Friday, January 28, 2011

ဆောင်းခိုငှက်






မိုင်ထောင်ချီပျံခဲ့ပြီးပေမဲ့
ပြန်လမ်းမှတ်ခဲ့လို့ထင်ရဲ့..
သူတို့ကြည့်ရတာ သက်တောင့်သက်သာ...

တပြည်တရွာ
အနေမကြာပေမဲ့လည်း
တစိမ်းလိုတော့ ထင်ခဲ့ပုံမရ
ဆောင်းလာခိုကြတဲ့ ငှက်တွေ....

ဖေဖေ မေမေ.. ကိုကို မမ မမ
ဦးလေး ဦးကြီး.. ဘကြီး ဘထွေး
ဒေါ်လေး ဒေါ်ငယ်..
တူ .. သား .. မြေး မြစ်..
မြီးကောင်ပေါက်.. ကြင်စဦး..
ဝေးဝေး မြင့်မြင့် ပျံနိုင်သူတွေ ..အကုန်လုံး..
တရုန်း ရုန်း ချီတက်လာခဲ့ကြတာ..
မြင်ရသူ တို့ ကြည်နူးဖွယ် ရာ......


လူမမြင် သူမမြင်
ခိုးဖမ်းချင်သူတွေက လွဲပြီး..
အားလုံး ၀ိုင်းချစ်ကြတာမို့..
သူတို့ လွတ်လပ် လုံခြုံ ပျော်ရွှင်လို့..

ရေကူးတယ် ..
ရေငုပ်တယ်..
ထ ပျံတယ် .. အုပ်လိုက်ကြီး... မြစ်ထဲမှာ.. ၀ဲ ကာ ဝေ့ ကာ....
တကောင်ချင်း နှစ်ကောင်ချင်း
တွတ်ထိုး တယ်.. ကြည်စယ်တယ်..
ရေကူးတယ်..
ရေငုပ်တယ်...
ထပျံ တယ်.......
အပူ အပင် ကင်းမဲ့ လွန်းတယ်..
ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ လို့...

မြစ်ကမ်းစပ်က လယ်သူမကလေး..
လွမ်းတေး ပုဒ် ကောက်ကာ ငင်ကာ အော်ဆို..


......သူတို့ရောက်လာတယ်..
သူတို့ပြန်ကြမယ်..
ရောက်လာတဲ့အခါ ပျော်ရတယ်..
ပြန်သွားတဲ့အခါ လွမ်းကျန်မယ်..
ဆုံကြဖို့ရာ.. နောက်တနှစ်စောင့်ရမယ်.......တဲ့....

ဆိုင်ဆိုင် မဆိုင်ဆိုင်
လက်ပံသား ဓါးနဲ့ချိုင်..
ဆိုင်ဆိုင် မဆိုင်ဆိုင် ချော်လဲ ရောထိုင်..
ဆိုင်ဆိုင်မဆိုင်ဆိုင်.. 
မစွန်းရင်းကလဲ ရှိ.. ကန်စွန်းခင်းကလဲ ငြိသမို့..

ငိုချင်ရက် လက်တို့..
လွမ်းလက်စ နဲ့ မျက်ရည်စို့..
မောင်... ဆောင်းခိုငှက်လေး ဖြစ်လိုက်ပါလား..
... ဒီဆောင်း အမီ.. ကျမ ဆီ မောင်ရောက် လာခဲ့ နိုင်အောင်.....။


မမသီရိ
၂၇.၁.၂၀၁၁

Photo Credit to "TAMARA" 






3 comments:

Sonata Cantata said...

မမသီရိ ဒီကဗျာလေးကို <a href="http://www.youtube.com/watch?v=CPmrIpX30BA>ဒီဇတ်ကားလေးနဲ့</a> တွဲထားချင်တယ်။
အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ ရာသီ သီချင်းလေးနဲ့လည်းတွဲထားချင်တယ်...

ဧဏီမင်း said...

မိုင်ထောင်ချီ ခရီးကို နှင်လေပြီ
သူတို့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါး
ညီညွတ်မှု့ရဲ့ အားတွေပဲ ဖြစ်မယ်ထင်ပါတယ်..အမရေ..

ကောင်းတယ်ဗျာ..

ဟန်ကြည် said...

ဆောင်းခိုဖို့ပြန်လာတဲ့ ငှက်တွေ၊ ဥချဖို့ပြန်လာတဲ့ ဆယ်လ်မွန်တွေကို မြင်တိုင်း ရင်ထဲမှာ တစ်ခုခု ခံစားရသလိုလိုပါ...ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ စိတ်ဓာတ်နဲ့ အားမာန်ကိုတော့ လှိုက်လှိုက်လှဲလှဲ အားကျတယ်...