။ အခု ဖတ်ထားပြီးတဲ့အထိ ထိပ်ဆုံးက ဘာသာပြန်ကဗျာလေးနဲ့ အခု ဒီကဗျာကို ကြိုက်တယ်။ ဆရာထူးအိမ်သင်ရဲ့ အချစ်မှာ အကြောင်းပြချက်များ မလိုဘူး ဆိုတဲ့ စာသားလေးကို သတိရမိတယ်။ ကဗျာကောင်း စာကောင်းလေးတွေ ရေးပါဦး ဖတ်ချင်တယ်။