နွေမှာ ခူးလို့ ရနိုင်မည့်..
ပန်းများ အဖူး စုံသည့်အခိုက်..
ရူးသည်ဟု မဆိုသာ သော်လည်း..
မြူးမြူးကြွကြွ.. လေပြေတို့၏ နောက်တွင်..
နွေဦး သည် ထပ်ချပ်မခွာ.. လိုက်ပါ လာခဲ့ပြီ...
စမ်းချောင်းတို့ ရေအလျှင် သည်
နှေးကွေးခြင်းဖြင့် ၄င်း..
ဖြူဖြူ လွလွ တိမ်စိုင်များသည်..
တကွဲတပြား ကစဥ့်ကလျားမှသည်..
အုပ်စု ဖွဲံ့လာခြင်းဖြင့် ၄င်း..
သာရကာကျေးငှက်အပေါင်းသည်
ငြိမ့်ညောင်းသော တေးသွားတို့ဖြင့် မြူးတူး၍၄င်း..
လည်ချင်းယှက် ကယုကယင်.. ခွန်းတုံ့တင်၍၄င်း..
အနီရောင်... ကသစ်ပန်း ပေါက်ပန်း တို့သည်..
ရဲရဲတောက် စွေးစွေး နီခြင်းဖြင့် ၄င်း..
ကံ့ကော်ဝတ်မှုန် ထုံထုံ သင်းတို့သည်..
ဥသြငှက် ငယ်အား မြူဆွယ် ကလူခြင်းအားဖြင့် ၄င်း..
နေ့လည် နေ့ခင်း တို့၏ နွေးထွေးခြင်းသည်..
ည၏ အေးစိမ့်ခြင်းအားဖြင့် သရုပ်ပေါ်လွင်စေ၍၄င်း..
စိမ်းခဲ့ ပြာခဲ့သော..တောင်ကြားချိုင့်ဝှမ်း တှိုသည်..
ညိုရောင် .. ရွှေရောင်.. ကူးပြောင်း ဟန်ဆောင်ခြင်းဖြင့် ၄င်း..
အုံအုံ့ဆိုင်းဆိုင်း မှိုင်းချင်တိုင်း မှိုင်းခဲ့သည့်..
ပိတောက်ရိပ် အုပ်အုပ် တို့သည်..
စင်စင်ပါ အောင် သူ့ အရွက်များအား..
သွက်သွက်ခါ အောင် လှုပ် ချခြင်းဖြင့် ၄င်း..
အဖုံဖုံ အမျိုးမျိုး .. မရိုးနိုင်ဖွယ်..
ယက်ယှယ် .. ကြိုဆို ကြလေပြီ...
ပန်းချီကျော် မမီ နိုင်သော...
ကဗျာစီလျှင် မပီနိုင်သော....
လွမ်းမောဖွယ်ရာ.. တီတျာ ညိုလဲ့...
နွဲ့နွဲ့ လျလျ မာယာရှင်..
ရာသီများ ၏ သခင်မ .. သည်...
နှင်းကြွင်း မှုန်မှုန်တို့ကြား... အသာ အယာ..
တိုးခွဲ ချင်း နင်း.. တစ်လှမ်းချင်း လှမ်း.. ၀င်... ညင်သာ လိုက်သည် ဖြစ် ခြင်း....။
မမသီရိ
၅ မတ် ၂၀၁၂ (11:45 pm)