Tuesday, May 21, 2013

မနော်ဟရီ ရဲ့ ၂၀၁၀ ( ကျမ အတွက်တော့ ၂၀၁၃)

 
 
၂၀၁၀

ကိုယ့်စိတ်ကိုယ်ပြန်မြင်ကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ ကြည့်လို့မကောင်းဘူး
သုံးချက်ခေါက်လိုက်တဲ့ တုံးမောင်းသံက ခေတ်ဟောင်းအဖြူအမည်းကား နည်းနည်းဆန်တယ်
အဲဒီ ၂၀၁၀ တေးသွားက အဆုံးမှာတောင် မလိုအပ်ပဲ တယောသံခပ်များများနဲ့ .. အီဆွဲနေလိုက်တာ
ပြုတ်ကျအောင် ဖြုတ်မချနိုင်ခဲ့တဲ့ အဲဒီ ဂီတက ရင်နင့်မကျန်ခဲ့တာ ဆန်းသလား ………..

ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..
လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်
ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား
ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ …

တစ်နေ့တစ်နေ့ ကောင်းကင်ဆန်ပြရတာ မောပန်းပြာနှမ်း လာတယ်
( မြက်ခင်းစိမ်းစိမ်းတွေမှာက လူတွေအပြည့်နဲ့ )
မြေပေါ်မှာ လဲလျောင်းခွင့်ရနေရင် ဒိထက်ပို ပြုတ်ကျစရာ ဒါဏ်ရာရစရာ ဘယ်မှာရှိတော့မလဲ …
သာသာယာယာရှိနေတဲ့ မြစ်ကမ်းအရောက်မှာမှ ကမ်းပါးထိပ်က ခုန်ချပစ်လိုက်ရတဲ့ ဇာတ်ညွှန်း ..
တဆိတ်တော့ .. လွန်လွန်းနေပြီ …ထင်တယ်

ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် မှတ်လောက်သားလောက်အောင် ဒါဏ်ခတ်မှ ဖြစ်တော့မယ်
ကိုယ့်ကိုယ်ကို ဆုံးမရတာ ဘယ်လောက်ခက်ခဲပင်ပမ်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ ..
ကိုယ့်ခေါင်းကိုယ် ဘယ်အတိုင်းအတာထိ မာရေကြောရေ ရှိတယ် ဆိုတာလည်း ကိုယ်တိုင်ပဲသိတာ..
ကိုယ့်နားထင် ကိုယ်သေနတ်နဲ့ ထောက်ပြီးကာမှ ပစ်ရခက်နေတတ်တာကလည်း သဘာဝပဲမဟုတ်လား …

တကယ်ဆို အဲဒီလို ပြန်မြင်ကြည့်ဖို့ မရည်ရွယ်ပါဘူး ကိုယ့်ဇာတ်ရုပ်လည်း ကိုယ်သိနေလျက်နဲ့ အပိုတွေ ..
ကျိမ်စာတွေ ဗလုံးဗထွေးနဲ့ ဝေးပြီးရင်း ဝေးနေရတဲ့ နံနက်ခင်းတွေက အဓိက ဇာတ်ကွက်လို ထပ်ထပ်လာ
ခုကျမှတော့ ဆေးစပ်လည်းမှား အရောင်လည်း မမှန်တဲ့အကြောင်း ဘာကြောင့်ချူပ်ကြောင်းထပ်ပြောနေမလဲ
အဲဒီလို လွင့်မျောရမယ်မှန်းသိရင် အစတည်းက မိုးတိမ်တစ်ခုအဖြစ်ပဲ ရွာချပစ်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ..

မနော်ဟရီ
 
 
Note: ကျမရဲ့ ကိုယ်ပိုင်ဘလော့လေးမှာ သူတစ်ပါး ကဗျာဆိုလို့ ရာဘင်ဲဒာနတ်တဂိုး ကဗျာ ဘာသာပြန် ပို့စ် တစ်ခုထဲသာ တင်ဖူးပါတယ်.. . ၂၀၁၀ တုန်းက ရေးထားခဲ့တဲ့ မနော်ဟရီ ရဲ့ ကဗျာ .. အဲဒီတုန်းက အမှုမဲ့ အမှတ်မဲ့.. ဖတ်ဖြစ်ရုံလေး ဖတ်ခဲ့ ပေမဲ့.. သူ့ ဖေ့ဘုတ်စာမျက်နှာပေါ် မှာ ဒီနေ့ ပြန်တင်လာတာ တွေ့ပြီး ပြန်ဖတ်ရတော့ ရင် ကို စူးရှတဲ့ မြှား တစ်စင်း လာမှန်သလို ခံစား ရပြီး.. ကျမ ကိုယ် ကျမ အဲဒီ မှာ ပြန်မြင်နေခဲ့ရတယ် .. ကျမ က အဲ ဒီ ကဗျာထဲ ရောက်သွားပြီး.. ပြန်ထွက် ဖို့ မကြိုးစားချင်လောက်အောင် ငြိတွယ်မိတာမို့ .. ကျမ ရဲ့ သူများ ကဗျာ မတင်ဘူး ဆိုတဲ့ အစဉ်အလာ ကို ကိုယ့်ဖာသာ ချိုးဖောက်လို့ .. သိမ်းထားချင်တဲ့ အကြောင်း ကဗျာဆရာမလေး မနော် ဆီ ခွင့်တောင်းပြီး ပြန်လည် ဖော်ပြလိုက်ပါတယ်.. ကဗျာ ပြန်လည် တင်ပြ ခွင့် တဲ့ မနော် ကို ကျေးဇူးကမ္ဘာ ပါ....။
 
အားလုံးကို ချစ်ခင်လေးစားတဲ့
 
မမသီရိ
၂၁ မေ ၂၀၁၃
 

Thursday, May 16, 2013

....

 ၁ ၆ ၆ ၈ ၇ ...အဲ သလောက် ထူ တဲ့ စာမျက်နှာ..
လှန်လှော ခဲ့ တဲ့.. ကာ လ က တကယ်ဆို...  ကြာ ရော ကြာ လို့ လား..
အမှောင်ဆုံး ၇၈ နေ့
အမှောင်ဆုံး ၇၈ ည..
ဖြတ်ကျော်လာ ရပြီး တဲ့ နောက်....
နောက်ထပ် မှောင်စရာ ရှိတော့မယ် မတွေး ထားခဲ့... ပေမဲ့..
ကျမ ရဲ့ ကောင်းကင် က တိမ်တွေ မစဲ နိုင်ဘူး...
အုံ ရင်.. အုံ ရင်း. .. ပြို ပြို.. ဆင်းလာတာ တွေ..
ဒီကမ္ဘာမြေ ကျမ ..ဘယ်နား သွား နေရ တော့မလဲ....

အားရ ပါး ရ.. ရုန်းခဲ့ ရတာတောင်...
ပိုင်ဆိုင်တာဆိုလို့..
ကျမ ရဲ့ ကြယ်ကလေး...
ကျမ ရဲ့ ဆင်ဖြူကလေး...
ပြီး တော့.. ကျမ ရဲ့ ၀က်ဝံ ကလေး....
ထွေးပွေ့ထားဖို့ ကျမ.. အားအင် တွေ ကျန်ပါသေး ရဲ့ လား.. ဒီအမှောင်မှာ...

ရုပ်ဝထ္တု ပစ္စည်းများ....
 အမည်နာမ.. ပညတ် တစ်ခု..
အလွမ်း တောင်ကြား..
ကြိုကြား ပွင့် တဲ့ စပယ် ရုံ..
မိုးလုံ လေလုံ .. အသိုက်အမြုံ ကလေး..
နှင်း ဝေ သော နံနက်ခင်းများ..
တိုး တိတ် ညင်သာ.. ရေတံခွန်...
အစိမ်းရောင် တောင်စောင်း နဲ့ ၀ါးတဲလေး ညိုညို....
ကြယ်ရောင် တောက် ပ.. မိုးလုံးပြည့် ည များ..
 ကျမ .. ခင်တွယ် ဖူး သော.. အရာတွေ...
အာယာတ စစ်မြေပြင်မှာ.. အငွေ့ ပျံ တစ်စ စီ..ဖြစ်..
ခုတော့ အား လုံး ... အဝေးဆီမှာ.....
ဒဏ္ဍာရီ ဆန် စွာ.... ကန့်လန် ကာ တစ်ခု ကျ သွား ခဲ့...

ရေမကူးတတ်သူမို့ တဲ့.. ကောက်ရိုး တစ်မျှင် ဖြစ်ချင်သူ ရှိခဲ့ တယ်..
အမှောင်ဟာ.. ကျမ ကို ထပ် နှစ် .. အဲဒီ ကောက်ရိုး မျှင်ကြောင့် ပဲ.. နစ်တော့မယ်..
နေမင်း က ကျမ နဲ့ ဝေး ကွာ လွန်းလှတယ်..
မုန်းတယ်.. မုန်း တယ်.. တံခါး တွေ မရှိတော့ တာ ကျမ မုန်း လှပြီ...
နေမင်း က ရွှေ ရောင်.. နေကြာခင်းတွေ မှာ သာ လို့..
နေမင်း .က..... ခရမ်း.... ရောင် ၀ိုင်အို လက်ပန်းတွေ ကို ပဲ နှစ်သက်..
နေမင်း က... ခရမ်း.. ရောင်.လာဗန်ဒါတွေ အတွက် ပဲ တာဝန်ရှိ...
နေမင်း က..ခရမ်း.. ရောင် ခမောင်း ပန်းတွေ ကို မစွန့်လွှတ်နိုင်...
နေမင်း.. က

ခရမ်း ဖတ်ဖို့ ဆိုတဲ့.. မနော်ဟရီရဲ့ ကဗျာတွေ ဖတ်ပြီး.. ကျမ ငို တယ်..
သူ့သူငယ်ချင်းအကြောင်း ရေးထားတဲ့ ကျမ မောင်လေး ရဲ့ ကဗျာ ကို ဖတ်ပြီး .. ကျမ ငိုတယ်..
လိင်.. အချစ် နဲ့ မေတ္တာ တရား.. ကြား.. နံရံ ဟာ.. ထူလိုက် ပါးလိုက်..
မောင်ချော နွယ်ရဲ့.. ညီမလေး.. မမမြင့် ကို နောက်တစ်ခါ ထပ် ဖတ်ပြီး.. ကျမ ငိုတယ်...
အမေ ပျောက်သွားတဲ့ ကလေး ၆ ယောက် ရဲ့ ပုံ ကလေး.. သူငယ်ချင်း က ပို့ပေးလာတော့ ကျမ ငိုတယ်..
ကျမရဲ့ လမ်းလျှောက်ဖော် ကောင်မလေး က..
 ပြန်တိုင်း တက္ကစီ ခတောင်းတတ်တဲ့ သူ့ချစ်သူအကြောင်း မျက်ရည် ၀ဲဝဲ နဲ့ ပြောတော့ ကျမ ငိုတယ်..
ကျမ လျှောက် နေကျ လမ်း က.. ရာသီ မရွေး အော်တတ်တဲ့ ဥသြသံ ကြောင့် ကျမ ငိုတယ်..
ခလုပ်တိုက်လို့ ဗန်းမှောက်ကျသွားတဲ့.. ကလေးလေး ငို တော့ ကျမ လိုက် ငိုတယ်..
အင်တာနက် သတင်းတွေ ပေါ် ရောက် လာတဲ့ လူသတ်ပွဲ တွေ ကြားက
 ကလေးတွေ အတွက် ကျမ ငိုတယ်..
သူ့ မိန်းကလေး နဲ့ ရှိနေမှတော့ .. ကျမ ဖုန်း ကို ဘယ် ကိုင် တော့မလဲတဲ့
အငယ်ဆုံး ကလေးလေး ဖက်ထား ရင်းပြော နေတဲ့ သူငယ်ချင်းမကြောင့် ကျမ ငိုတယ်..

တင်း နေအောင် ချည် ထားတဲ့ ကြိုး သုံး ချောင်း..
ဘယ် ဓား က မိုက်လို့ ဖြတ်မှာ လဲ...
ကျမ သူငယ် ချင်း ရဲ့ အသံ တိုး တိတ် လွန်းနေတယ်... 

ကျမ ဘေး နားမှာ.. ဘယ်သူ မှ မပြုံး ကြတော့ ဘူး...
ကျမ ဘေး ပတ်လည် မှာ.. အလင်း ရောင်တွေ ပါးလျား ကုန်တယ်...
ကျမ ရေချိုး ခန်းက ဘာလို့ ဒီလောက် ကျဉ်းတာလဲ...
နေပါအုံး...
အပေါ်မှာ.... သစ်သားတန်း ရှိနေတယ်...
ပြီးတော့ ..
ဟို မှာ.. ကြိုး တစ်ချောင်း.. လဲ ချိတ် ရက် ...
ကျမ မျက်ခွံ တွေ ဘာလို့ ဒီလောက် လေးလံ လာရသလဲ....
ကြယ်ကလေး ရေ... ဆင်ကလေးရေ.. ၀က်ဝံကလေးရေ..
ကျမ တံခါး ကို ခေါက်ပါ...
ကျမ တံခါး ကို ခေါက်ပါ...
ကျမ တံခါး ကို ခေါက်ပါ...
ဟော ကြည့်..
တိမ်တွေ က.. မဲ မှောင်လို့.. ပြို လာခဲ့ ပြန်ပြီ.....။


မမသီရိ
၁၆ မေ ၂၀၁၃