Friday, April 03, 2009

မမသီရိရဲ့ဝါသနာစစ်တမ်း

ဝါသန ဆိုတဲ့စကားလုံးလေးဟာ တကယ်တော့ ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်းနဲ့ အနီးစပ်ဆုံး စကားလုံးလေး ဖြစ်မယ်ထင်ပါရဲ့.. ကျမ ထင်တယ် ချစ်တယဆိုတဲ့စကားလုံးထက်တောင် လူတွေသုံးဖြစ်တယ်လို့..။ မောင်လေးမျိုးက သူ့ Tag စာရင်းထဲ ထည့်လာတဲ့အချိန် မသီတာကလဲ c-box မှာ မတိုးမကျယ်လေး လာအော်သွား တဲ့အချိန် ဒီ ၀ါသနာ ဆိုတဲ့ စကားလုံးလေးနဲ့ ကျမ ဘယ်လိုပတ်သက်နေသလဲ လို့ ပြန်လည်ဆန်းစစ်ဖို့ ဖြစ်လာ ပါတော့တယ်။

ဒီကမ္ဘာပေါ်က စကားပြောတတ်တဲ့လူသားတွေအားလုံး ဒီစကားလုံးကို မကြာခဏ အသုံးပြုဖြစ်ကြပါတယ်။ တချို့ဆိုအတော်လေးကို ဖောဖောသီသီ သုံးပစ်လိုက်ကြတာ..။ အဲဒါ ကျမ ဘယ်နားမှာ သွားတွေ့လဲဆိုတော့.. အလုပ်လာလျှောက်ကြတဲ့ မြန်မာပြည်ထဲကလူငယ်လေးတွေအချို့ပါ။ ဒီအလုပ်ဘာလို့လျှောက်တာလဲ လို့မေး လိုက်ပြီဆိုရင် ၀ါသနာပါလို့ ဆိုပြီး မဆိုင်းမတွ ပြန်ဖြေတတ်ကြတယ်။ ဘာလို့ ၀ါသနာပါတာလဲ.. ဘယ်လောက်ထိ ပါတာလဲလို့ပြန်မေးပြီဆိုရင်.. အများစုက ပြန်မဖြေနိုင်ကြတော့ပါဘူး.။ ဘာလို့ လဲဆိုတော့ သူတို့ဆိုလိုတဲ့ ၀ါသနာ ဆိုတာက သူတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးကိုပဲပြောတာမို့.. သူ့တို့စိတ်ဝင်စားမှုကို ဆိုလိုချင်တာမို့ပါ.. ကိုယ့်မြန်မာတွေချည်းပဲလုပ်တဲ့အင်တာဗျူးမျိုးဆိုမထောင်းသာလှပေမဲ့.. နိုင်ငံခြားသား ၀န်ထမ်းအရာရှိတွေပါ ထိုင်တဲ့ အင်တာဗျူးတွေမှာတော့ ဇာတ်လမ်းက ရှုပ်ကုန်ရော.. နောက်တော့ ကျမလူလည်ကျတတ်သွားခဲ့ပြီးမှ နဲနဲသက်သာရာရခဲ့တော့တာ.. အခြေအနေကြည့်ပြီး ..အလုပ်လျှောက်သူလေး တွေက ၀ါသနာလို့ ပြောလာရင်ကျမ Hobby အစား Interest လို့ ပြန်လိုက်တော့ အေးရော..း)။ တကယ်တော့ အဲဒီအဓိပါယ်ကလဲ မမှားပါဘူး။ အကုန်လုံးအတွက် အဆင်ပြေအောင်ပြောတာမို့.. ကျမ ငရဲကြီးမယ်တော့ မထင်..း)။ ကျမတို့တွေအားလုံး အကြိမ်တော်တော် များများမှာ ကိုယ်ဖြစ်လိုတဲ့ဆန္ဒတွေ၊ စိတ်ဝင်စား တဲ့အကြောင်းအရာတွေကို ၀ါသနာ လို့ ပဲ သိမ်းကြုံးပြီးပြောဖြစ်ကြတာကို...။

မြန်မာစာ အဘိဓါန်ကျမ်းစာအုပ်ထဲမှာ ၀ါသနာ = စွဲမြဲနေသောအလေ့အကျင့် လို့ အဓိပါယ်ဖွင့်ပါတယ်။
မြန်မာ-အင်္ဂလိပ် အဘိဓါန်မှာ ၀ါသနာ = Interest; natural bent; hobby လို့ အနက်ရှိပြီး
အင်္ဂလိပ်- မြန်မာအဘိဓါန်ထဲမှာတော့ Interest = 3. ၀ါသနာ၊ စိတ်ဝင်စား-စိတ်ပါသောအရာ
Hobby =Interesting occupation, not one's regular business, for one's leisure time. ၀ါသနာပါရာ အလုပ် လို့တွေ့ရပါတယ်။
အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်ထဲကျတော့ Hobby = an activity which someone does for pleasure when they are not working:

ဒီအဓိပါယ်ဖွင့်ဆိုချက်လေးတွေ ကိုကြည့်မယ်ဆိုရင်.. ၀ါသနာ ဆိုတာ မိမိဆန္ဒရှိတဲ့၊ စိတ်ဝင်စားတဲ့ တစုံတခုကို စွဲစွဲ မြဲမြဲ ဆက်လက်လုပ်ဆောင်နေတဲ့ အပြုအမူ တစ်ခုလို့ ကျမ အတွက် အဓိပါယ် ဖွင့်ချင်ပါတယ်..

ကျမ က ဟိုစပ်စပ် ဒီစပ်စပ် သမား မို့ ငယ်ငယ်ထဲက ခုချိန် ထိ စွဲမြဲနေတဲ့ အလေ့အကျင့်လေးပေါင်း မြောက်များစွာ ရှိပါတယ် ။ အဲဒီထဲက နေ့စဉ်နီးပါး ထိစပ်နေတဲ့ ၀ါသနာများ ကို.. ဦးစားပေး အစဉ်လိုက်တိုင်း ကြည့်ပါရစေ နော်..
  1. အလှပြင်ခြင်း
  2. အလွန်အမင်းစိတ်ကူးယဉ်ခြင်း
  3. ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
  4. စာဖတ်ခြင်း
  5. မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
  6. ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
  7. အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
  8. လက္ခဏာဆန်းစစ်ခြင်း
  9. ကလေးထိန်းခြင်း
  10. ဆရာလုပ်ခြင်း
တလက်စထဲ..မတီးပဲမြည်တတ်တဲ့စည်ကလေးက ဘယ်လိုဝါသနာပါတာလဲလို့ အကျယ်ဖွင့်ချင်ပါသေးတယ် နော် .. မျက်စိညောင်းပေမဲ့.. သီးခံပြီး ဖတ်ကြည့်ကြပါအုံး..။

၁။ အလှပြင်ခြင်း
လူတိုင်းအလှပြင်တယ်ဆိုပေမဲ့.. ကျမလိုဂုဏ်ထူးဆောင်ဘွဲ့ရတဲ့ထိတော့ ရူးကြမယ်မထင်..း).. ကျမက ဘိလပ်မှန်ကွဲလေးလေ..း)။ ကိုယ်ကိုတိုင်ပြင်တာတင်မဟုတ် ကျမနဲ့ နီးစပ်သူတိုင်းကို အလှပြင်စေချင်တာ၊ လှပစေချင်မိတာလဲ ကျမရဲ့ဝါသနာတခု။ တွေ့တဲ့ လူတိုင်းနီးပါးကို ကျမရဲ့ အလှပြင်ခြင်းတရားဟောတတ် သေးရဲ့၊ အချက် (၅) ချက်နဲ့ ပြည့်စုံသူ မဟုတ်ဖူးဆိုရင် ဘယ်သူမှ အလှမပြင်နိုင်.ဆိုတာကျမရဲ့ လက်သုံစကား.။ အဲဒီ အချက်တွေက တော့ (၁) စိတ်၏ကျန်းမာရေး၊ ကိုယ်၏ကျန်းမာရေးနှင့်ပြည့်စုံခြင်း။ (၂) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်သော နေရာဒေသဖြစ်ခြင်း၊ (၃) သင့်တင့်လျောက်ပတ်တဲ့ ၀င်ငွေ ရှိခြင်း၊ (၄) သင့်တင့်လျော်ကန်သော အသက်အရွယ်နှင့် လိုက်ဖက်ခြင်း (၅) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ ဖြစ်ခြင်း.. တို့ ပါပဲ၊ ဒီအချက်တွေ ထဲ တခုခု လျော့ နေမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အလှပြင်မှု နဲ့ လှပမှုမဖြစ်နိုင်ပါဘူး..။ ဒီသဘောတရား လက်ကိုင်ထားတဲ့ ကျမကတော့.. ငယ်ငယ်ထဲ က ကြိုက်လိုက်တဲ့ မှန်..ပြင်လိုက်တဲ့ အလှ ၀ါသနာ.. ခုလဲ အလုပ်စားပွဲပေါ်မှာ တောင် မှန်ဝိုင်းလေးထောင်လို့...း)။


၂။ အလွန် အမင်းစိတ်ကူးယဉ်ခြင်း
စိတ်ကူးယဉ်ရတာ ကျမ အင်မတန်ကြိုက်ပါတယ်၊ အချိန်အားတိုင်းမှာ တကိုယ်တည်းပဲ ဖြစ်ဖြစ်၊ လူတွေ ကြားထဲမှာပဲဖြစ်ဖြစ် ကျမရဲ့စိတ်ကူးတောင်ပံလေးတွေက တဖျတ်ဖျတ်လှုပ်ခတ်လို့ စိတ်ကူးနဲ့ မျောနေတတ်တာ ကျမရဲ့ နောက်ဝါသနာတခုပါ.. စိတ်ကူးယဉ်တဲ့အကြောင်းအရာတွေ က အသက်အရွယ်ကိုလိုက်ပြီးပြောင်းလဲ ခဲ့ပေမဲ့.. စိတ်ကူးယဉ်တတ်တာကတော့.. ငယ်ငယ် က ခု ချိန်ထိ မပျောက် နိုင်သေး..။ ငယ်ငယ်တုန်းက ယဉ်ခဲ့တဲ့ စိတ်ကူးတွေ.. ၀ိုင်းမရီကြဘူးဆိုရင်ပြောပြချင်သေးရဲ့..။ ကျမရဲ့စိတ်ကူးထဲမှာ ကျမက..ကမ္ဘာ့နက္ခတ္တ ရူပဗေဒပညာရှင်.. နေ၊ ကြယ် နဲ့ စကြာဝဠာကို ကျမ စိတ်ဝင်စားတာကိုး။ ချူအင်လိုင်း နဲ့ ဟင်နရီကစ်ဆင်ဂျားကို ဖတ်ပြီး နိုင်ငံ့ခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတာ..စိတ်ကူးထဲမှာ ကျမလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေက မနည်းမနော.း)..။ တခါတလေမှာတော့ ကျမ က စင်ဒရဲလား မင်းသမီးလေးဖြစ်လိုက်.. စနိုးဝှိုက်မင်းသမီးလေး ဖြစ်လိုက်နဲ့.. တနေ့နေ့ မှာ ကိုယ့်ကို အရမ်းချစ်တဲ့ မင်းသားလေး တပါးပါးနဲ့ တွေ့တဲ့အကြောင်းလေး ကလဲ စိတ်ကူယဉ်လို့ကောင်းသလား မမေးပါနဲ့....။ ဒါပေမဲ့...... အရွယ်လေးရလာခဲ့တဲ့နောက်မှာတော့.. ကျမရဲ့ စိတ်ကူးယဉ်ခြင်းတွေက ပြောင်းလဲခဲ့ပါတယ်..ခုတလောယဉ်နေမိတဲ့ စိတ်ကူးတွေက.. ကမ္ဘာတပတ် ခရီးထွက် ပြီး.. ဗင်းနစ်မြို့ရဲ့ တူးမြောင်းထဲ လှေစီးနေတတ်သလို.. ဖူဂျီတောင်ထိပ်ပေါ်က နေထွက်တာလဲ တက်ကြည့်မိရဲ့.. အီဖယ်မျှော်စင်ကြီးပေါ်က ရှူမျှော်ခင်းကို အိပ်မက်နေမိသလို.. ဆိုးလ်ရဲ့ ညရှူခင်းကလဲ မျက်စိထဲက မထွက်.. မြောက်ဝင်ရိုးစွန်းက ပိုလာဝက်ဝံကြီးတွေဆီ ရောက်သွားတတ်သလို့.. အီကွေတာနားက.. တောတွင်းလူသား တွေနဲ့ စကားစမြည်ပြောခါ ပြောဖြစ်လို့... .။

၃။ ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
ငယ်ငယ်တုန်းက တချို့တွေ ရဲ့ မေးငေါ့ခြင်း ခံခဲ့ရတဲ့ ဒီဝါသနာကတော့ ခုချိန်မှာ ကိုယ့်ရဲ့ အလုပ်နဲ့ အံဝင်ဂွင်ကျ ဖြစ်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရတာ ၀ါသနာပါသူ ကျမအတွက်..ခု လက်ရှိအနေအထားလေး က အတော်ဟန်ကျတယ်ပြောရမှာပါ.. ၀င်ငွေ၊ စီးပွားရေးအရ တွက်ခြေမကိုက်ပေမဲ့.. ကျမဘ၀ကို ကျမပျော်ရွှင် ကျေနပ်နေမိပါတယ်။

၎။ စာဖတ်ခြင်း
စာတတ်တဲ့လူအတော်များများက စာဖတ်ခြင်းကိုဝါသနာပါတယ်လို့ ပြောကြတယ်.. ဘယ်လောက်ထိလဲလို့ ကျမ မမှန်းတတ်ပေမဲ့.. ကျမကတော့.. လရောင်နဲ့ ဖတ်ခဲ့ဖူးတာနော်..း)။ အသက် ၅ နှစ် အရွယ် ပထမတန်းဖြေပြီးတဲ့ နှစ်မှာ ကျမဖတ်ခဲ့တဲ့ စာအုပ်က ခုထိ အမည်မှတ်မိနေတုန်း.. ဓူဝံရဲ့ မိုးကြယ်မို့လား တဲ့.. ဦးလေးတယောက် ယူလာတာကို မပြီးမချင်း ၂ ရက် ၃ ရက် ဆက်ဖတ်ခဲ့တာ။ အသက် ၉ နှစ် ၁၀ နှစ်မှာ တော့.. အဲဒီခေတ်က ၀တ္တုတွေ စွဲစွဲ မြဲမြဲ ဖတ်တတ်နေခဲ့ပြီ.. ကလျာ၊ မအေးလေး၊ တင်မြင့်၊ မိုးမိုး (အင်းလျား)၊ မောင်သာပြည့်၊ မောင်သာရ၊ လူကြီးတွေမသိအောင် ညဖက် လရောင်နဲ့ ခိုးဖတ်ခဲ့တာမျိုး..။ နောက်ပိုင်း ဖတ်ခဲ့တာတွေ က တော့..အများကြီးပါပဲ.. လောလော ဆယ် ရော လို့ မေးရင်.. ဘလော့တွေ လျှောက်ဖတ်နေပါတယ်..း)။

၅။ မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
အဲဒါတော့ အတော်ဆိုးတယ်... အိမ်မှာ အရမ်း ရှုပ်သမို့.. အတူနေသူတွေဆီ မကြာခဏ ကွန်ပလိန့် လုပ်ခံ ရပေါ့..း)။ ဒါပေမဲ့ ၀ါသနာ ..ဖျာကာလို့ မရ.. ကျမကတော့ ဆက်သိမ်းဆဲ.. တနေရာက တနေရာ ပြောင်းတော့ ဘယ်လိုမှ မသယ်နိုင်တဲ့ ခါမျိုး မှ.. နှမျော တ.. သ .. စွာ.. သံယောဇဉ် ဖြတ်ရတဲ့ အမျိုး..။

၆။ ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
ဒီဝါသနာကလဲ ငယ်ငယ်ထဲက ခုထိ.. ရှိနေသေး..။ ဖိနပ်လှလှ မြင်ရင် ဘယ်လိုမှ မနေနိုင်မထိုင်နိုင် လိုချင်မိတာ က..။ မတတ်နိုင် တတ်နိုင်သလောက် ကျန်တာ ခြိုးခြံပြီးတော့ ဖိနပ်တွေ ၀ယ်ဖြစ်တာ။ မကောင်းမှန်းသိပေမဲ့ ခုထိ မစွန့်နိုင်တဲ့ ၀ါသနာပါပဲ..။ အီမဲလ်ဒါ မာကို့စ် ကို ဆို အားကျမိတာ မပြောနဲ့။ တခါ တခါ စိတ်ကူးယဉ်တဲ့ အထဲ.. တကယ်လို့ များ ဘီလ်ဂိတ်က လာပြီး မျက်စိ ကျလို့ ရှိရင်ကောင်းမှာ ပဲ လို့.. :P... ဖိနပ်တွေ စိတ်ရှိ လက်ရှိ ၀ယ်ပစ်လိုက်မှာ..း)

၇။ အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
အသက် ၇ နှစ်လောက်မှာ အဒေါ့် စက် ကို မမီ တမီ တက်ချုပ် ခဲ့တယ်.. ၂ တန်းလောက် ကပဲ ကိုယ့် အကျီင်္ ချုပ်တော့မယ် ဆို. .စက်ချုပ်ဆရာမ အိမ်ကိုယ်တိုင် လိုက်ပြီး ကိုယ် လိုချင်တဲ့ ပုံ ပြောပြ ခဲ့တာမျိုး။ ဒီဝါသနာကလဲ.. ကျမအတွက် အကျိုး ပြု ခဲ့တဲ့ ၀ါသနာ တခုပါ.. ပြန်လည် ထူထောင်ရေး လုပ်ငန်းခွင် တခု မှာ အလုပ်ဝင်လုပ်တော့ ဂျပန်ဒီဇိုင်နာတယောက် နဲ့ ၁ နှစ်ကျော် အနီးကပ် နေပြီး လေ့လာ သင်ယူခွင့် ရခဲ့တဲ့ အပြင် ၆ နှစ်ကျော်လောက် ဂျပန် အပျော်တန်း ဒီဇိုင်းထုတ်လုပ်သူတွေ၊ Pattern maker တွေ နဲ့ အခြားအထည် အ၀တ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ နဲ့ ပါရင်းနှီးဆက်ဆံထိတွေ့ခွင့် ရတဲ့ အတွက်.. တကဲ့ ကို အဖိုးမဖြတ်နိုင်တဲ့ အပြင်.. ကျမရဲ့ ၀ါသနာ မျိုးစေ့လေး ဆက်လက်ရှင်သန်ခွင့် ရခဲ့ပြီး .. ခုထိ ကိုယ့်အ၀တ်အစား ကိုယ်တိုင်ဒီဇိုင်းဆွဲ ကိုယ်တိုင် ချုပ်ပါတယ်..။

၈။ လက္ခဏာဆန်းစစ်ခြင်း
ကျမ၀ါသနာပါခဲ့ တာ အတော်ကြာခဲ့ပါပြီ.. နှစ်ပေါင်း အတော်ကြာ self study လုပ်ခဲ့ပါတယ်..။ လူတွေနဲ့ တွေ့ ရင်.. လက်ကို ပဲ အရင် ကြည့်ဖြစ်တာမျိုး.. စိတ်ထဲ က ဒီလက်ပိုင်ရှင် က ဘယ်လို လူမျိုး ဖြစ်နိုင်လဲ လို့ ကြည့်ရင်း တွေးနေတတ်တာ..။
နိုင်ငံကျော် လက္ခဏာဆရာကြီး တဦးထံမှာမမျှော်လင့်ပဲတပည့်ခံခွင့်ရခဲ့တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုရှိခဲ့ပြီး ဒီဝါသနာ မျိုးစေ့ကို အခြေခံလို့ အချိန် ကာလတခု မှာ .. အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်..


၉။ ကလေးထိန်းခြင်း
တွေ့သမျှကလေး ကောက်ချီတတ်တာမို့ အသက် ၂၀ လောက် ကတည်းက ကလေးအမေ ထင်ခံရတာ မဆန်းတော့..း)။ ငယ်ငယ် တုန်းကလဲ အိမ်နီး အိမ်နား ကလေးမှန်သမျှ.. ကလေးထိန်းမလိုအောင် ကျမ ထိန်းပေး တတ်တာ ။ ကျမ ဘယ်သွား သွား.. ကျမ နား ကလေးတွေ အမြဲ ၀ိုင်းအုံ လို့... ဒီဝါသနာကလဲ ခုတော့ လုပ်ငန်းခွင် မှာ အံဝင် ဂွင်ကျ..။

၁၀။ ဆရာလုပ်ခြင်း
ဒီတခု လဲ အတော် ဆိုးရွားတဲ့ ၀ါသနာ..ဒါပေမဲ့ မဖျောက်နိုင်သေးတာမို့.. လူတကာဆီ အမြင်ကပ်ခံရတာ ခဏ ခဏ.. ...အလုပ်နဲ့ ၀ါသနာ ထပ်တူကျနေလို့ တော်သေး..။


အားနာလိုက်တာ...မျက်စိတွေ အတော်ညောင်းသွားလောက်ကြပြီ.. အားနာလို့ဒီလောက်နဲ့ပဲ နားပါရစေ..နော်..း)
ရေးရအုံးမယ် ဆို .. ကျန်ပါသေး ရဲ့..း). ကျမ က ဟိုစပ်စပ် ဒီစပ်စပ်လေ...။

ကဲ မောင်လေးမျိုးနဲ့ မသီတာရေ.. Tag မိတာ မှားလေခြင်းလို့များ တွေးနေမိကြပြီလား...။

မမသီရိ

17 comments:

sonata-cantata said...

မမသီရိ ၀ါသနာစစ်တမ်းကို ဖတ်ရတာ ဦးတည်ရာ တခုကို သွားနေတဲ့ အမျိုးသမီးတယောက်ရဲ့ Images တွေကို ရိုက်ထားတဲ့ biography တခုကို ကြည့်ရသလိုပဲ
ကျေးဇူး အထူးပါ မမသီရိ

စိတ်စမ်းရေ said...

မမရဲ့ ဝါသနာတွေကို တဝကြီးဖတ်သွားပါတယ်...း)

Moe Cho Thinn said...

မမနဲ့ နေချင်တယ်။ လှလှပြင်ပေးပါ..
စာအတူ ခေါင်းချင်းဆိုင် ဖတ်ပြီး လူမှုရေး လုပ်ငန်း အတူ လုပ်ချင်လို့ပါ။
ဖိနပ်ကတော့ မမ၀ယ်ထားတဲ့ဟာတွေ ထိုးစီးသွားမယ် :D

လင်းဒီပ said...

လက္ခဏာ လာကြည့်ရင် ကောင်းမလား မသိဘူး...။:P

Kay said...

ခုတလော ကိုယ်လို လေဒီများ ရဲ့ ၀ါသနာတွေကို လိုက်ချောင်းပြီး..ဘာတွေများတူလဲ လိုက်စပ်စုနေတာ။
မိန်းမတွေ အားလုံးကတော့.. အနဲနဲ့အများ တူကြမှာပါ။
အနဲဆုံးတော့ ၁ချက်တော့ တူမှာပဲ။
အလှပြင်တာလေ..း)

အခု မမသီရိ ဆီမှာ ၄ နဲ့ ၇ လည်း ကျမ နဲ့ တူတယ်။

ဆောင်းယွန်းလ said...

လက္ခဏာကြည့်ပေးပါ ဆရာမမမလှလှရေ....
မသီရိရဲ့ ဝါသနာတွေကတော့အံ့မခန်းပဲ
၇နှစိသမီးလောက်ကတည်းက စက်တက်ချုပ်ပြီး
၅နှစ်သမီးကတည်းက စာဖတ်တာဝါသနာပါတယ်ဆိုတော့
ကျနော်တို့လိုက်လို့မမီတော့ဘူးဗျာ...

ရွှင်လန်းပါစေဗျာ...

မောင်မျိုး said...

ဟိဟိ...မမ ၀ါသနာတွေက များင်္ကြီးပဲ တဂ်လိုက်တာ တော်တော် အကျိုးရှိသွားတယ် မမအကြောင်း အများကြီးပိုသိလိုက်ရလို့ အလှပြင်တာ ၀ါသနာပါတာတော့ သိပြီး၂ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွားငှားကျောင်းတာဆိုတော့ ရယ်လိုက်ရတာ အဲ့လိုလည်းဖြစ်သားပဲး) ။ မမ တကယ်ခလေးထိန်းပေးမလား ကျနော့်အလှည့်ကျလည်းထိန်းပေးမယ် မမသာထိန်းပေးရင်တော့ ခလေးက လိမ္မာပြီးထက်မြက်မှာ သေချာတယ် ။ ရေးပေးတာကျေးဇူးဗျို့ တကယ်ကိုဖတ်လို့ကောင်းတယ် ။

မေ့သမီး said...

မမရေ ၁၊ ၅၊ ၇ကလွဲရင် ကျန်တဲ့ဝါသနာတွေတူတယ်။ ၉ကတော့ ခဏပဲစိတ်ပါတယ်။ အကြာကြီးစိတ်မရှည်ဘူး။ ၁၀ကလေ သူများကို ဆရာလုပ်ချင်တာ။ ဆရာအလုပ်ကိုဝါသနာပါတာမဟုတ်ဘူး။ :P

မမသီရိ said...

မသီတာရေ.. ဒီလောက်လဲ မဟုတ်သေးပါဘူးနော်

စိတ်စမ်းရေ.. ကျေးဇူးပါ

ညီမချိုသင်း.. ဟုတ်မှလဲ လုပ်ပါကွယ်.. ကိုကျော်ဝဏ ကိုခွဲနိုင်လို့လား..း)

မောင်လေးလင်းဒီပ.. .. ကြည့်ပေးလို့ ရပါတယ်.. လက်ဝါးဖြုတ်ပို့လိုက်ပါ..း)

ကေ ရေ.. အမှန်ပဲပေါ့.. အနည်းနဲ့အများ တူကြမှာပဲ

ကိုဆောင်ယွန်း... အထင်သိပ်မကြီးနဲ့.. ပြောပြီးသားး ဟိုစပ်စပ်ဒီစပ်စပ်မို့ ခုထိ ဟိုမရောက် ဒီမရောက်.. စာကတော့ ၅ နှစ်မှာ ၀တ္တု အထူတွေ စဖတ်တာ အမှန်.. ကျမ ဦးလေ ၀မ်းကွဲတွေ က စာ အရမ်းဖတ်သူတွေ.. ပြီးတော့ ကျမက အသက် ၄ နှစ် ၃ လ မှာ ၁ တန်းရောက်နေခဲ့တာကိုး..
အသက် ၇ နှစ်မှာ အပ်ချုပ်တာမဟုတ်ဖူး.. ၀ါသနာပါလွန်းလို့ အပ်ချဲပ်စက် တက်နင်းတာပါ.. ရ တန်းလောက် ရောက်မှ သေချာ ချုပ်တတ်တာ

မောင်လေးမျိုး.. ကလေးထိန်းပေးပါ့မယ်... မိန်းမ ရအောင်ရှာယူဖို့ ကမောင်လေး အရင် လုပ်ရမဲ့ အလုပ်လေကွာ..း)

မေ့သမီးလေး... မမ ကတော့.. သူများကိုလဲ ဆရာလုပ်တယ်.. သင်ပြ ဖို့လဲ ၀ါသနာ ထုံတယ်..း)

ကောင်းကင်ပြာ said...

ရေးတတ်တဲ့ မမ၊ ဖတ်လို့ကောင်းလိုက်တာ၊ အဲလိုတွေကြောင့် ချစ်ရတာ၊ စာအများကြီးရေးထားတာ ကို မညောင်းပဲ ဖတ်သွားတယ် မမ

ပြည့်စုံ said...

သိကုန်ပြီနော်...

မညာရတော့ဘူးနော်..

ဟဲဟဲ... ပျော်ရွှင်ပါစေ မမသီရိ....

နေ့သစ်တွေတိုင်းမှာလှပပျော်ရွှင်ပါစေဗျာ...

Welcome said...

အစ်မရဲ့ ၀ါသနာ ပါတာတွေကို တလေးတစား ဖတ်သွား ကြောင်းပါ။

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

----- Jennifer ----- said...

ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.

BLACK DREAM said...

ဝါသနာတွေကလည်း များလှချည်လား အစ်မရယ်...။ :D ဟီး ဟီး

မိုးခါး said...

မမသီရိရေ လက်ဝါးဖြုတ်ပြီး ပို့ပေးလိုက်မယ် .. ကြည့်ပေးနော် .. :D တွေ့ရင်အလှလည်းပြင်ပေးဦး :)

အောင်သာငယ် said...

ဝါသနာတွေ များလှချည်လားကွယ့်...
ဝါသနာ(၁၀) အရဆိုရင် ဝေးဝေးလစ်မှပဲထင်တယ်...း)

မမသီရိ said...

ညီမလေး ကောင်းကင်... ညီမလေးကတော့ မမ ကို ချစ်တယ်ပြောလာပြန်ပြီ.. ဘာညာခိုင်းအုံးမလို့လဲ...း)

ကိဲုပည့်စုံ... မညာတော့ပါဘူး...း)

ကိုဝင်းဇော်... Thanks

Jennifer... အမ ကို မမွေးစားချင်ဘူးလားကွဲ့...း)

Black Dream: အဲဒါ Top 10 ပဲ ရှိသေးတာ မောင်လေး ရဲ့... Top 20 ရေးလို့ ရသေးတယ်..း)

မိုးခါးလေး... လက်ကလေးပို့လိုက်လေ... တွေ့ ရင် အလှပြင်ပေးမှာပေါ့.. စိတ်ချ...း)

အကိုလေး (အောင်သာငယ်)... Top 20 မရေးတာ ကျေးဇူးတင်ပါ အကိုလေး..း) ကြောက်ရင် ဝေးဝေးမှာပဲ နေပါး).. ကိုယ့်ညီမ အကြောင်း မေ့နေ ပြီ လား..း)