Tuesday, May 22, 2012

ရက်ရာဇာ - ပြဿဒါး

        "ရက်ရာဇာ"
မင်းကိုချစ်ရတဲ့ ရက်များ..
မင်း နဲ့ ချစ်ရတဲ့ ရက်များ..
မင်း အပြုံးများ စားသုံး ရတဲ့ ရက်များ ..
မင်းအနား ပါးခွင့်ရ ရက်များ..
မင်းလက်ဖျား ဆုပ်ထားခွင့်ရှိ ရက်များ..
မင်းမျက်လုံး အပြုံးဖုံးတဲ့ ရက်များ ..
မင်းရင်ခွင် နွေးထွေးကြည်စင် ရက်များ ..
မင်းအသံ ကဗျာဆန်တဲ့ရက်များ.......
အဲသည့်ရက်များဟာ နေ့တိုင်းဆိုလဲ.. ရက်ရာဇာ ...

             "ပြဿဒါး"
မင်းကိုလွမ်းရတဲ့ ရက်များ..
မင်း နဲ့ ဝေးနေတဲ့ ရက်များ..
မင်း အပြုံးများ အဝေးသွားတဲ့ ရက်များ ..
မင်းအနား သီခွင့်မရသော ရက်များ..
မင်းလက်ကလေး ထွေးခွင့်မရှိသော ရက်များ..
မင်းမျက်လုံး မှိုင်းမှုန်ဆိုင်းတဲ့ ရက်များ ..
မင်းအကြင်နာ မမြင်သာတဲ့ ရက်များ ..
မင်းအသံ ကဗျာမဆန်တဲ့ရက်များ.......
အဲသည့်အဆင်းမလှသည့်ရက်များ.. ပြဿဒါး....။

မမသီရိ
၂၂.၅.၂၀၁၂



Saturday, May 12, 2012

လေလံပွဲ

ပွဲခင်း ကို သူ ၀င်လာပုံ က သာမာန်လောက်ပါပဲ
အစ တုန်းက တော့ ဘယ်သူမှ သူ့ကို သတိမမူမိခဲ့ကြ
ဦးထုပ်တစ်လုံး ခပ် ငိုက် ငိုက် ဆောင်းထားတယ်
ဘောင်းဘီနဲ့ အင်္ကျီက အရောင်ခပ်မွဲမွဲ ဂျင်းန် တွေ..
သူ့လက်ထဲ ဆွဲလာတဲ့ ရှည်မျောမျော .. ခပ် ထည်ထည် .. အရာတခုမှာ ..
ဘာပစ္စည်းပါခဲ့ သလဲ လူတွေ မသိကြဘူး...
သူ ခြေတစ်လှမ်း လှမ်းတိုင်း .. ထူးဆန်းစွာ
အသံ တသစ်သံ ကြား.... 
ဒို ..ရေ .. မီ... ဖာ.... ဒို ..ရေ....မီ.....ဖာ...........
(အစ တုန်းကတော့)... ထူးထူးဆန်းဆန်း.. ခပ်တိတ်တိတ် နေတဲ့ တစ်ယောက်..
သူက လေလံ ဆွဲ မှာ လား.. လေလံ တင်မှာလား ... လူတွေ
တိုးတိုးကြိတ်ကြိတ်လေး သဖန်းပိုးထိုးနေကြ .....
ခဏ ကြာတော့ သူ.. ထိုင်နေရာက ဆတ်ကနဲ ထ..
သူ့ ရှည်မျောမျော အရာကြီး.. ရုတ်တရက် ဆွဲ ဖွင့် ..
အထဲ က ထွက်ကျလာတာတွေ..

ဟာ..
"..................တွေ ..."

အားလုံးပဲ တအံ့တသြ .. အာမေဋိတ်ပြု ...
တကယ်ပါပဲ ..ဘယ်သူမှ မထင်ထား ခဲ့...
သူ့ တစ်သက်လုံး သိမ်းထုပ်ထားခဲ့တာတွေ 
သူ့ မျက်နှာ က ရွာခါ နီး မိုးတိမ်တွေ လို ညို့ နေတယ်..
သူ့ ဆံပင်တွေ ခပ်ရှည်ရှည် က အမှတ်တံဆိပ် တခု လို...
သူ ရုတ်တရက် ငို နေလေသလား..
ခဏ နေတော့.. ပြုံးနေပြန်တယ်...
ခန်းမှန်းရ ခက်သော ဝေဒနာ...
..........
သူ က..
သူ က... လေလံ တင်မှာ... ဆိုပဲ..... 

ထူးထူးဆန်းဆန်း နားမှာ.. ရစ်သီ ရစ်သီ လေလံဝါသနာပါသူ တချို့..

တခြားလေလံပွဲ တွေ နဲ့မတူတာက
လေလံ ဆွဲချင်လာအောင် သူ့ပစ္စည်းတွေ ရဲ့ အခင်းအကျင်း
စိတ်ဝင်စားသူ ကို.. သူ အင်တာဗျူး လုပ် ခြင်း...
အချိန်ယူ တယ်.. စေ့စပ်သေချာတယ်..
သေချာ မေးတယ်... ဘာလို့ လဲ.. ဘယ်လို သုံး မှာလဲ..
ဘယ်လောက်ထိ သုံးမှာလဲ...
သေချာလို့လား..
လျှော့တယ်... တင်းတယ်.... တင်းတယ် .. လျှော့တယ်...
ဘေးလူတွေ မျက်စိမူးမူးနောက် .. အဲဒီ လေလံ ပွဲ မှာ... 

ဝှက်ထား တဲ့ တခြား အရံ အဆင့် တွေ လဲ ရှိသေးသတဲ့ ..
အစ တုန်ုး က အတော့် ကို တိတ်ဆိတ်ခဲ့တဲ့ သူ တစ်ယောက်
ဒီလောက် ဒီလို.. ပုံ အမျိုးမျိုး နဲ့ ဈေး ခေါ် နိုင်ပုံ ....
 ဒီလောက် တစ်လော ပြီးတစ်လော  ပုံ အောပြီး..
ပြော နိုင်တာ.. ဝေဒနာ အနီ အပြာ.. မအံသြ ကြပါစို့..


အဲဒီလေလံပွဲ ကတော့ လေလံသမိုင်းမှာ..
လူပြောအများဆုံး လေလံ ပွဲ ဖြစ်မယ်ထင်လေရဲ့..
လေလံ ဆွဲ သူ က ဘာသဘောနဲ့ ဆွဲ တာ မသိပေမဲ့
..  (.........) အိတ်ကြီး တလုံး .. (ဘ၀ တစ်ခုလုံးလား .. နှုတ်ဖျား နဲ့ ပဲ ဖြစ်စေအုံးတော့)
 ဈေးအမြင့် ဆုံး နဲ့ မှတ်ပုံတင် ...ဗိုလ်ဆွဲ သွား လေ တယ်.....

လေလံပွဲ မှာ..
အမြင့်ဆုံးဈေး ပေးသူ သာ.. ပစ္စည်း ပိုင်ဆိုင်ခွင့် ရပါတယ်.....။

မမသီရိ
၈.၅.၂၀၁၂

Friday, May 04, 2012

I MIss You (4)



နွေလယ်မှာ ပွင့်လေ့ရှိတဲ့ ဗင်ဒါ အရိုင်းလေး တစ်ပွင့်
ဒီလောက်တောင်စွမ်း ရသတဲ့လား .. လွမ်းစေလိုက်တာ ဆို.. ဒီရင် ကို...

ဒီနေ့ ဒီမှာ လေပြင်း တွေ တိုက်တယ်..
သစ်ရွက်တွေ.. နွေပန်းများ ၏ ပွင့်ဖတ်တွေ.. ဖြူလွလွ ဖုန်မှုံ တွေ..
တ၀ီဝီ တဝေါဝေါ... မာန်ဟုန်ပြ လေ ကြောနဲ့ မျော..
သောသော ညံညံ .. ငှက်ကလေးတွေ စိုးစီ သံ ခေတ္တ တိတ်ဆိတ်...
ငါ လွမ်းတယ်ဝေ့.... ကော်ဖီ သောက်မိတာ လဲ မပြေ.... ..
မြန်မြန် ဆုံ မယ်.. ရင်ခုန်အောင်ချစ်.. ရန်ဖြစ်ချင်လဲ ဖြစ်ပါစေတော့.... ။

မမသီရိ
၎.၅.၂၀၁၂

Tuesday, May 01, 2012

အနီရယ်.. အ၀ါ ရယ်.. အပြာရယ်.. ခရမ်း ရယ်....


ငါ့ နံနက်ခင်း ကို ဖြန့် ချလိုက်တော့
ခရေ ရနံ့ က တိုးတိုးဝှေ့ဝှေ့ ပြတင်းနား ကပ်လာတယ်..
မျက်စိတလှမ်းမှာ..  ပွင့်အာစ  စိန်ပန်းတွေ ရဲရဲတောက် ..
ငု ကိုလဲ မကြောက် .. ပိတောက်ကိုလဲ မကြောက်...
(စကား မစပ်.. ဒီ ပိတောက်တွေ က ၃ ချီ ထဲ က ဒုတိယ အချီ..)
ခရမ်း ခမောင်းပွင့်တွေ နဲ့ သူငယ်ချင်းပဲ လား ဆိုတော့
အသဲ ယားချင့်စဖွယ် .. မထိ တထိ ပြုံးလိုက်ပုံ .နီစွေး လို့..

ငါ ကဗျာ တပုဒ် ရေးချင်တယ်..
သုံးရာသီ လုံး မမုန်းတမ်း ချစ်နေသူ..
ရာသီမရွေး အချစ်ပဲ ပေးမဲ့သူ ..
တမ်းတ လို့ မောပမ်းတဲ့အခါ.. ငါ .. ချောကလက် စားတယ်..
လွမ်းရင်း နဲ့.. အိပ်စက်တဲ့အခါ.. ငါ အိပ်မက်တယ်...
နေမထိ ထိုင်မသာ အနေရခက် အောင် လွမ်း တဲ့ခါ.. ရေထ..ချိုးတယ်
အလုပ်လုပ်နေတုန်း  ဟေမာ့ သီချင်း ညည်း ရင်း လွမ်းတော့
ကောင်မလေး တွေ ၀ိုင်း လှောင်တယ်...
လမ်းလျှောက် နေတုန်း ခလုပ်တိုက် တဲ့ ထိ ငေးမိတော့
သူငယ်ချင်း ကလေး တွေ ၀ိုင်း ဆူတယ်...
ဒီ အလွမ်းဝတ်ရုံ က ဘယ်လို ခြုံ ခြုံ မလုံ နိုင်အောင်ပါပဲလား ..
ဟိုနေ့ က ငါ ကမ္ဘာ ကြီး အကြောင်း ပြန်လေ့လာတော့
ကမ္ဘာ့ အချင်း ၀က် က ကီလိုမီတာ၁၀၀၀၀ ကျော် ကလေး ရယ်..
ဒါ နဲ့ များ တို့တွေ ဒီလောက် ဝေး ရသလား..
တကယ်ပဲ မကျေနပ်ချင်ဘူး ကွယ်...
သတ္တိခဲ စိန်ပန်း နီနီ တွေ လဲ  မုန်းချင်တယ်..
အနီ ရယ်... အ၀ါ.. ရယ်... ခရမ်း ရယ်.... ပြီးတော့.. ကောင်းကင်ကြီးက .. ပြာနေတယ်.....။


မမသီရိ
၁ မေ ၂၀၁၂


Note: ဒီ ရာသီမှာ.. ပိတောက်၊ ငု၊ စိန်ပန်း၊ ခရေ နဲ့ ခမောင်း တို့ ဝေနေတတ် တဲ့ လမ်းကလေး သို့ အမှတ်တရ..။