Sunday, July 18, 2010

မမေ့ပါနိုင်

မမေ့ပါနိုင် ဇူလိုင် ၁၉
မျက်ရည်မိုးစွေ 
နှစ်ရှည်လများ.. ကာလ ကား ရှည်..
ရာသီ တရွေ့ရွေ့.. နှစ်ဟောင်းရွှေ့လည်း..
ချစ်ခင်မြတ်နိုး .. အားကိုး အားထား.
ဇာနည်ဘွားတို့ .. သက်စွန့် ပြန်သွား 
ဤနေ့အားလျှင် ဘ၀င်စိတ်ထဲ
သွေးစိမ်းရှင်ဆဲ.. ထင်မြဲ ကို...။

မမသီရိ (၁၈.၇.၂၀၁၀)

အခဲမကျေသော၊ မွန်းကျပ်နေသော၊ ခြေကုန်လက်ပမ်းကျနေသော ခံစားချက်များအတွက်.. စာဖွဲ့ရန်အင်အား မရှိတော့ပါ .. စစ်မှန်ခဲ့သည်ဟု မဆိုသာသော်လည်း . အာဇာနည်များအား လွတ်လပ်စွာ ဂုဏ်ပြုခွင့်၊ တမ်းတခွင့်၊ လေးစားခွင့်၊ အားကျခွင့် ရှိခဲ့ဖူးသော လွတ်လပ်ခဲ့သော. အချိန်ကာလတခုဆီ ကို လှမ်းမျှေိာကြည့်မိသောအခါ.. အတိတ်ဆီမှာ မှုန်ဝါးဝါးမျှသာ။ အာဇာနည်နေ့ကို နတ်ဒေ၀ါ တွေကတောင် သိနေသလားမသိဘူးနော်.. မနက် ၁၀ နာရီပတ်ဝန်းကျင်ဆို နေဘယ်လောက်ပဲ သာနေသာနေ မိုးကလေးက စွေလာတတ်တယ်လို့.. ငယ်ငယ်တုန်းက မေမေ ပြောခဲ့တာလဲ သတိရမိပါသေး.. တဆက်တည်း ပဲ ရေဒီယိုက ဥသြဆွဲသံ ကို ရွာသားတွေကပါ လာရောက်နာခံပြီး ၀မ်းနည်းကြောင်း အသံတွေတိတ်ဆိတ်ပြီးငြိမ်သက်နေခဲ့ကြတဲ့ ငယ်ကာလတွေကို တမ်းတနေမိပါတယ်.. ညပိုင်း ၈နာ၇ီ သတင်းပြီးတဲ့အခါမှာတော့ ဗိုလ်ချုပ်ရဲ့ ထက်မြက်တဲ့ မိန့်ခွန်းများ ကို ရေဒီယိုကလေးဘေးနား ၀ိုင်းအုံ လို့ နားထောင်ကြ၊ 

ကဗျာဆရာလေး မိုးလှိုင်ည ဘလော့မှာ တင်ထားတဲ့ အာဇာနည်နေ့တို့မေ့သွားခြင်း ဆိုတဲ့ ကဗျာလေး ဖတ်မိတော့ ပိုခံစားရပါတယ်. အဲဒီကဗျာလေး က ဒီခေတ်လူငယ်လေးတွေရဲ့ အာဇာနည်နေ့ ခံစားချက်တွေ ကို မီးမောင်းထိုးပြနေသလားလို့...

ဒီနေ့ရက်ရောက်တိုင်း ဘယ်တော့မှ မရိုးနိုင်တဲ့ အဆိုတော် မေလှမြိုင် ရဲ့ အာဇာနည်နေ့ အမှတ်တရ တေးသီချင်းများ ကို ပြန်လည် ဖော်ထုတ်တင်ပြရင်း နဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုလိုက်ပါတယ်..။




အလေးပြုပါတယ်



အာဇာနည်နေ့ မမေ့အပ်ပေ


အာဇာနည်နေ့ တို့မမေ့


အားလုံးကိုချစ်ခင်လေးစားတဲ့ 

မမသီရိ

3 comments:

Nge Naing said...

မမသီရိရေ - ကျွန်မတို့ငယ်ငယ်က ကျောင်းမှာ နေ့တိုင်းအလေးပြုနေတဲ့ အာဇာနည်တွေကို အခုတော့ အာဇာနည်နေ့မှာတောင် လွတ်လွတ်လပ်လပ် အလေးပြုလို့မရတော့ဘူးဆိုတာ သိလိုက်ရတော့ မမေ့နိုင်တဲ့ အာဇာနည်တွေအတွက် ထပ်ပြီး မမေ့နိုင်စရာတွေဖြစ်လာပါတယ်။ အာဇာနည်တွေကို အလေးပြုပြီး ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းသွားပါတယ်။ မေလမြိုင်သီချင်းတွေကို လိုချင်တယ်၊ ဘယ်လိုပြန်ကူးရမလဲမသိဘူး။

သုခုမလေဒီ said...

မသီရိရေ အာဇာနည်နေ့အတွက် လာရောက်ပါတယ်။ အာဇာနည်တွေကို စိတ်ထဲကနေ အစဉ်အမြဲအလေးပြု နေမိပါတယ် မမ။

ခြေလှမ်းသစ် said...

မသီရိရေ အမရဲ့ အာဇာနည်နေ့ အခမ်းအနားကို ကျနော် လာရောက် ပါဝင်ခဲ့ပါတယ်ဗျာ ...