Friday, June 18, 2021

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၆)

အစိုးရသစ်တရပ် ဖွဲ့စည်းရေး

.......................................................... အဲဒီတော့.. မတရားလွှမ်းမိုးအုပ်စိုးမှုကိုဆန့်ကျင်ပြီး အုံကြွ နိုင်ခွင့်၊ သူပုန်ထနိုင်ခွင့်ဟာ နောက်ဆုံးပိတ် တရားတဲ့ အခွင့်အရေး အဖြစ်ပါရှိလာပါတော့တယ်။ ဒီအခွင့်အရေးဟာ နိုင်ငံရေး လွတ်လပ်ခွင့်ရဲ့ အခြေခံ သဘောတရားလဲ ဖြစ်လာပါတော့တယ်။

နောက်ကြောင်းပြန်ပြောရမယ်ဆိုရင် ၁၉၄၉ ခုနှစ်က ဂျိုမီလ်တန်ဟာ .. နိုင်ငံရေးအာဏာဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိတယ်၊ သူတို့ဟာ ဘုရင်တွေကို နန်းတင်နိုင်တယ်၊ နန်းချနိုင်တယ်၊ ပြီးတော့ မတရားဖိနှိပ်စိုးမိုး ချယ်လှယ်သူတွေကို ဖြုတ်ချဘို့ သူတို့တာဝန်ဖြစ်တယ်... လို့ပြောခဲ့တယ်။

ဂျွန်လော့ဒါကတော့ အစိုးရနဲ့ ပတ်သက်တဲ့ သူ့ရဲ့စာတန်းမှာ .. လူတွေရဲ့ သဘာဝ အခွင့်အရေးကို ဖေါက်ကျူးလာတဲ့ခါ ပြည်သူတွေဟာ ဒါကို နှိပ်ကွပ်ဖို့၊ ဒါမှ မဟုတ် အစိုးရကိုပြောင်းလဲ ပြစ်ဖို့ တာဝန်ရှိတယ်၊ အခွင့်အရေးလဲ ရှိတယ်။ မတရားမှု နဲ့ အာဏာမပိုင်တဲ့ အင်အားစုကို ဆန့်ကျင်ဖို့ နောက်ဆုံးနည်းလမ်းက တော့ အတိုက် အခံ ပြုဖို့ ပါပဲ တဲ့.....။ (စာ ၅၉၊ ၆၀)

....................................................................

ကျော်ကြားလှတဲ့ ပြင်သစ်တို့ရဲ့ လူ့အခွင့်အရေး ကျေငြာ စာတမ်းမှာတော့ ..အစိုးရသည် ပြည်သူတို့၏ အခွင့်အရေးကို ချိုးဖောက်လာပါလျှင် အုံကြွ ပုန်ကန်မှုသည် ပြည်သူတို့အတွက် အမွန်မြတ်ဆုံးသော အခွင့်အရေးဖြစ်တယ်။ ......... တစုံတယောက်သော ပုဂ္ဂိုလ်သည် အချုပ်အခြာ အာဏာကို သိမ်းပိုက်လုယူပါက ထိုပုဂ္ဂိုလ်အား လွတ်လပ်သည့်ပြည်သူအများစုက သေဒဏ်ပေးရမယ်လို့ ရေးသားထားပါတယ်။

ကျနော်ဟာ ကျနော်ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို တရားမျှတကြောင်း အလုံအလောက် တင်ပြခဲ့ပြီးပြီလို့ ယုံကြည်ပါတယ်။ ကျနော့ကို ထောင်ထဲမှာ ၂၆ နှစ် အကျဉ်းချထားဖို့ ဂုဏ်သရေရှိ အစိုးရရှေ့နေကြီးက တောင်းဆို လျှောက်လဲခဲ့ပါတယ်။ သူလျှောက်လဲခဲ့တဲ့ ဆင်ခြေ တွေ ထက် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်း အကျိုးတရားတွေ ကို ကျနော် လျှောက်လဲခဲ့ပါပြီ။ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်ချမ်းမြေ့မှု အတွက် တိုက်ပွဲဝင်နေသူတွေ ကို အားလုံးက ထောက်ခံကြပါတယ်။ ပြည်သူတွေအပေါ် ဖိနှိပ်သူ၊ အဓမ္မပြုကျင့်သူ၊ အသနား အကြင်နာမဲ့သူ၊ လုယက်ဖျက်ဆီးသူတွေ ကို ဘယ်သူမှ မထောက်ခံပါဘူး။ ဒါကြောင့် ကျနော်ဟာ ကျိုးကြောင်းတရားတွေ အမြောက်အများနဲ့ တင်ပြလျှောက်လဲ ပြီးဖြစ်တဲ့အပြင် ဒါတွေကိုဂုဏ်သရေရှိ အစိုးရ ရှေ့နေကြီးက ဘာတခုမှ ငြင်းချက် မထုတ်နိုင်ပါဘူး။ လက်ရှိ အာဏာရှိ လူကြီးမင်းများ ဘယ်လို လုပ်တရားတယ် လို့ ဆိုနိုင်ပါ့မလဲ။ သူဟာ ပြည်သူတွေရဲ့ အလိုနဲ့ ဆန့်ကျင်ပြီး အာဏာကို ရရှိခဲ့သူ ဖြစ်တယ်။ ပြီးတော့ သမ္မတ နိုင်ငံ ရဲ့ တရားဥပဒေကိုဖောက်ကျူးပြီး လက်နက်အင်အား နဲ့ သစ္စာဖောက်မှုကို အသုံးပြု အာဏာ ရရှိလာခဲ့သူ ဖြစ်တယ်။

သွေးချောင်းစီးမှု၊ ဖိနှိပ် ညှင်းပမ်းမှု၊ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းမှုတို့နဲ့ပြည့်နေတဲ့ အစိုးရမျိုးကို တရားဝင် အစိုးရအဖြစ် လူကြီးမင်းတို့ ဘယ်လိုများ သတ်မှတ်နိုင်ပါ့မလဲ။ .....................သူတို့ရဲ့သွေး သူတို့ရဲ့ အသက်သွေးတွေပေးလှူ ပြီး သူတို့ရဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံသားတွေကို ထောင်တွေဆီ ပို့ဖို့ တရားရုံးတော်တွေမှာ ဘာအခွင့်အရေး ရှိပါသလဲ။ ဒါတွေ အားလုံးဟာ တမျိုးသားလုံး ရဲ့ မျက်စိထဲမှာတော့ ဧရာမ ယုတ်မာမှုကြီးပါပဲ။ ပြီးတော့ တော်ဖြောင့်မှန်ကန်တဲ့ တရားစီရင်ရေး အခြေခံသဘော တရားအရဆိုရင် ဒါတွေအားလုံးဟာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှတဲ့ ဧရာမ ဒုစရိုက်မှု ကြီးပါပဲ။


နှစ်ကြိမ်တိုင် အဓမ္မ မတရားပြုကျင့်ခံရတဲ့ တရားစီရင်ရေး

ဂုဏ်သရေရှိ တရားသူကြီးမင်း ခင်ဗျား၊ အပြစ်ကင်းပြီး သာမန်နိုင်ငံသား တယောက် ဖြစ်တဲ့ ကျနော်ဟာ တနေ့သောအခါက တရားဥပဒေ ချိုးဖောက်ပြီး၊ ကျနော်တို့နိုင်ငံ ရဲ့ အခြေခံစည်းမျဉ်း ဥပဒေ ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲ ပစ်ခဲ့တဲ့ အာဏာ ရူးလူတစုအပေါ်အပြစ်ပေးဖို့ ရုံးတ်ာကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အချည်းနှီး ဖြစ်ခဲ့ရတယ်။ ခုဆိုရင် ကျနော်ဟာ တရားမ၀င်တဲ့ အစိုး ရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့အတွက် တရားဝင် အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေ ကို ပြန်လည်ထိမ်းသိမ်းရန် ကြိုးစားခဲ့တဲ့အတွက် တရာဒခံ တယောက် ဖြစ်နေရပါပြီ။ ကျနော်ဟာ ၇၆ ရက်တိုင်တိုင် ဘယ်သူနဲ့မှ စကားပြောခွင့် မရှိပဲ အချုပ်ခံခဲ့ရတယ်။ ကျနော့ရဲ့ သားနဲ့တောင်မှ စကားပြောခွင့်မရခဲ့ပါဘူး။ ဒီမြို့တော်တလျှောက် စက်သေနတ်ကြီးတွေ ကိုင်ထားတဲ့ အစောင့် ၂ ယောက်နဲ့ လာခဲ့ရတယ်။ ကျနော့ကို လျှို့ ၀ှက်စွာ စစ်ဆေးဖို့ အစောင့်အကြပ်နဲ့ ပိတ်ဆို့ပြီး၊ ဒီဆေးရုံကို ခေါ်လာခဲ့ပါတယ်။ ပြီးတော့ ထို ဥပဒေ ကို လက်ထဲမှာ ကိုင်ထားတဲ့ အစိုးရ ရဲ့ ရှေ့နေက ကျနော့ ကို ၂၆ နှစ် ထောင်သွင်း အကျဉ်းချထားရန် စီရင်ချဖို့ ဟန်နဲ့ ပန်နဲ့ တောင်းဆိုလျှောက်လဲနေပါတယ်။ အရင်က ကျနော် ဟာ အာဏာရူး အစိုးရတစုကို တရားစွဲခဲ့တဲ့ ဖြစ်ရပ်တုန်းက ရုံးတော် ဟာ သူပြုသင့်တာကို မပြုနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်နက်အင်အားနဲ့ အစိုးရက သူတို့ ကို ပိတ်ပင်ထားခဲ့လို့ ဖြစ်ပါတယ်။ အာဏာနဲ့ တားဆီးထားလို့ အဲဒီတုန်းက တရားမျှတ စွာ လုပ်ဆောင်မပေးနိုင်ခဲ့ဘူးလို့ လူကြီးမင်းများ ဖြေကြားကောင်း ဖြေကြားပါလိမ့်မယ်၊ ကောင်းပါပြီ ခင်ဗျား ဒီလို ဆိုရင် ၀န်ခံလိုက်ပါ..။ ဒီတခါတော့ ကျနော့ကို အပြစ်ပေးဖို့ လူကြီးမင်းများ ကို အာဏာနဲ့ အတင်း အဓမ္မ စေခိုင်းလိမ့်မယ်..။ ဒါကို ၀န်ခံပါ..။ ပထမ အကြိမ်တုန်းက အပြစ်ရှိသူကို အပြစ် ပေးနိုင်စွမ်း မရှိခဲ့ပါဘူး.. အခုတော့ လူကြီးမင်းတို့ ဟာ အပြစ်ကင်းသူကို အပြစ်ပေး ရတော့မယ်..။ ဒီလိုသာ ဆိုရင်တော့ တရားစီရင်ရေးကို စောင့်ရှောက်နေတဲ့နတ်သမီးဟာ နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့် ခံခဲ့ရပါပြီ။


သမိုင်းက ကျနော့ကို မှတ်ကျောက်တင်ပါလိမ့်မယ်

ကျနော့ရဲ့ ခုခံလျှောက်လဲချက်အယူခံကို နိဂုံးချုပ်ပါတော့မယ်၊ ဒါပေမဲ့ ရှေ့နေတွေပြုလုပ်နေကျအတိုင်း ကျနော် အဆုံးမသတ်ပါဘူး။ ကျနော်ဟာ တရားခံ အဖြစ် လွတ်မြောက်ဖို့ မတောင်းဆိုပါဘူး။ ကျနော့ကို လွှတ်ပါလို့ အယူမခံပါဘူး။ ........................................... လူဆိုး သူခိုး ရာဇ၀တ်ကောင်တယောက်ဟာ ဒီနိုင်ငံမှာ သမ္မတဖြစ်နေလေတော့ သစ္စာသမာဓိ ရှိတဲ့သူတွေဟာ ထောင်ချရင်လဲ ခံရမယ်။ သေရင်လဲ သေရမယ်ဆိုတာ နာူလည် သဘောပေါက်နီိုင်ပါတယ်။ လူတိုင်းလူတိုင်းအတွက် ထောင်ကျတာဟာ ကြမ်းတမ်းသလို ထောင်ဆိုတာဟာ ယုတ်မာတဲ့ ညှင်းပမ်းနှိပစက်မှုတွေ သူရဲဘောကြောင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမဲ့ ကျနော် ထောင်ကို မကြောက်ပါဘူး။ ကျနော့ ညီအကိုတော်တွေ ရဲ့ အသက်ကို ရက်ရက်စက်စက် သတ်ဖြတ် ဖျောက်ဖျက်ခဲ့တဲ့၊ စတေးခဲ့တဲ့ မတရား အုပ်စိုး ချယ်လှယ်သူတွေနဲ့ သူတို့ရဲက ဒေါသမီးလျှံ ကို ကျနော် နဲနဲ လေးမှ မဖြုံသလို၊ ထောင်ကိုလဲ ကျနော် မမှုပါဘူး။ ကျနော့ကို ပြစ်ဒဏ် စီရင်ချက်သာ ချလိုက်ပါ။ ကျနော် ဂရုမစိုက်ပါဘူး၊ သမိုင်းကသာ ကျနော့ ကို မှတ်ကျောက်တင်ပါလိမ့်မယ်။


အယ်ဒီတာ့မှတ်ချက်။ ။ စီရင်ချက် ထုတ်သောအခါ ကပ်စထရိုကထောင်ဒဏ် ၁၅ နှစ်အပြစ်ပေးခံခဲ့ရပြီး၊ သူ၏ညီမှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသည်။ သို့ရာတွင် ၁၉၅၄ ခုနှစ်တွင် အာဏာရှင် ဘာတစ္စတာ က ရွေးကောက်ပွဲ ကျင်းပရန်ကျေငြာခဲ့ပြီး၊ ထိုရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ တိုင်းတွင် ကပ်စထရို အား လွှတ်ပေးရန် တောင်းဆိုသံက သောသော ညံနေခဲ့ရာ အာဏာရှင်ဘာတစ္စတာမှာ ပြည်သူတို့၏ တောင်းဆိုချက်ကို ကြံ့ကြံ့ မခံနိုင်တော့ပဲ မလွှဲသာ မရှောင်သာဖြင့် ၁၉၅၅ ခု မေလ ၁၅ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့ရလေတော့သည်။


ဒီလောက်ရှည် ပို့စ်အရှည်ကြီးကို စိတ်ဝင်တစား စောင့်ဖတ်ခဲ့ကြသူတွေ ကို ကျေးဇူး တင်ပါတယ်။

မမသီရိ
9/4/2018



No comments: