ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အလွန်တရာ လှပတဲ့ သမီးတော်လေး တပါး ကို မွေးဖွားထားတဲ့ ဘုရင်ကြီး တပါး အုပ်ချုပ်သတဲ့..။ ဘုရင်ကြီးဟာ သမီးတော်လေးကို မြတ်နိုးလွန်းတာမို့ သမီးတော်လေး စိတ်သဘော ဆန္ဒရှိတဲ့အတိုင်း လိုရာ ကို ဆောင်ကျဉ်း စီစဉ်ပေးတတ်တယ်။
သမီးတော်လေးဟာ ရုပ်ဆင်းရူပကာ ချောမောလှပတာနဲ့အမျှ နှလုံးသားကလဲ အင်မတန်မှ ဖြူစင်နူးညံ့သူလေး ဖြစ်တယ်.။ မင်းသမီးလေးက ပန်းပွင့်လေးတွေကို ချစ်မြတ်နိုးတယ်၊ လိပ်ပြာလေးတွေကို နှစ်သက်တယ်.. သစ်ပင်ပန်းမာလ်တွေရဲ့ အလယ်မှာနေရတာ နှစ်သက်သူလေးဖြစ်တဲ့အတွက်. သူမရဲ့ အချိန်တော်တော်များများကို သူမအတွက်ဖခမည်းတော်သီးသန့် ဆောက်လုပ်ပေးထားတဲ့ ဥယာဉ်လေးထဲ မှာပဲ ကုန်လွန်စေသတဲ့..
မင်းသမီးလေး ရဲ့ ဥယာဉ်လေးထဲမှာ.. ချစ်စရာကောင်းတဲံ့ ငှက်ကလေး တွေ က အမြဲ တေးသီချင်းတွေ ကို သီကြွေး နေတတ်ပြီးတော့..၁၂ လ ရာသီလုံး လိုလို အမြဲ မပြတ်ပွင့်နေတတ်တဲ့ ရောင်စုံပန်းပွင့် တွေ အမျိုးမျိုး အထွေအထွေ ရဲ့ ကြားထဲမှာတော့ လိပ်ပြာလေးတွေ မြောက်များစွားဟာလဲ လူးလာခေါက်တုန့် ပန်းဝတ်မှုန်တွေကို သောက်သုံးရင်းနဲ့ နေခြည်ဖြာ လင်းလက်တဲ့မိုးကောင်းကင်အောက်မှာ ပျော်ရွှင် မြူးတူး နေကြတာပေါ့..။ အဲဒီဥယာဉ်လေးထဲမှာသစ်သီးတွေကလဲ အပြွတ်လိုက် အခိုင်လိုက်သီးမှည့်နေပြီး ..တောသတ္တ၀ါလေးတွေကိုဘေးမဲ့ပေးထားတဲ့နေရာလေးဖြစ်လို့...သမင်ပေါက်စလေးတွေ၊ ယုန်ကလေး တွေ၊ ဒရယ်ကလေးတွေ အစ ရှိတဲ့ တော သတ္တ၀ါလေးတွေ အတွက် အလွန်အဆင်ပြေတဲ့ ဥယျာဉ်ကလေး ပဲ ပေါ့..။
မင်းသမီးကလေးရဲ့အဲဒီ ဥယျာဉ်ကလေးကလေးဟာ.. အလွန်တရာကြည်လင်လှပတဲ့ ရေအလျင်တွေ တသွင်သွင် စီးနေတဲ့ မြစ်ပြင်ကျယ်ကြီး ရဲ့ဘေးနား တခု ဆီမှာ ရှိနေတာတဲ့... နံနက်တိုင်း နံနက်တိုင်း နေထွက်လာတဲ့ မနက်ခင်း နေခြည်နုနု အောက်မှာ မင်းသမီးလေးက ပန်းပွင့်လေးတွေနဲ့ စကားပြောတယ်.။ လိပ်ပြာလေးတွေ နဲ့ ငှက်လေးတွေ သမင်၊ ဒရယ်၊ ယုန်ကလေးတွေ ကို တော့ ပုံပြင်လေးတွေ ပြောပြတတ်သေးသတဲ့..။
နေရောင်ရင့်လာတဲ့ နေ့လည်ခင်း အချိန်တွေ ရောက်လာတဲ့ ချိန်မှာတော့.. သစ်သီးပင်တွေ အောက်မှာ .. အရိပ်ခိုရင်း.. သူမ ရဲ့ လေ့လာ သင်အံစရာတွေကို သင်ယူကျက်မှတ်တာ တဲ့... မင်းသမီးလေး ဟာ ဥာဏ်ကောင်းသူ လေးလဲဖြစ်တာမို့လို့.. ပညာရှိတွေ သင်ပေးတဲ့ ကျမ်းဂန်စာပေတွေကို လျင်မြန်လွယ်ကူ စွာ သင်ယူတတ်မြောက်လေ့ ရှိသတဲ့..။ မင်းသမီးလေး ထိုးထားတဲ့ အနုလက်ရာ ပန်း နဲ့ ပန်းချီ တွေဟာ ဆိုရင်လဲ ပြိုင်စံရှား သတဲ့... ။ မြစ်ပြင်ကျယ်ကြီးရဲ့ ကမ်းနဖူး ဆီ မှာ မေးတင်ရင်း နောက်ကမ္ဘာ တဖက်ခြမ်း ဆီထွက်ခွာတော့မဲ့နေလုံးကြီးကို ကြည့်ရင်း ဆည်းဆာချိန်တွေမှာရေးသီဖွဲ့တဲံ့မင်းသမီးလေးရဲ့ တေးကဗျာ တွေကတော့ .. တိုင်းပြည်အနှံ့မှာလူတွေနှုတ်ဖျား သီဆိုကြတဲ့ တေးကဗျာတွေပဲပေါ့..။ ပုဇွန်ဆီ ပုဇွန်သွေး နဲ့ပန်းရောင်ပြေးနေတဲ့ ညနေဆည်းဆာ အလှဟာ မင်းသမီးလေးကို အမြဲတမ်းပဲ ဖမ်းစားထားတတ်သတဲ့..။ မြစ်ပြင်ပေါ်မှာ ဟိုကို သည်ကို ပျံ သွားနေကြတဲ့ စင်ရော်ငှက်ကလေးတွေဟာလဲ မင်းသမီးလေးရဲ့ ဇာတ်လိုက်တွေပဲပေါ့..။
ဒီလိုနဲ့.. မိုးတိမ်တွေထူထပ်တဲ့ ရာသီတခုကိုရောက်ရှိလာခဲ့တယ်.. မိုးရိပ်တွေအုံဆိုင်းနေတဲ့ နေ့တနေ့ မှာတော့ နေရောင်မလင်းတာကြောင့် ဥယျာဉ် တော် အဆောင်လေးမှာ ပျင်းပျင်းတွဲ့တွဲ့ ထိုင်ပြီးငေးနေတဲ့ မင်းသမီးလေးရဲ့ ရှေ့မှောက်ဆီမှာ အလွန်တရာ ခန့်ညားလှပချောမောပြီး လေးစား အားကိုးဖွယ်ကောင်းတဲ့ လုင်ပျိုလေး တယောက် ရောက်ရှိလာခဲ့သတဲ့.. သစ်ပင်တွေ ပန်းပင်တွေ နဲ့ ငှက်ကလေးတွေ ရဲ့အလယ်မှာ လှပတဲ့မင်းသမီးလေးကို တအံ့ တသြ ငေးမောကြည့်နေတဲ့လုင်ပျိုလေးနဲ့ မင်းသမီးလေးဟာ မကြာမီ အတောအတွင်းမှာပဲ ခင်မင် သွားခဲ့ကြသတဲ့..
ဒီလိုနဲ့.. မိုးတိမ်တွေ ထူထပ်တဲ့နေ့တွေ တိုင်းလိုလိုမှာပဲ မင်းသားလေးဟာ မငိးသမီးလေးနဲ့ အတူတူ ရှိနေခဲ့တယ်.. သူတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကလဲ တနေ့ထက်တနေ့ ပိုပြီး ခိုင်မြဲလာခဲ့တာပေါ့..
သူတို့နှစ်ယောက်လုံးက တယောက်မျက်နှာ တယောက် မမြင်ရင် မနေနိုင်တော့ထိ ချစ်ခဲ့ကြတော့တယ်..
ပြီးတော့ ဒီတသက် ဘယ်တော့မှ မခွဲကြဘူး.. ဘာပဲ ဖြစ်ဖြစ် တသက်လုံး အတူတူ နေသွားကြမယ်လို့ ကတိတွေ အပြန်အလှန်ပေးခဲ့ကြသတဲ့..
မိုးတိမ်တွေထူထပ်တဲ့ ရက်ကလေး တွေ လွန်မြောက်လာခဲ့ပြီ...
သဘာဝ ပတ်ဝန်ကျင်းမှာ . အလင်းရောင်တွေ ပြန်လည်တောက်ပလာခဲ့ပြီ....
နေခြည်တွေ ဖြာလာတဲ့ မနက်ခင်းတခုမှာတော့.. အလှဆုံး အ၀တ်အစားတွေ .၀တ်ဆင် . အလှဆုံး မှုံ နံ့သာတွေ ချယ်သပြီး.. ချစ်သူအလာ ကို မျှော်နေတဲ့ မင်းသမီးလေး..က စိတ်တွေ လန်းဆန်း ကြည်နူးလို့ ပြူတင်းမှာ မြင်နေရတဲ့ လိပ်ပြာလေးတွေကိုတောင် လှမ်းကြွားလိုက်သေးသတဲ့ .. မင်းတို့ချည်းပဲချစ်သူရှိတာ မဟုတ်ဖူး ကွဲ့... ကျမ မှာရော... ကျမ ကို သိပ်ချစ်တဲ့သူ ရှိနေပြီ .. တဲ့...
အဲဒီ အခိုက်မှာ.. ပဲ ကသုတ်ကရက်နဲ့.. မင်သားလေး ရောက်လာခဲ့တယ်.. သူ့ ဖခမည်းတော်ပေးအပ်တဲံ့ ကြီးလေးတဲ့ တာဝန်တရပ်ကို ခုချက်ချင်းမဖြစ်မနေထမ်းဆောင်ရမှာမို့.. မင်းသမီးလေးနဲ့အတူ ရှိနိုင်မှာမဟုတ်ဖူး တဲ့.. ဒါပေမဲ့ တနေ့နေ့ မှာ မင်းသမီးလေးဆီ အရောက်ပြန်ခဲ့ပါ့မယ် လို့.. ကတိတွေ အထပ်ထပ်ပေးရင်း...အဝေးကို ထွက်ခွာ သွားခဲ့တော့တယ်...
အဲဒီအချိန်ကစပြီး .. ချစ်တဲ့သူ မင်းသားလေးပြန်အလာကို မင်းသမီးလေးဟာ.. နေ့စဉ်ရက်ဆက် အလွမ်းတွေ စက်လက်နဲ့မျှော်နေခဲ့တော့သတဲ့. တနေ့မှာတော့.. သူ့ချစ်သူ မင်းသားလေးဟာ.. သာမန်လူ တယောက်မဟုတ်ပဲ.. ကမ္ဘာလောက ကြီးကို အလင်းဆောင်ပေးနေတဲ့ နေမိမင်းကြီးရဲ့ သားတော် တပါးဖြစ်နေခဲ့ပြီး.. ဖခင်ရဲ့တာဝန်ကိုထာဝရလက်လွှဲပြောင်း ထမ်းဆောင်ရမဲ့သူတယောက်ဖြစ်တဲ့ အကြောင်း.. လိပ်ပြာလေးတွေရဲ့ ပြောစကား အရ သိသွား ခဲ့သတဲ့..
ဒါပေမဲ့လဲ.. သူ့ကိုပေးထားခဲ့တဲ့ကတိကို မင်းသားလေးမေ့မှာ မဟုတ်ဖူးဆိုတဲ့ယုံကြည်ချက်နဲ့.. မြစ်ကမ်းနဘေး ဆီ နေ့စဉ် နေ့စဉ် သွားရင်း... မနက်ခင်း နေထွက်တဲ့ အချိန်က စလို့.. နေ၀င်တဲ့ ထိ... ချစ်သူ နေမင်းရဲ့ မျက်နှာကို ငေးမော တမ်းတနေခဲ့ သတဲ့... နေရာကမထ . အလွမ်းတွေနဲ့ ငြိတွယ် နေသူလေးဟာ. .နောက်ဆုံးမတော့.. ခြေတွေလှုပ်မရဖြစ်လာခဲ့တယ်.. သူမလေးရဲ့ ခြေထောက်တွေဟာ ထူးဆန်းစွာ ပဲ အမြစ်လေး ဖြစ်နေခဲ့ပြီ တဲ့... နောက်တနေ့ မှာ တော့ မင်းသမီးလေးဟာ နေကြာပန်းလေး ဘ၀ ကို ရောက်နေခဲ့တော့တယ်....... သူ့ချစ်သူ နေမင်းသား ရဲ့ မျက်နှာ ကို တစိုက်မတ်မတ် နေထွက်က နေ၀င် တဲ့ထိ ကြည့်နေတာမို့... နေကြာပန်းတွေ ဟာ အမြဲတမ်းပဲ နေရှိရာကို မျက်နာမူ ထားသတဲ့......
..........................x..........x............x.............x................x..............................
ငယ်ငယ်က ရွှေသွေးမှာလာ တေဇ မှာလား မသိ ဖတ်ခဲ့ရပြီး အသက် ၆ နှစ် ၇ နှစ် မှာတောင် လွမ်းရကောင်းမှန်း သိနေခဲ့ရတဲ့ ပုံပြင်ကလေးပါ..။ နေကြာပန်းတွေ မြင်တိုင်း အဲဒီ ပုံပြင်လေး ကို အမြဲ သတိရနေခဲ့ပါတယ်..။ ဖတ်ဖူးခဲ့တဲ့ ပုံပြင်လေး ကို ကိုယ့်ဖာသာ တန်ဆာဆင် ပြီး ပြန်ချရေးကြည့်မိတာပါ..။ ဓါတ်ပုံတွေကတော့ ၂၀၀၉ နွေ ရာသီ တုန်းက မွေးရပ်မြေ ပြန်တုန်း က .. ဆွေမျိုးတွေ ရဲ့ လယ်ကွင်းထဲ လိုက်သွား ရင်းရလာတဲ့ ပုံတွေ ပါ...။ အဖူး မှ အငုံ အငုံ မှ အပွင့်.. အဆင့်ဆင့်ကို ကံကောင်းစွာနဲ့ ရခဲ့တာ ...
တချို့တွေက နေကြာ စိုက်မှ အနေကြာမှာ.. ဆိုလို့.. မစိုက်မနေရ .. စိုက်နေရတဲ့ နေကြာတွေ ..တဲ့....
တနေ့တနေ့ ရယ်နဲ့
တရွေ့ရွေ့ ကြာသထက်ကြာ
မယ့်ရင်ကို အပိုင်သိမ်းနိုင်ခဲ့
ချစ်ရသူ လူညိုနွဲ့ရယ်
ပေါ်မလာ ဆုံမှာဝေးတာမို့
ရွှေမျက်နှာ ငေးကာသာ မှန်းပါရ
လွမ်းအနာ ဒဏ်ရာတွေ အနန္တနဲ့.. ချစ်ပန်းနေကြာ..။
မမသီရိ
5 comments:
မသီရိရေ ၆ တန်းကတည်းက လွမ်းတတ်နေပီပေါ့ ဟုတ်လား တိုင်ပြောလိုက်မယ်နော် .... နေကြာတွေ ဆိုက်မှ အနေကြာမယ် ဆိုတာ ဟို ... အဏာရူးတွေ အလုပ်ပေါ့ ... အကုန်လုံးကို အဆိပ်ရေနဲ့ လောင်းပစ် လိုက်ခြင်တယ် ...
မမသီရိရေ ပို့စ်ဖတ်ရင်းနဲ့
ခြေထောက်တွေ ထိုင်ခုံနဲ့များ လိမ်ပတ်ပြီး အမြစ်တွေ ဖြစ်ကုန်ပြီလားလို့ ငုံ့ကြည့်ရတဲ့ အထိ
နေကြာစေ့တော့ကြိုက်တယ်... နေကြာပန်းလေးတွေလည်း လှတယ်...။ ပုံပြင်လေး ဖတ်လို့ကောင်းတယ် မမသီရိရေ...။
ခင်မင်တဲ့
နေ၀သန်
အဲဒီ ပုံပြင် ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ ပုံပြင်လေးကိုမှ နေကြာပန်းလေး ပွင့်လာပုံ အဆင့်ဆင့်နဲ့ အလှဆင်။ ကဗျာလေးနဲ့ပါ ပိတ်လိုက်သေးတယ် ..
ကိုင်း......ဒီတခါတော့ ပုံပြင်လေးပါလား..
Post a Comment