Sunday, April 26, 2009
သုဘဒ္ဒါ အလွမ်း
အငြိုးဝင် ချစ်သူလှ ကို
နိုင်လိုတယ် သတ်ချင်ဇောနဲ့
ရင်ကွဲ ပက်လက်
အသက်ကို အသေခံ
ပစ္စေက ဗုဒ္ဓါ ထံမှာ
ကြာရိုး ကြာနွယ်
လှူကာရယ် ဆုချွေတောင်း
ဘ၀ဟောင်းကို စွန့်ခွာ
စူဠသုဘဒ္ဒါ ငယ်...
ငယ်စဉ်အရွယ်
ရာဇ၀င် အလယ်
ဖတ်ဖူးတယ် မှတ်ခဲ့ရ
လွမ်း တသသ နဲ့
အချစ်ကြီး သမားရယ်လို့
ဆဒ္ဒန်ကို သနား
ခံစားချက်များလဲ..
ဝေမျှကာ ယူခဲ့ဖူး သလို..
မျက်နှာငယ်..
အပြစ်ပယ်ခံ ဘ၀ပမာ
အချစ်ကို အတူမရတာကြောင့်
တဘ၀ တခါ
ချုပ်ငြိမ်းကာ ပြောင်းခဲ့ပေမဲ့
နောက်ဘ၀တော့လဲ မဖြေသာ
အဆုံးမှာ...
ရင်ကွဲကာ
သေပွဲကို အတူ နွှဲ ပြီး
အသဲ နှစ်ခါ ကွဲ တာတောင်
ယောင်ကာပင် မစာနာကြ
ရက်စက်သူ မိန်းမရိုင်းရယ်လို့
သတ်မှတ်တယ်.. လူ့ သမိုင်းမှာ
တို့ မပါ..
သုဘဒ္ဒါ ဒေ၀ီလေး ရယ်
သနားမိပါတယ်.....။
မမသီရိ
Tuesday, April 21, 2009
အချစ်ကြောင့်သာ...
တွယ်တာရစ်တဲ့..
အဆုံးထိတိုင်..
ကြင်နာနိုင်မဲ့..
မြတ်နိုး နှောင်ရစ်.. အချစ်စစ်မို့..
မောင် ရဲ့ ပါးကို နမ်းစေလိုလဲ
ပန်းနု ဖတ်ဖတ်
ထိလျှင် မွကြွေ
ဖြစ်လေမလား.. အတွေးများ နဲ့
အချစ်ရဲ့ ပါးကို
ရဲရဲ မမွှေး..
ဖွဖွ လေး ပဲ နမ်းချင်သူ...။
အကြင်နာသစ် မြတ်နိုး ချစ်မို့
ရင်ခွင် မှီ နွဲ့.. သွဲ့ သွဲ့ တေးဆို
အားကိုးလိုတဲ့..
ဣတ္ထိယ ဖြစ် .. မနှစ်သက်ချင်
ဘေးနားအမှီ.. အဖော်ညီပဲ..
လက်ချင်းတွဲလို့..
မလဲမယိုင်... တူယှဉ်ပြိုင်ကာ..
လှမ်းပါ လိုက်မယ်...
ဟော ဟိုတောင်တန်း
မောင်မထမ်း နဲ့
ဖ၀ါးနုနု သွေးခြေ ဥစေ
ဆက်လှမ်းနေမြဲ..
ချစ်သဲ ပင်ပန်း နွမ်းမှာ စိုးတယ်
ကြခတ်လမ်းလဲ.. ဆက်လှမ်းမယ်...
ဆူးကြမ်း လမ်းလျှောက်
လမ်းပျောက်ခရီး.. ဘယ်မနီးလဲ
ချစ်သူ အဖော် ရှိနေသော်က
မကြောက်မရွံ့.. နောက်မတွန့်ပါ
ပြဿနာတွေ့
ရင်ဆိုင်ဟေ့ ဆို
ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....။
မမသီရိ
Friday, April 17, 2009
ပျော်လိုက်တာ
နောက်ကွယ်က စကားလေး တခွန်း
နမ်းခွင့် ကျမ ရခဲ့ ပြီ...
ပျော်လိုက်တဲ့ အပျော်တွေ
နှိုင်းလေလို့ မရ..
တဆတ်ဆတ် ခုန်နေတဲ့ နှလုံးသွေး
ရှက်ပြုံးလေးတွေ.. နှုတ်ခမ်းမှာသီ
ပါးလေးတွေ လဲ နီ ပေါ့..
ကံကြမ္မာရေ..
ဒီမျက်နှာသာလေးအတွက်.. ကျေးဇူး
ကမ္ဘာပေါ်မှာ ကျမ အပျော်ဆုံး
ခေါင်းမော်လို့ ပြုံးလိုက်တယ်
ချစ်သူ.. ချစ်တယ် ပြောလာလို့....။
မမသီရိ (5.4.2009)
Sunday, April 12, 2009
နှစ်သစ် ဆုတောင်း
နှစ်သစ်ကူးမှာ..
ရွှင်မြူးပါစေ...
ဆုမွန်ချွေတောင်း...
..
ကံကောင်းသောနှစ်..
အသစ်ဖြစ်စေ...
အတာရေချမ်း နှလုံးလန်းစေ
ပိတောက်ရနံ့ ရင်လုံး နှံ့စေ
လိုရာဆန္ဒ ပြည့်ပါစေ.။
မမသီရိ
ကျမ မရှိလို့ဧည့်ဝတ်ကျေနိုင်မှာ မဟုတ်ပေမဲ့..
မမသီရိ ကိုမေ့မသွားကြအောင်လို့လူလည် ကျတာပါ...း) . ကျမ မရှိပေမဲ့ ကျမရဲ့ ကဗျာလေးတွေက မိတ်ဆွေတွေ ကို.. နွေးထွေး မှုတွေ ပေးနိုင်စေဘို့.. ဆန္ဒ ပြုလိုက်ပါတယ်..
မေလဆန်းမှ ပြန်ဆုံကြစို့နော်
အားလုံးကို ချစ်ခင်လေးစားတဲ့ .. မမသီရိ ... 10.4.2009 7:14 pm
Monday, April 06, 2009
ဆန္ဒရှိတဲ့ အဟောင်းလေး
ခုတလော.. အလုပ်လေးတွေက အတော်လေးများပါတယ်..။ စိတ်ဖိစီးမှုတွေကလဲ ခပ်များများ.. အမြင်ချင်းမတူ.. အတွေးချင်းမတူ.. အယူအဆ ချင်း မညီသူတွေနဲ့ လက်တွဲ အလုပ်လုပ်ရပြီ ၊ ပတ်သက်နေရပြီ ဆိုရင် ဘ၀မှာတကယ့် စိန်ခေါ်မှုတခုပါပဲ..။ ပြီးတော့ ဘ၀ရဲ့ အရာ တော်တော်များများ ဟာ.. ကိုယ့်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတတ်လာလဲ ဘ၀ တခုပဲ ဖြစ်မယ် ထင်ပါရဲ့..။ ကိုယ် တင်ပဲ လားဆိုတော့... ကိုယ့်ထက် depression ရ နေသူတွေ ကရှိနေသေးတာ..
ကျမရဲ့ ဘလော့ဂ်စဖွင့်တဲ့ နေ့ 10.9.2008 မှာကျမရဲ့ ပထဆုံးပို့စ်လေး အဖြစ်တင်ထားခဲ့တာပါ.. ခုတကြိမ်မှာလဲပဲ ကိုယ့်ကိုကိုယ် အားပေးဖို့ အတွက်ရော.. တခြား depression ရနေတဲ့ မိတ်ဆွေတွေ အတွက်ပါ.. အားဆေးလေးတခွက်.. လန်းဆန်းစေမဲ့ ဖျော်ရည်လေး တပေါက် အနေနဲ့ ပြန်လည်တင်ပြ လိုက်ပါတယ်..။
ညီမခင်လေး နဲ့ ကိုရင်နော် .. ကျေနပ်မယ်လို့လဲ ယုံကြည်လိုက်ပါရဲ့..။
ဒီပို့စ်လေးက ကိုယ့်ကို လာ Tag ခံရတာ တတိယမြောက်ပါ၊ ပထမ ၂ ကြိမ်တုန်းက သူများကို ပြန် Tag ရကောင်း မှန်း မသိသေးလို့..။ ဒီတကြိမ် တော့.. ညီမ မိးုချိုသင်းနဲ့. မကေ ပြီးတော့ မောင်လေး July Dream ကိုတို့ Tag ကြည့်စမ်းပါရစေ..။ သူတို့ ၃ ယောက် ပြန်လည် တင်ပြမဲ့ ပို့စ်လေးတွေက စိတ်ဝင်စား စရာ ကောင်းမှာ အမှန်..။
ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...
ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...
နေ့...
ည...
ရာသီ...
သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...
ခဏတာ
အလည်ရောက်ကြတာမို့...
အခြေအနေ...
ဝန်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....
လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ
ရင်မှာ ပါမသွားစေဘို့...
မင်း..
ပျော်ချင်ရင်ပျော်လိုက်...
ရဲရဲပဲပျော်....
ငိုချင်ရင်ငိုလိုက်...
ရဲရဲပဲငို...
မင်း..
နောင်တဆိုတာ...
မရတာသေချာရင်...
မင်းဖြစ်ချင်တာ ဘာမဆို...
ခု...
ဖြစ်ခွင့်ရှိတယ်.....။
(မမသီရိ) ၁၀.၉.၂၀၀၈
မမသီရိ
Friday, April 03, 2009
မမသီရိရဲ့ဝါသနာစစ်တမ်း
ဒီကမ္ဘာပေါ်က စကားပြောတတ်တဲ့လူသားတွေအားလုံး ဒီစကားလုံးကို မကြာခဏ အသုံးပြုဖြစ်ကြပါတယ်။ တချို့ဆိုအတော်လေးကို ဖောဖောသီသီ သုံးပစ်လိုက်ကြတာ..။ အဲဒါ ကျမ ဘယ်နားမှာ သွားတွေ့လဲဆိုတော့.. အလုပ်လာလျှောက်ကြတဲ့ မြန်မာပြည်ထဲကလူငယ်လေးတွေအချို့ပါ။ ဒီအလုပ်ဘာလို့လျှောက်တာလဲ လို့မေး လိုက်ပြီဆိုရင် ၀ါသနာပါလို့ ဆိုပြီး မဆိုင်းမတွ ပြန်ဖြေတတ်ကြတယ်။ ဘာလို့ ၀ါသနာပါတာလဲ.. ဘယ်လောက်ထိ ပါတာလဲလို့ပြန်မေးပြီဆိုရင်.. အများစုက ပြန်မဖြေနိုင်ကြတော့ပါဘူး.။ ဘာလို့ လဲဆိုတော့ သူတို့ဆိုလိုတဲ့ ၀ါသနာ ဆိုတာက သူတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးကိုပဲပြောတာမို့.. သူ့တို့စိတ်ဝင်စားမှုကို ဆိုလိုချင်တာမို့ပါ.. ကိုယ့်မြန်မာတွေချည်းပဲလုပ်တဲ့အင်တာဗျူးမျိုးဆိုမထောင်းသာလှပေမဲ့.. နိုင်ငံခြားသား ၀န်ထမ်းအရာရှိတွေပါ ထိုင်တဲ့ အင်တာဗျူးတွေမှာတော့ ဇာတ်လမ်းက ရှုပ်ကုန်ရော.. နောက်တော့ ကျမလူလည်ကျတတ်သွားခဲ့ပြီးမှ နဲနဲသက်သာရာရခဲ့တော့တာ.. အခြေအနေကြည့်ပြီး ..အလုပ်လျှောက်သူလေး တွေက ၀ါသနာလို့ ပြောလာရင်ကျမ Hobby အစား Interest လို့ ပြန်လိုက်တော့ အေးရော..း)။ တကယ်တော့ အဲဒီအဓိပါယ်ကလဲ မမှားပါဘူး။ အကုန်လုံးအတွက် အဆင်ပြေအောင်ပြောတာမို့.. ကျမ ငရဲကြီးမယ်တော့ မထင်..း)။ ကျမတို့တွေအားလုံး အကြိမ်တော်တော် များများမှာ ကိုယ်ဖြစ်လိုတဲ့ဆန္ဒတွေ၊ စိတ်ဝင်စား တဲ့အကြောင်းအရာတွေကို ၀ါသနာ လို့ ပဲ သိမ်းကြုံးပြီးပြောဖြစ်ကြတာကို...။
မြန်မာစာ အဘိဓါန်ကျမ်းစာအုပ်ထဲမှာ ၀ါသနာ = စွဲမြဲနေသောအလေ့အကျင့် လို့ အဓိပါယ်ဖွင့်ပါတယ်။
မြန်မာ-အင်္ဂလိပ် အဘိဓါန်မှာ ၀ါသနာ = Interest; natural bent; hobby လို့ အနက်ရှိပြီး
အင်္ဂလိပ်- မြန်မာအဘိဓါန်ထဲမှာတော့ Interest = 3. ၀ါသနာ၊ စိတ်ဝင်စား-စိတ်ပါသောအရာ၊
Hobby =Interesting occupation, not one's regular business, for one's leisure time. ၀ါသနာပါရာ အလုပ် လို့တွေ့ရပါတယ်။
အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်ထဲကျတော့ Hobby = an activity which someone does for pleasure when they are not working:
ဒီအဓိပါယ်ဖွင့်ဆိုချက်လေးတွေ ကိုကြည့်မယ်ဆိုရင်.. ၀ါသနာ ဆိုတာ မိမိဆန္ဒရှိတဲ့၊ စိတ်ဝင်စားတဲ့ တစုံတခုကို စွဲစွဲ မြဲမြဲ ဆက်လက်လုပ်ဆောင်နေတဲ့ အပြုအမူ တစ်ခုလို့ ကျမ အတွက် အဓိပါယ် ဖွင့်ချင်ပါတယ်..
ကျမ က ဟိုစပ်စပ် ဒီစပ်စပ် သမား မို့ ငယ်ငယ်ထဲက ခုချိန် ထိ စွဲမြဲနေတဲ့ အလေ့အကျင့်လေးပေါင်း မြောက်များစွာ ရှိပါတယ် ။ အဲဒီထဲက နေ့စဉ်နီးပါး ထိစပ်နေတဲ့ ၀ါသနာများ ကို.. ဦးစားပေး အစဉ်လိုက်တိုင်း ကြည့်ပါရစေ နော်..
- အလှပြင်ခြင်း
- အလွန်အမင်းစိတ်ကူးယဉ်ခြင်း
- ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
- စာဖတ်ခြင်း
- မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
- ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
- အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
- လက္ခဏာဆန်းစစ်ခြင်း
- ကလေးထိန်းခြင်း
- ဆရာလုပ်ခြင်း
၁။ အလှပြင်ခြင်း
လူတိုင်းအလှပြင်တယ်ဆိုပေမဲ့.. ကျမလိုဂုဏ်ထူးဆောင်ဘွဲ့ရတဲ့ထိတော့ ရူးကြမယ်မထင်..း).. ကျမက ဘိလပ်မှန်ကွဲလေးလေ..း)။ ကိုယ်ကိုတိုင်ပြင်တာတင်မဟုတ် ကျမနဲ့ နီးစပ်သူတိုင်းကို အလှပြင်စေချင်တာ၊ လှပစေချင်မိတာလဲ ကျမရဲ့ဝါသနာတခု။ တွေ့တဲ့ လူတိုင်းနီးပါးကို ကျမရဲ့ အလှပြင်ခြင်းတရားဟောတတ် သေးရဲ့၊ အချက် (၅) ချက်နဲ့ ပြည့်စုံသူ မဟုတ်ဖူးဆိုရင် ဘယ်သူမှ အလှမပြင်နိုင်.ဆိုတာကျမရဲ့ လက်သုံစကား.။ အဲဒီ အချက်တွေက တော့ (၁) စိတ်၏ကျန်းမာရေး၊ ကိုယ်၏ကျန်းမာရေးနှင့်ပြည့်စုံခြင်း။ (၂) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်သော နေရာဒေသဖြစ်ခြင်း၊ (၃) သင့်တင့်လျောက်ပတ်တဲ့ ၀င်ငွေ ရှိခြင်း၊ (၄) သင့်တင့်လျော်ကန်သော အသက်အရွယ်နှင့် လိုက်ဖက်ခြင်း (၅) ကိုယ်ပြင်ထားတဲ့ လှပခြင်းအတွက် လက်ခံနိုင်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ ဖြစ်ခြင်း.. တို့ ပါပဲ၊ ဒီအချက်တွေ ထဲ တခုခု လျော့ နေမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အလှပြင်မှု နဲ့ လှပမှုမဖြစ်နိုင်ပါဘူး..။ ဒီသဘောတရား လက်ကိုင်ထားတဲ့ ကျမကတော့.. ငယ်ငယ်ထဲ က ကြိုက်လိုက်တဲ့ မှန်..ပြင်လိုက်တဲ့ အလှ ၀ါသနာ.. ခုလဲ အလုပ်စားပွဲပေါ်မှာ တောင် မှန်ဝိုင်းလေးထောင်လို့...း)။
၂။ အလွန် အမင်းစိတ်ကူးယဉ်ခြင်း
စိတ်ကူးယဉ်ရတာ ကျမ အင်မတန်ကြိုက်ပါတယ်၊ အချိန်အားတိုင်းမှာ တကိုယ်တည်းပဲ ဖြစ်ဖြစ်၊ လူတွေ ကြားထဲမှာပဲဖြစ်ဖြစ် ကျမရဲ့စိတ်ကူးတောင်ပံလေးတွေက တဖျတ်ဖျတ်လှုပ်ခတ်လို့ စိတ်ကူးနဲ့ မျောနေတတ်တာ ကျမရဲ့ နောက်ဝါသနာတခုပါ.. စိတ်ကူးယဉ်တဲ့အကြောင်းအရာတွေ က အသက်အရွယ်ကိုလိုက်ပြီးပြောင်းလဲ ခဲ့ပေမဲ့.. စိတ်ကူးယဉ်တတ်တာကတော့.. ငယ်ငယ် က ခု ချိန်ထိ မပျောက် နိုင်သေး..။ ငယ်ငယ်တုန်းက ယဉ်ခဲ့တဲ့ စိတ်ကူးတွေ.. ၀ိုင်းမရီကြဘူးဆိုရင်ပြောပြချင်သေးရဲ့..။ ကျမရဲ့စိတ်ကူးထဲမှာ ကျမက..ကမ္ဘာ့နက္ခတ္တ ရူပဗေဒပညာရှင်.. နေ၊ ကြယ် နဲ့ စကြာဝဠာကို ကျမ စိတ်ဝင်စားတာကိုး။ ချူအင်လိုင်း နဲ့ ဟင်နရီကစ်ဆင်ဂျားကို ဖတ်ပြီး နိုင်ငံ့ခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတာ..စိတ်ကူးထဲမှာ ကျမလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေက မနည်းမနော.း)..။ တခါတလေမှာတော့ ကျမ က စင်ဒရဲလား မင်းသမီးလေးဖြစ်လိုက်.. စနိုးဝှိုက်မင်းသမီးလေး ဖြစ်လိုက်နဲ့.. တနေ့နေ့ မှာ ကိုယ့်ကို အရမ်းချစ်တဲ့ မင်းသားလေး တပါးပါးနဲ့ တွေ့တဲ့အကြောင်းလေး ကလဲ စိတ်ကူယဉ်လို့ကောင်းသလား မမေးပါနဲ့....။ ဒါပေမဲ့...... အရွယ်လေးရလာခဲ့တဲ့နောက်မှာတော့.. ကျမရဲ့ စိတ်ကူးယဉ်ခြင်းတွေက ပြောင်းလဲခဲ့ပါတယ်..ခုတလောယဉ်နေမိတဲ့ စိတ်ကူးတွေက.. ကမ္ဘာတပတ် ခရီးထွက် ပြီး.. ဗင်းနစ်မြို့ရဲ့ တူးမြောင်းထဲ လှေစီးနေတတ်သလို.. ဖူဂျီတောင်ထိပ်ပေါ်က နေထွက်တာလဲ တက်ကြည့်မိရဲ့.. အီဖယ်မျှော်စင်ကြီးပေါ်က ရှူမျှော်ခင်းကို အိပ်မက်နေမိသလို.. ဆိုးလ်ရဲ့ ညရှူခင်းကလဲ မျက်စိထဲက မထွက်.. မြောက်ဝင်ရိုးစွန်းက ပိုလာဝက်ဝံကြီးတွေဆီ ရောက်သွားတတ်သလို့.. အီကွေတာနားက.. တောတွင်းလူသား တွေနဲ့ စကားစမြည်ပြောခါ ပြောဖြစ်လို့... .။
၃။ ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွား အငှားကျောင်းခြင်း
ငယ်ငယ်တုန်းက တချို့တွေ ရဲ့ မေးငေါ့ခြင်း ခံခဲ့ရတဲ့ ဒီဝါသနာကတော့ ခုချိန်မှာ ကိုယ့်ရဲ့ အလုပ်နဲ့ အံဝင်ဂွင်ကျ ဖြစ်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရတာ ၀ါသနာပါသူ ကျမအတွက်..ခု လက်ရှိအနေအထားလေး က အတော်ဟန်ကျတယ်ပြောရမှာပါ.. ၀င်ငွေ၊ စီးပွားရေးအရ တွက်ခြေမကိုက်ပေမဲ့.. ကျမဘ၀ကို ကျမပျော်ရွှင် ကျေနပ်နေမိပါတယ်။
၎။ စာဖတ်ခြင်း
စာတတ်တဲ့လူအတော်များများက စာဖတ်ခြင်းကိုဝါသနာပါတယ်လို့ ပြောကြတယ်.. ဘယ်လောက်ထိလဲလို့ ကျမ မမှန်းတတ်ပေမဲ့.. ကျမကတော့.. လရောင်နဲ့ ဖတ်ခဲ့ဖူးတာနော်..း)။ အသက် ၅ နှစ် အရွယ် ပထမတန်းဖြေပြီးတဲ့ နှစ်မှာ ကျမဖတ်ခဲ့တဲ့ စာအုပ်က ခုထိ အမည်မှတ်မိနေတုန်း.. ဓူဝံရဲ့ မိုးကြယ်မို့လား တဲ့.. ဦးလေးတယောက် ယူလာတာကို မပြီးမချင်း ၂ ရက် ၃ ရက် ဆက်ဖတ်ခဲ့တာ။ အသက် ၉ နှစ် ၁၀ နှစ်မှာ တော့.. အဲဒီခေတ်က ၀တ္တုတွေ စွဲစွဲ မြဲမြဲ ဖတ်တတ်နေခဲ့ပြီ.. ကလျာ၊ မအေးလေး၊ တင်မြင့်၊ မိုးမိုး (အင်းလျား)၊ မောင်သာပြည့်၊ မောင်သာရ၊ လူကြီးတွေမသိအောင် ညဖက် လရောင်နဲ့ ခိုးဖတ်ခဲ့တာမျိုး..။ နောက်ပိုင်း ဖတ်ခဲ့တာတွေ က တော့..အများကြီးပါပဲ.. လောလော ဆယ် ရော လို့ မေးရင်.. ဘလော့တွေ လျှောက်ဖတ်နေပါတယ်..း)။
၅။ မိတ်ကပ်ဗူး၊ လက်သဲဆိုးဆေးဗူး စသည့် ဗူးခွံ ပုလင်းခွံများအား စုဆောင်းခြင်း
အဲဒါတော့ အတော်ဆိုးတယ်... အိမ်မှာ အရမ်း ရှုပ်သမို့.. အတူနေသူတွေဆီ မကြာခဏ ကွန်ပလိန့် လုပ်ခံ ရပေါ့..း)။ ဒါပေမဲ့ ၀ါသနာ ..ဖျာကာလို့ မရ.. ကျမကတော့ ဆက်သိမ်းဆဲ.. တနေရာက တနေရာ ပြောင်းတော့ ဘယ်လိုမှ မသယ်နိုင်တဲ့ ခါမျိုး မှ.. နှမျော တ.. သ .. စွာ.. သံယောဇဉ် ဖြတ်ရတဲ့ အမျိုး..။
၆။ ဖိနပ်အမျိုးမျိုး အား နှစ်သက်စုဆောင်းရန်ဝါသနာထုံခြင်း
ဒီဝါသနာကလဲ ငယ်ငယ်ထဲက ခုထိ.. ရှိနေသေး..။ ဖိနပ်လှလှ မြင်ရင် ဘယ်လိုမှ မနေနိုင်မထိုင်နိုင် လိုချင်မိတာ က..။ မတတ်နိုင် တတ်နိုင်သလောက် ကျန်တာ ခြိုးခြံပြီးတော့ ဖိနပ်တွေ ၀ယ်ဖြစ်တာ။ မကောင်းမှန်းသိပေမဲ့ ခုထိ မစွန့်နိုင်တဲ့ ၀ါသနာပါပဲ..။ အီမဲလ်ဒါ မာကို့စ် ကို ဆို အားကျမိတာ မပြောနဲ့။ တခါ တခါ စိတ်ကူးယဉ်တဲ့ အထဲ.. တကယ်လို့ များ ဘီလ်ဂိတ်က လာပြီး မျက်စိ ကျလို့ ရှိရင်ကောင်းမှာ ပဲ လို့.. :P... ဖိနပ်တွေ စိတ်ရှိ လက်ရှိ ၀ယ်ပစ်လိုက်မှာ..း)
၇။ အပ်ချုပ်ခြင်း နှင့် ဒီဇိုင်းဆွဲ ခြင်း
အသက် ၇ နှစ်လောက်မှာ အဒေါ့် စက် ကို မမီ တမီ တက်ချုပ် ခဲ့တယ်.. ၂ တန်းလောက် ကပဲ ကိုယ့် အကျီင်္ ချုပ်တော့မယ် ဆို. .စက်ချုပ်ဆရာမ အိမ်ကိုယ်တိုင် လိုက်ပြီး ကိုယ် လိုချင်တဲ့ ပုံ ပြောပြ ခဲ့တာမျိုး။ ဒီဝါသနာကလဲ.. ကျမအတွက် အကျိုး ပြု ခဲ့တဲ့ ၀ါသနာ တခုပါ.. ပြန်လည် ထူထောင်ရေး လုပ်ငန်းခွင် တခု မှာ အလုပ်ဝင်လုပ်တော့ ဂျပန်ဒီဇိုင်နာတယောက် နဲ့ ၁ နှစ်ကျော် အနီးကပ် နေပြီး လေ့လာ သင်ယူခွင့် ရခဲ့တဲ့ အပြင် ၆ နှစ်ကျော်လောက် ဂျပန် အပျော်တန်း ဒီဇိုင်းထုတ်လုပ်သူတွေ၊ Pattern maker တွေ နဲ့ အခြားအထည် အ၀တ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ နဲ့ ပါရင်းနှီးဆက်ဆံထိတွေ့ခွင့် ရတဲ့ အတွက်.. တကဲ့ ကို အဖိုးမဖြတ်နိုင်တဲ့ အပြင်.. ကျမရဲ့ ၀ါသနာ မျိုးစေ့လေး ဆက်လက်ရှင်သန်ခွင့် ရခဲ့ပြီး .. ခုထိ ကိုယ့်အ၀တ်အစား ကိုယ်တိုင်ဒီဇိုင်းဆွဲ ကိုယ်တိုင် ချုပ်ပါတယ်..။
၈။ လက္ခဏာဆန်းစစ်ခြင်း
ကျမ၀ါသနာပါခဲ့ တာ အတော်ကြာခဲ့ပါပြီ.. နှစ်ပေါင်း အတော်ကြာ self study လုပ်ခဲ့ပါတယ်..။ လူတွေနဲ့ တွေ့ ရင်.. လက်ကို ပဲ အရင် ကြည့်ဖြစ်တာမျိုး.. စိတ်ထဲ က ဒီလက်ပိုင်ရှင် က ဘယ်လို လူမျိုး ဖြစ်နိုင်လဲ လို့ ကြည့်ရင်း တွေးနေတတ်တာ..။
နိုင်ငံကျော် လက္ခဏာဆရာကြီး တဦးထံမှာမမျှော်လင့်ပဲတပည့်ခံခွင့်ရခဲ့တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုရှိခဲ့ပြီး ဒီဝါသနာ မျိုးစေ့ကို အခြေခံလို့ အချိန် ကာလတခု မှာ .. အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်..
၉။ ကလေးထိန်းခြင်း
တွေ့သမျှကလေး ကောက်ချီတတ်တာမို့ အသက် ၂၀ လောက် ကတည်းက ကလေးအမေ ထင်ခံရတာ မဆန်းတော့..း)။ ငယ်ငယ် တုန်းကလဲ အိမ်နီး အိမ်နား ကလေးမှန်သမျှ.. ကလေးထိန်းမလိုအောင် ကျမ ထိန်းပေး တတ်တာ ။ ကျမ ဘယ်သွား သွား.. ကျမ နား ကလေးတွေ အမြဲ ၀ိုင်းအုံ လို့... ဒီဝါသနာကလဲ ခုတော့ လုပ်ငန်းခွင် မှာ အံဝင် ဂွင်ကျ..။
၁၀။ ဆရာလုပ်ခြင်း
ဒီတခု လဲ အတော် ဆိုးရွားတဲ့ ၀ါသနာ..ဒါပေမဲ့ မဖျောက်နိုင်သေးတာမို့.. လူတကာဆီ အမြင်ကပ်ခံရတာ ခဏ ခဏ.. ...အလုပ်နဲ့ ၀ါသနာ ထပ်တူကျနေလို့ တော်သေး..။
အားနာလိုက်တာ...မျက်စိတွေ အတော်ညောင်းသွားလောက်ကြပြီ.. အားနာလို့ဒီလောက်နဲ့ပဲ နားပါရစေ..နော်..း)
ရေးရအုံးမယ် ဆို .. ကျန်ပါသေး ရဲ့..း). ကျမ က ဟိုစပ်စပ် ဒီစပ်စပ်လေ...။
ကဲ မောင်လေးမျိုးနဲ့ မသီတာရေ.. Tag မိတာ မှားလေခြင်းလို့များ တွေးနေမိကြပြီလား...။
မမသီရိ
Saturday, March 28, 2009
Thursday, March 26, 2009
သူရဲကောင်း
သူတို့ သူရဲကောင်းတွေ ရှိတယ်..။
ငါတို့မှာ..
ငါတို့ သူရဲကောင်းတွေ ရှိတယ်..။
သူတို့ ရဲ့ သူရဲကောင်းက
ငါတို့ အတွက် ရန်သူဖြစ်ချင် ဖြစ်မယ်..။
ငါတို့ ရဲ့ သူရဲကောင်းကလဲ
သူတို့အတွက် ရန်သူ ဖြစ်ချင်ဖြစ်မယ်..။
ငါတို့မှာ
မွေးရာပါ အခွင့်အရေး တွေ
ကိုယ်စီ ရှိနေကြတာမို့
လွတ်လပ်စွာ ကွဲလွဲ ခွင့် ရှိသလိုပဲ
လွတ်လပ်စွာ.. ညီညွတ်ခွင့် လဲ ရှိနေတယ်..။
ဘယ်သူမှန်လို့
ဘယ်သူ မှားသလဲ ဆိုတာ
သမိုင်းက ပြောလေလိမ့်မကွဲ့..။
အသွေးအရောင်တွေ
ကွဲပြားခြားနားနေတဲ့
ရောင်စုံ ဒီကမ္ဘာကြီးထဲ..
တူညီရာ ခံယူချက်တွေနဲ့
ကိုယ်ယုံကြည်ရာ မသွေ လမ်းကို တဲ့..။
ကဲ.. လာ..
နှလုံးသား အရောင်ညီတဲ့ သူတွေ..
အတူတူ ချီတက်ကြစို့ရဲ့..
နေ့သစ်တခု ဆီ..
ရောင်နီ လာလေမလား..
ဝိုးတ၀ါး ရှိနေဆဲ ပေမဲ့......
.........................
ကိုယ်တို့ ရဲ့ သူရဲကောင်းတွေနဲ့ အတူ...။
Professional ကဗျာဆရာတွေ အားလုံးက သူတို့ ရဲ့ ကဗျာတွေ ကို အဓိပ္ပါယ် ဖွင့်ဆိုလေ့ မရှိကြပါဘူး ဘာကြောင့်ရေးရသလဲ လို့ ပြောတာလဲ ရှားရှား ပါးပါး ပါ။ ကျမ ကတော့ Professional ကဗျာဆရာ မဟုတ်တဲ့ အပြင် မိကျောင်းမ သမီးနဲ့ အမျိုးတော်သူမို့.. လျှာက အတော် ရှည်ပါတယ်။ လူမမေးပဲ ပြောချင်လွန်းတဲ့ ..မတီးပဲ မြည်ချင်တဲ့စည်ကလေး တလုံးပါ..။ ဘာအလုပ်လေးပဲ လုပ်.လုပ်.. ဘာလေးပဲ ရေး .. ရေး.. ရည်ရွယ် ချက် က ဘာလဲ.. နောက်ခံသမိုင်း က ဘာလဲ.. ဘာတွေက စေ့ဆော်လို့ ရေးရတာလဲ .. လုပ်ရတာလဲ ဆို တာ .. ဘယ်သူမှ မမေးပေမဲ့ ပြောချင်နေသူ ပါ..။ တပြိုင် နက်ထဲမှာပဲ.. အချိန်လေး အားအား ယားယား ရှိရင်.. ဘလော့ဂ်တွေ လျှောက်လျှောက် လည်တတ် တဲ့ အကျင့်လေးကလဲ ရခဲ့တာမို့.. ခုတလော.. လျှာလဲ ရှည်... ခြေလဲ ရှည် လို့ ပြော ရမယ်ထင်ပါရဲ့.။
ခြေရှည်တယ် ဆိုပေမဲ့.. ကျမရဲ့ ရွာထဲကအပြန်ဆိုတဲ့ ပို့စ်ထဲ မှာ ရေးခဲ့ သလိုပဲ.. ဘယ်လိုသွားလို့ ဘယ်ကို ရောက်တယ် ဆိုတာ သေချာ သိတာ မဟုတ်ပါဘူး..။ ကိုယ့် ဆီလာလည်တဲ့သူတွေထဲက link ထားခဲ့ သူတွေ ဆီကို အလည် ထွက်ဖြစ်ပြီးတော့.. ကိုယ်နှစ်သက်မိသူတွေ.. ခင်မင် မိသူတွေ အသစ် ရေးတာတွေ့ ရင်.. သွား.. သွား.. ဖတ်ဖြစ်အောင် follow လုပ်ဖြစ်တဲ့အခြေအနေက သိပ်ကြာသေးတာ မဟုတ်ပါဘူး..။ အဆင်ပြေပြေ လျှောက်လည်တတ်တာ လပိုင်းလောက်ပဲရှိ အုံးမယ် ထင်ပါရဲ့.. ..။ ဒီ အဆင့်ကို မရောက်ခင်လေး တုန်း က.. အကိုအောင်သာငယ် ရဲ့ ဘလော့ဂ် ထဲက recent posts list ထဲမှာ.. နီရူဒါ ဆိုတဲ့စကားလုံးလေး တလုံးပါတဲ့ ခေါင်းစဉ်နဲ့.. ပို့စ်အသစ်တင်တဲ့ ဘလော့ဂ်တခုတွေ့မိတာနဲ့ အားရပါးရ ၀မ်းပန်းတသာ click လုပ်ပြီး အလည်သွားမိခဲ့ပါတယ်.. ဘာလို့ လဲ ဆိုတော့ ကျမက ငယ်ငယ် ထဲ က ဆရာကြီး နီရူဒါ ကို စွဲလမ်းခဲ့ သူ တယောက် မို့ ပါပဲ..။ သေချာတော့ မမှတ်မိတော့ပေမဲ့.. အဲဒီ ကဗျာထဲမှာ.. နီရူဒါရဲ့ ကဗျာတပုဒ် ထဲ က စကားစုဖြစ်တဲ့ ငါ့တိုင်းပြည်လေးမှာ သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် ဆိုတဲ့ (ကိုအောင်သာငယ် ရဲ့ ဘန်နာ နဲ့ မနောဟရီရဲ့ ဆိုဒ်ဘားထဲ မှာ အဲဒီစကားစုလေး ရှိပါတယ်) စကားစုလေး ကို သုံးထားပါတယ်.. ပြီးတော့မှ ဆက်ရေးထားတာက.. အဲဒါကြောင့် ပဲပြုတ်နဲ့ကြော်စားလိုက်တယ် တဲ့... မျှော်လင့်တကြီးနဲ့ရောက် သွားတဲ့ ကျမ .. ရင်ဝဆီးကန် သလိုမျိုးခံစား ရပြီးတော့ .. အတော် ၀မ်းနည်းသွားခဲ့မိပါတယ်..။ ဘလော့ဂ်လောက ထဲ မလည်မ၀ယ်အဆင့်မှာပဲရှိပြီး.. ၀မ်းပန်းတနည်းခံစားနေခဲ့ရတာမို့.. အဲဒါ ဘယ်ဘလော့ဂ်လဲဆိုတာ ကျမ မမှတ်မိတော့ပါ ဘူး..။
ခု .. အဲဒီ အကြောင်း ပြန်ရေး နေရ တာ က.. အဲဒီ ကဗျာရေးခဲ့ တဲ့ သူကို ကျေးဇူး တင်ချင်လို့ပါ.. သူ့ကြောင့်မို့လို့.. ကျမ ငယ်ငယ် ထဲက လေးစားခဲ့ရတဲ့.. ကျမရဲ့ သူရဲကောင်း တယောက် ဖြစ်တဲ့.. အာနက်စတို ချေဂွေဗားရား ရဲ့.. တော်လှန်ရေး စိတ်ဓါတ်နဲ့ ခံယူချက် မျိုးစေ့ကို နှိုး ဆွပေးခဲ့သူ.. ချီလီ မျိုးချစ် ကဗျာဆရာကြီး.. ပတ်ဗလိုနီရူဒါ ရဲ့ အကြောင်း.. သေချာ လေ့လာခွင့်ရခဲ့ပါ တယ်..။ အဲဒီကဗျာအောက် မှာ ကဗျာရေးသူ က link ကလေး တခု ပေးထားခဲ့တာမို့ပါ..။
နှစ်တွေအလီလီ ပြောင်း လို့ ..ခောတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းခဲ့ ပေမဲ့.. အမှန်တရားကို မြတ်နိုးပြီး
ကျမ အသက် ၁၃ - ၁၄ လောက်မှာ အဲဒီခေတ်က ဖတ်ခဲ့ရတဲ့.. နိုင်ငံရေးနဲ့ တော်လှန်ရေးသူရဲကောင်းပုဂ္ဂိုလ်တွေ ရဲ့ ကြားထဲမှာ ဖီဒဲလ်ကပ်စထရို အကြောင်း. နှစ်နှစ်သက်သက် ဖတ်ရင်း.. သူ့.ရဲ့ ရဲရင့် လှတဲ့ ကမ္ဘာကျော် လျှောက်လဲချက်တွေ ကို..ဖတ်ရင်း.. သူတန်ဖိုးထား လေးစား တဲ့.. သူရဲ့ ညာလက်ရုံး လို့ ပြောလို့ ရတဲ့ .. ရဲဘော် အာနက်စတို ချေဂွေ ဗားရား ကို ပါ ရင်းနှီးခဲ့ရပါ.တယ်။ . ရဲဘော်ချေ အကြောင်းတွေ ဖတ်ရင်းနဲ့.. သူ ငယ်ငယ် ကလေးဘ၀မှာ .. သူ့အဖေ ယူလာပေး လို့ ဖတ်ခဲ့ရတဲ့.. ဆရာကြီး နီရူဒါ ရဲ့ ကဗျာတွေ ဖတ်ပြီးတော့.. ဖိနှပ်ခံ ပြည်သူတွေ အတွက် အနစ်နာ ခံချင်တဲ့စိတ်လေးရခဲ့ တယ်ဆိုတာ သိခွင့် ရခဲ့ ပါတယ်.. သူကြိုက်တဲ့ ဆရာကြီး နီရူဒါရဲ့ ကဗျာ အပိုင်းအစ တွေကို သူ့ရဲ့အတ္တုပတ္တိ ဖတ်ရင်း တမက်မောမော ဖတ်ခဲ့ နှစ်သက်ခဲ့ ပြီးတဲ့ နောက် ဆရာကြီး အကြောင်း ကို ပိုသိချင်ခဲ့ပေမဲ့.. .အခွင့် မကြုံတာမို့ ... သေချာ မသိခဲ့ရပါဘူး.. ။
ခုတော့ ကျမ မမှတ်မိတဲ့ ဘလော့ဂ်ဂါလေးတယောက်ကြောင့်..ငယ်ငယ် ထဲကရှိနေခဲ့တဲ့ကျမရဲ့ဆန္ဒ တခု ပြည့်ခဲ့ရပြါ့ပီ.. နီရူဒါရဲ့ သစ်မြစ်တွေ ကို ပဲပြုတ်နဲ့ကြော်စားလိုက် လို့.. ၀မ်းနည်းရတာ က လွဲ ပြီးတော့ပေါ့လေ..။
အပေါ်က ကဗျာ ကတော့ အဲဒီနေ့ က သန္မေတည်ခဲ့တဲ့ ခံစားချက်ကို အခြေခံပြီးရေးဖြစ်ခဲ့တဲ့ ကဗျာ ပါ..။
မမသီရိ
Monday, March 23, 2009
ဘိလပ်မှန်ကွဲ
မေမေ့မှာ သမီး ပဲ နှစ်ယောက် ထွန်းကားပါ တယ်.. တယောက်က ကျမ ပေါ့နော့။ အဲဒီကျမ က မှန်ဘယ်လောက် ထိ ကြိုက်သလဲမေး ရင်.. ကျမတို့အဘောင်ကြီး က ကျမကို နာမည် ပေးထားခဲ့တာ.. ဘိလပ်မှန်ကွဲ ..တဲ့လေ..း)။
ကျမမှန်ကြိုက်တာ လူမှန်းသိတတ်စ ငယ်ငယ်လေး ထဲကတည်းကနော်၊ တချိန်လုံး မှန်ပဲ ကြည့်နေတာတဲ့၊ အမေ့ မိတ်ကပ်ဗူးတွေ ကော်ပြီး မျက်နှာမှာသုတ်တာ အသက် ၁ နှစ်ကျော်ကျာ် ၂နှစ် မပြည့်သေးတဲ့ အချိန်က၊ အမေ့ အ၀တ်အစားအသစ်တွေ.. အဲဒါ မမ ဟာတွေ လို့ပြောပြီး ကောက်စု တာ အမေ့ကို ပေးမ၀တ်တာ အသက် ၃ နှစ် မပြည့်ခင်၊ မျက်နှာမှာ သနပ်ခါးတွေ အုံလွန်းလို့ ..ဟယ်.. မမ မျက်နှာက စပါးလှန်းဖျာ နချီးကျံထားတဲ့ အတိုင်းပဲ လို့ လူတွေ ၀ိုင်းနောက်ခံရတော့ အသက် က ၄ နှစ်ပဲ ရှိခဲ့တာ၊ လက်နှစ်ဖက်လုံး လက်သည်း အရှည်ထားတော့ အသက် ၁၀ နှစ် မပြည့်သေးတဲ့ ၅ တန်းကျောင်းသူ။ အမေဆူတဲ့ ကြား ဆရာမတွေ ဆူတဲ့ ကြားက မရ အရ ထားတာနော်.. ၉ တန်းရောက်တော့ ခြေသည်းတွေပါ အရှည်ထား ပြီ..။
အဲဒီလောက်အလှမက်သူ ကျမ ဘယ်လောက် ချောသလဲ ပြောပြပေး ပါမယ်..။
ဆံပင် ကကောက်ကောက်.. နဖူးက ကျယ်ကျယ်.. နဲနဲ မောက်ချင်သေးတာ အဲဒီ နဖူးက၊ နှာတံက ခပ်မြင်မြင့် ခပ်ပွပွ၊ နှုတ်ခမ်းက ခပ်ထော်ထော်.. အာက ခပ်ပြဲပြဲ၊ မျက်လုံးက ခပ် ပြူးပြူး ညိုတိုတို၊ ပါးမှာ အသား သိပ်မရှိ.. နားရွက်လေး ကကားကား၊ မျက်ခုံး က ရေးရေး လေးပဲ ပါတာ၊ မျက်တောင်ကလဲ ဆင်းရဲသလား မမေးနဲ့၊ အသားလေးက ကြေးညိုရောင်ရင့်ရင့်၊ အရပ် ခပ်ပုပု၊ ကိုယ်အတိုင်းအတာ က ငယ်ငယ်က (၂၇ - ၂၁-၂၈)- ခု (၃၄-၃၀-၃၄)..း)... ပခုံးရိုး ခပ်ကားကား၊ ဗိုက်ခေါက် ခပ်ထူထူလေးနဲ့.. တင်ပိန်ပိန်လေး နဲ့... ကဲ... မြင်ယောင် ကြည့်လို့ ရကြရဲ့လား မသိ ဘူး.. ကျမရဲ့ ပုံသဏ္ဍန် လှလှလေးကို..။
အဲဒီလောက်ထိ ချောတဲ့ အဘောင်ကြီး က ဆင်းသက်လာတဲ့ မျိုးဆက်ထဲ မှာ.. ကာလရွေ့လျားလာတော့.. ဂျင်းန် တွေ က ဘာဖြစ်သွားလဲ မသိပါဘူး.. ကျမ ကျတော့.. အမေ့မလှတာတွေ.. အဖေ့မလှတာတွေ အကုန်လုံး စု ထားတဲ့ ရုပ်ကလေး ထွက်ခဲ့တာလေ..
ခြေတွေ လက်တွေ က လှသလား မေးအုံး... လုံးဝ ပဲ .. မလှတာမှာ..း)..။ ဦးလေး တယောက်ဆို ပြစ်ပြစ်နှစ်နှစ် ပြောတာ.. တူမလေးရယ်..နင့်လက်တွေက ကြက်ခြေသည်းတွေ ကျနေတာပဲ လှတာလဲ မဟုတ်ပဲ ထားမနေပါနဲ့ တဲ့... အဲဒီဦးလေး.. စိတ်ကောက်ပြီး စကားကောင်းကောင်း ပြန်မပြောဖြစ်တာ.. သူ နိုင်ငံခြား ထွက်သွားတဲ့ထိ..။
အားတဲ့ အချိန်တိုင်း လူက မှန်တင်ခုံရှေ့မှာ..။ တအိမ်လုံးမှာလဲ နေရာအနှံ့ ထားလို့ ရသမျှ မှန်တွေ ချိတ်ထား တာ အရွယ်လေး နဲနဲ ရောက်ကတည်း က။ ငယ်ငယ်ထဲက ဆိုးလာတဲ့ လက်သည်းဆိုးဆေး ဗူးခွံတွေ.. မိပ်ကပ်ဗူးခွံတွေ ကုန်သွားလဲ လွှင့်မပစ်ပဲ ကျမအိပ် ခန်း ပတ်ပတ်လည်က ကြွက်လျှောက်လေးတွေ မှာ စီတင်ထားသေးတာ .. မနည်း မနော ပါပဲ။ ကျမအခန်းထဲ ရောက်ဖူးတဲ့ သူငယ်ချင်းတွေ ဆို .. အဲဒီဗူးခွံတွေ ကြည့်ပြီး.. အမြဲ တအံ့ တသြ ဖြစ်ဖြစ်သွားတတ်တာလေ..။ ဖေဖေ ကပြော ရှာတယ်.. မမ ရယ် သမီး ရူးတာတွေ လူမသိစေနဲ့.. အဲသလောက် အလှ မက်မှန်း အဲဒီဗူးခွံတွေ မြင်သွား သိသွား တဲ့ ယောင်္ကျားလေးတွေ သိသွားရင်.. သမီးကို ယူ ရဲသူ ရှိမှာ မဟုတ်တော့ဘူး တဲ့...း)..။
အဲသလောက်ထိ ရုပ်ဆိုး ပြီး.. မှန်ကြိုက် သူလေး ကို.. ကျမရဲ့ အဘောင်ကြီး က သူ စိတ်တိုလာရင် ဘိလပ်မှန်ကွဲ ခေါ်တော့တာ ဘယ် ဆန်းမလဲ နော်..။ ကျမ ကြည့်လွန်းလို့ ဘိလပ်က လာတဲ့ မှန်တောင် ကွဲ ကုန်မှာ မို့တဲ့..။
အဲသလောက်ထိ အလှတွေ ပြင်၊ အဲသလောက် မှန်ကြိုက်ပေမဲ့.. ကျမ အသက် ၂၀ ထိ ဘယ်ကောင်လေး ကမှ ချောတယ် ပြောတာ မခံ ရပါ.. (ချောမှ မချောတာကို နော်..း)...ရဖူးတဲ့ ရီးစား စာ ၃ - ၄ စောင်ထဲမှာ လဲ ချောတယ်လို့ ပါဖူးဘူး ..ဒါပေမဲ့.. အသက် ၂၀ နဲ့ ၂၇ ကြား မှာတော့ ချောတယ်လို့ ပြောသူတွေ ရှိလာခဲ့တယ်.. တပည့်တွေ လေ.. တပည့်တွေ.. ကိုယ့်ဆရာမ ကို ချစ်လို့ချောခဲ့ကြတာ...ရွယ်တူ ယောင်္ကျားလေးတွေ ကတော့ မပြောပါဘူး..။ အသက် ၂၇ ကျော်တဲ့ အချိန် မှာ.. ရွယ်တူ မိတ်ဆွေအချို့ လုပ်ဖော်ကိုင်ဖက် အချို့ က ချောတယ်လို့ ပြောလာခဲ့တယ်.. ကဲ အံ့သြ စရာမကောင်းဘူး လား..။ ခု ၃၅ ကျော်လို့ ၄၀ မှာ.. တွေ့တဲ့သူ အများစု က.. ချောတယ်တဲ့ ရှင့် .. အမျိုးသားတွေကရော ပြောတာ.. မယုံလဲ မတတ်နိုင်ဘူးနော်...း)... ကိုယ့် ကို ချောတယ်လို့ ပြောလာခဲ့ရင် အလိုက်သင့်လေး.. Thank You လို့ ပြောကျင့် ရခဲ့တာ ကြာပေါ့...။
အဲသလို အပြောခံ ရအောင် အတော်ကြိုးစားရတာနော်.. လွယ်လွယ်နဲ့တော့ ဘယ်ရပါ့ မလဲ..။ အမြဲတမ်း စိတ်ကိုကြည်လင်အောင် ထားရတယ်၊ မျက်နှာမှာ အပွင့်လင်းဆုံး အပြုံး ပန်း စဉ်အမြဲ ပွင့်နေအောင် ကြိုးစား ရတယ်.။ နေ့စဉ် လမ်းလျှောက်တယ်။ တွေ့တဲ့သူတိုင်းကို တတ်နိုင်သရွေ့ မေတ္တာ ထားနိုင်အောင်.. နားလည်ပေးနိုင်အောင် ကြိုးစားပါတယ်.. (လူတိုင်းကိုမရနိုင်တာက တကဏ္ဍပေါ့နော်း) တဖက်သား ပြောတဲ့စကား အလေးပေး နားထောင်ပေးပါတယ်။ အလုပ်ထဲပျော်အောင်.. ကိုယ်လုပ်တဲ့ အလုပ်ကို နှစ်သက်တဲ့စိတ်ဖြစ်အောင် အမြဲထားပါတယ်။ တခါတလေတော့လဲ လူပီပီ ဒေါသထွက်မိရင် .. ရင်ဖွင့်လို့ ရမဲ့သူရှာပြီး .. အတင်းတုတ်ပါတယ်..း)..။ ကလေးတွေ နဲ့ တတ်နိုင်သရွေ့ အချိန်လေးမှာ နေပေးပါတယ်။ တွေ့ သမျှကလေး ကောက်ချီပါတယ်။ စိတ်ညစ် ရင် သီချင်း အော်ဆိုပါတယ် ။ ရေများများ သောက်ပါတယ်။ အသီးအရွက်များများ စားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အလှ အပ တွေ အမြဲ အလေးအနက် ခံစားပါတယ် (ဟော ..တိမ်တောက်တာလေးက လှလိုက်တာ.. ဟော သက်တံလေးက ဘယ်လောက် လှသလဲလို့.. အဲ နှင်းတွေ ကျတာ ချစ်စရာကောင်းလိုက်တာ. .. အင်း ..မိုးစက်လေးတွေ ရဲ့ ရနံ့ က သင်းပျံ့ ပါဘိသနဲ့.... နဲ့ကျမအတွက် ဒီလောကကြီးက အရာရာဟာ လှပနေတတ်ပါတယ်).။ နေပူ ထဲ ထွက်တဲ့အခါ နေပူကာမဲ့ အ၀တ်အစား၊ ဦးထုပ်၊ ထီး၊ မျက်မှန် တပ်ပါတယ်.. UV whitening သုံးပါတယ်။ ရာသီဥတု၊ ကာလ ဒေသ၊ အချိန်အခါ နဲ့ သင့်တင့်ရောက်ပတ်တဲ့ အရောင် ဒီဇိုင်း အဆင်အသွေး ပါ အ၀တ်အစား ၀တ်ပါတယ်။ အဓိကဖြစ်တဲ့ အသက် ကိုမေ့ထား ပါတယ်..း)..။
ကြုံတုန်း နဲနဲ ထပ်ကြွားပါ ရစေအုံး..... အင်တာနက်ဆိုတာ ကြီး စသုံးဖူး တော့... ဘာမှန်းမသိ ..တွေ့သမျှ မြင်သမျှ လျှောက် ကလိရင်း .. မိတ်ဆွေတချို့ အင်ဗိုက်လုပ်လာတဲ့ Friendship Web တခု နှစ်ခု မှာ ဓါတ်ပုံ တချို့ တင်ပြီး အရူးထခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်.. (အသက်ကို အမှန်ပဲ ထည့်ပေးထားခဲ့တာပါ..း) ။ လာလိုက် တဲ့ မိတ်ဆက်စာတွေ.. လာလိုက်တဲ့ ရီးစား စာတွေ.. ကြွား တာဟုတ်ဖူး နော် တကယ် အတည်ပြောနေတာ..း)..။ အဲ တခုတော့ ရှိသပေါ့ လေ... ပို့သမျှလူတွေက မြန်မာ တယောက် မှ မပါ ပါ ဘူး..း)..။ မိုင်ပေါင်းများစွာ ဝေးတဲ့ဒေသတွေ က နိုင်ငံခြားသားတွေ...း)... ကျမရုပ် က မြန်မာကြိုက် မဟုတ်လို့ နဲ့ တူရဲ့...း)..။ ခုတော့ အလုပ်ရှုပ်လွန်းလို့.. အဲဒီ Web တွေ ပိတ်လိုက်ရတာ ကြာပေါ့.....။
လွန်ခဲ့တဲ့ အချိန်ကာလ အနည်းငယ်လောက် ထိ ကျမ ဘ၀အတွက် အလှအပ ဟာ အတော့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါခဲ့ပါတယ်။ လက်သည်း လေးတချောင်းကျိုးသွားရင်၊ ခြေသည်းလေး တချောင်းကျိုးသွား ရင် စိတ်ညစ်ခဲ့ရတာများ..။ မျက်နှာမှာ ဘုသီးလေး တဖု လောက် ဆို.. စိတ်ညစ်လိုက်တာများ.. ။ တနေ့.. တနေ့ အလုပ် မသွား ခင် မှန်ရှေ့ မှာ အနည်းဆုံး မိနစ် ၃၀ နဲ့ ၄၀ ကြား ကျမ အချိန်ပေး ပါတယ်..။ ကျမ၀င်ငွေ ရဲ့ ရာခိုင်နှုန်း ခပ်မြင့်မြင့် ကို အလှအပ အတွက် သုံးပါတယ်။
ဒါပေမဲ့.... ကျမရင်ထဲ မှာ.. ပုလဲလေးနဲ့တူတဲ့နှလုံးသား ရှိနေတယ်.. ပြင်ပက အလှအပ ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းလဲ နိုင်ပေမဲ့ .. နှလုံးသား အလှကတော့ ဘယ်တော့မှ မပြောင်းလဲ နိုင်တဲ့ သစ္စာပါပဲ လို့ သိသွားပြီး ပြောလာသူ တယောက် ရှိခဲ့တဲ့ နောက်ပိုင်းမှာတော့ .. ကျမအတွက် ပြင်ပန်း အလှတွေ ဟာ နံပါတ် တစ်နေရာမှာ မရှိတော့ပါဘူး.. နေ့စဉ် ပြင်နေကျ ၀တ္တရား အတိုင်း အလှ ကတော့ ပြင်ဆဲ. အသားအရေ ထိမ်းသိမ်းစောင့် ရှောက်ဆဲ ပေမဲ့... နှလုံးသား ထဲ က ပုလဲ ရတနာလေး ကို ပိုမို တန်ဖိုး ထားတတ်ခဲ့ ပါပြီ။ ခုချိန် ထိ အသက်အရွယ် ကြီးရင့်လာတာကို .. ၀မ်းမနည်းဖူးခဲ့ ပဲ. ရလာတဲ့ အသက်အရွယ်ကို ကျမ ပိုမို နှစ်သက်ခဲ့ပါပြီ။ ကိုယ့်ရင်ထဲက ပုလဲလေး ကို ပိုမို လင်းလက်လာစေဖို့ အတွက် ကတော့ ကျမမှာပဲ တာဝန် အရှိဆုံးပဲ ပေါ့နော် ..။ အဘောင်ကြီး ရဲ့ ဘိလပ်မှန်ကွဲလေး ခုတော့ .. အပြင်ပန်း အလှ အပ တွေ အပြင် .. နှလုံးသား လှဖို့ အတွက် ပါ.. မှန်ပို ကြည့်ဖြစ်နေတာ.. .. တမလွန်က အဘောင်ကြီး.. သိနိုင်မယ် မထင်တော့...။
မမသီရိ
Wednesday, March 18, 2009
နွေဦးအလွမ်း
ပေါက်ပန်းနီနီ
လဲပွင့်စီ...နီတယ်လေ့... စီတယ်လေး...။
.............
ကသစ်ရဲရဲ
ရိုးတံကျဲ...ရဲတယ်လေ့ ... ကျဲတယ်လေး...။
.............လက်ပံပွင့်သွေး
ဖယောင်မွှေး..သွေးတယ်လေ့ ... မွှေးတယ်လေး...။
...........နှင်းပွင့်စီစီ
မြူမင်းရီ...စီတယ်လေ့... ရီတယ်လေး...။
..............
တေးဖွဲ့တျာသီ
ကျေးငှက်မြည်...
သီတယ်လေ့.... မြည်တယ်လေး...။
................
ရှစ်ခွင်ရပ်တိုင်း
မှုန်မှုန် မှိုင်း...
ဆိုင်းတယ်လေ့... မှိုင်းတယ်လေး...။................
ဘယ်ကိုကြည့်ကြည့်
မြင်ယောင်မိချစ်သူ့မျက်နှာ.. ပတ်ဝိုင်းလာ...
လွမ်းတယ်လေ့ လွမ်းတယ်လေး....။..............
..............(မိန်ရာသီ တပေါင်းလ ဆိုတာ ပတ်ဝန်းကျင်သာယွာန်းလို့ ရသေ့သူတော်စင်တွေ တောင်ဈာန်လျှော တယ်ရယ်လို့ စာဆိုရှိတဲ့ လပါ... မြို့ကြီးမှာနေသူတွေ အတွက် အပူရှိန် တိုးလာတာကလွဲ လို့ သိပ် သတိထားမိကြမှာ မဟုတ်ပေမဲ့.. တောရိပ် တောင်ရိပ် နဲ့ နီးတဲ့ ကျေးလက်ဒေသတွေ မှာတော့... သာယာလှတဲ့ သဘာဝ အလှအပ တွေကို.. တစိမ့်စိမ့် ခံစားနိုင်ကြပါတယ်.. မနက်စောစော ပိုင်းမှာ.. နှင်းဥလေးတွေ သီးနေပြီး.. နေရင့်လာတဲ့ အချိန်မှာတော့.. မြူခိုးတွေ ဆိုင်းနေတဲ့.. တောတောင် သဘာဝ အလှ၊ ရာသီ အလိုက်ပွင့်ကြတဲ့ ပေါက်၊ လက်ပံ၊ ကသစ် စတဲ့ ပန်းနီနီတွေ က ဟိုမှာ..ဒီမှာ..၊ ရောင်စုံ ဖယောင်းသစ်ခွ ဖြူဖြူ၊ ပြာပြာ၊တွေ ကလဲ လက်ညှိုးထိုး မလွဲ.. ငှက်ကလေးတွေကလဲ တီတီတျာတျာ.. ကျီကျီကျာကျာ .. တေးသီလို့.. မောင်နှံ လည်ယှက် သစ်ရိပ်တွေ ထက်မှာပေါ့..။
ဇာတိမြေကို အလွမ်းဆုံးအချိန်ကို ပြောပါဆိုရင် ကျမအတွက်တော့.. ဒီရာသီပါပဲ.။ တိတ်ဆိတ် ငြိမ်သက်တဲ့ ကျေးရွာလေး တရွာရဲ့ အစွန်က ခြံကျယ်ကြီးထဲ မှာ ရှိနေမဲ့.. ပြုစုသူမဲ့.. သစ်ခွ ရိုင်းတွေ..။ တောင်စောင်းလေးပေါ် မှာရှိတဲ့ အိမ်မြင့်မြင့်ပေါ် က လှမ်းကြည့်လိုက်ရင်. ဆင်ခြေလျောလေး.. ဆင်းသွားတဲ့ တိတ်ဆိတ်နေတဲ့ မြေနီ လမ်းလေး.. ဟိုးဝေးဝေး မှာတော့.. တောင်တန်း ပြာပြာတွေ က.. ဘာမှ မသိလို ပဲ အိနြေ္ဒရရ လဲလျောင်းကောင်းတုန်း ပဲ နေမှာပေါ့... ကျမရဲ့ မနက်ခင်းတွေကို လာနှုတ်ဆက်ဖူးတဲ့ ငှက်ကလေးတွေကရော.. ကျမလွမ်းနေတာ.. သူတို့ သိပါ့မလား.။ .. မြို့ပြရဲ့ အရိပ်တွေ နဲ့ ဝေးကွာ တဲ့.. တိတ်တိတ်ဆိတ်ဆိတ် ရွာလေး.. ဘေးနားကတောင်ကုန်း မိုမို တွေ... နွေဦးပန်းတွေ.. ကျေးငှက်လေးတွေ ရဲ့အသံတွေ.. ခြောက်သွေ့နေတဲ့..လယ်ကွင်း မှိုင်းမှိုင်းတွေ.. ပြီးတော့.. ဘယ်တော့မှ ပြန်မရ နိုင်တော့ တဲ့.. ငယ်ဘ၀တွေ..
လွမ်းလိုက်တာ.......ကျမ ဘယ်ကို ပဲ သွာသွား .. သယ်သွားတဲ့ အထဲမှာ.. ကျမ ငယ်ငယ် ထဲက ခုချိန်ထိ စိတ်ကူးပေါ်တိုင်း ချရေးထား တဲ့. .. ကဗျာ မှတ်စု အကြမ်းတွေ .. ငယ်ငယ် ထဲ က အုံးခဲ့တဲ့ ခေါင်းအုံးလေး တလုံး... ငယ်ငယ် ထဲ က သောက်ခဲ့တဲ့ ကော်ဖီခွက်လေး တခွက် နဲ့.. နောက်ပိုင်း ကင်မရာလေးတလုံး ပိုင်ခဲ့တဲ့ အချိန်မှာ.. တွေ့ရာ မြင်ရာ ဖမ်းရိုက်ထားတဲ့ ဓါတ်ပုံတွေ ထည့်ထားတဲ့.. IBM USB 2.0 တစ်ခု ပါ ပါ တယ်..။
အဲဒီအထဲ က ပုံလေး တချို့ ကျမလိုပဲ အိမ်လွမ်းနေသူတွေ အတွက်မျှဝေပေးလိုက်ပါတယ်။
ပေါက်ပန်းနီနီတွေ
မြူတွေဆိုင်းတဲ့.. တောင်တန်းများ
နွေဦး ဆည်းဆာ အလှ..
ကသစ်ပန်းတွေ
ဖယောင်းရိုင်း
ခြောက်သွေ့နေတဲ့ လယ်တောများ
လက်ပံနီနီ
လန်းဆန်းတက်ကြွနေတဲ့ ဖယာင်းဖြူဖြူ တွေ
အလွမ်းတောင်ကြား
Monday, March 16, 2009
ဘလော့ဂါ ကိုအောင်သာငယ် မွေးနေ့
ဟိုတစ်ချိန်ခါတုန်းကတော့..
ကောင်းကင်မေမေရဲ့
တောက်ပတဲ့ ကြယ်လေးတစ်ပွင့်..
ခုများတော့လဲ..
သူကိုယ်တိုင်..
ကြယ်ကလေးတွေကိုထွေးပွေ့ထားတဲ့
ကောင်းကင်ပြာကြီး လေ....။
သူဟာ..ဟို တစ်ချိန်တစ်ခါတုန်းကတော့..
ယုံကြည်ချက်တွေအတွက်
သူချစ်တဲ့ အမေ့ကိုခွဲ
အလင်းတွေထဲ ရဲရဲကြီး ပြေးဝင်..
အသွင် အသစ် စာမျက်နှာတွေဖွင့်ဘို့ အတွက်...
ဒေါနရဲ့ရင်ငွေ့ကို လှုံ
သောင်ရင်းရဲ့ ရေကြည်ကိုသောက်ခဲ့တဲ့
ဇာမဏီငှက်ကလေး တစ်ကောင်..
ခုများတော့လဲ..
ဟိုးအမြင့်တစ်နေရာဆီ
ပျံသန်းဘို့ရာ
အစွမ်းကုန်အားယူနေတဲ့
(ဘယ်တော့မှ မသေဆုံးနိုင်တဲ့)
ဖီးနစ်ငှက် တစ်ကောင်ပေါ့..............။
သူဟာ..
သူ့တိုင်းပြည်ကလေးက
သစ်မြစ်ကလေးတွေကိုတောင်ချစ်တယ်
သူ့အမေကိုချစ်တယ်
ကဗျာတွေကို ချစ်တယ်..
ဂီတ ကိုချစ်တယ်
သံစဉ်တွေကို ချစ်တယ်
မိုးကောင်းကင်ကြီးကိုချစ်တယ်
ပင်လယ်ပြာပြာ ကို ချစ်တယ်
တောင်တန်းတွေကို ချစ်တယ်..
လပြည့်ညကို ချစ်တယ်
နီရူဒါကို ချစ်တယ်..
နီရူဒါရဲ့ ကဗျာတွေကို ချစ်တယ်
လွတ်လပ်မှု ကိုချစ်တယ်..
သူ့ငှက်ကလေးတွေကိုချစ်တယ်
ပြီးတော့...
နှင်း.... ကိုချစ်တယ်.......။
သူ့ရင်ထဲမှာ
ကဗျာတွေနဲ့ နူးညံ့နေတဲ့
နှလုံးသား တစုံ ရှိတယ်..
အမှန်တရား ကိုမြတ်နိုးတဲ့
နှလုံးသား တစုံ ရှိတယ်
ထိရှကြေကွဲ လွယ်တဲ့
နှလုံးသား တစုံရှိတယ်
ဂီတ သံစဉ်တွေဖွဲ့ သီနေတဲ့
နှလုံးသား တစုံရှိတယ်..
.........
ဇာမဏီငှက် ကလေးရေ..
မွေးနေ့ပေါင်းများ စွာ ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေကြောင်း..
ဆုမွန်ချွေ တောင်း လိုက်ပါရဲ့...
နှစ်ပေါင်း ရာချီ တဲ့ တိုင်......။
၁၇.၃.၂၀၀၉ မှာ ကျရောက်တဲ့ အကို အောင်သာငယ် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် မွေးနေ့ပေါင်းများစွာကို အကို ချစ်သော ငှက်ကလေးများ၊ အကိုချစ်သော နှင်း နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ..။ အကိုချစ်သော မိသားစု နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ..။
.....................................................................................................
မမသီရိ
Saturday, March 14, 2009
ကျန်နေသေးသော လမ်းတပိုင်းအတွက်
ဆန္ဒ (၁)
..
ငါ...
ကတ္တီပါဖိနပ် မလို..
ရွှေထီးလဲမဆောင်း
အဟောင်းတွေ အသစ်ဖြစ်ဖို့
ခံယူချက်တွေ ရောင်းစား တဲ့ အထဲတော့ မ၀င်လို..
..
ငါ...
လင့်ခရူဇာ မစီး..
တိုက်ကြီးလဲ မလို..
ပိုပိုသာသာတွေး..
ချိုချို သာသာလေး ပြောပြီး..
နောက်ကျော ဓါးနဲ့ ထိုး..
အန္ဓ လူအမျိုးတော့ မဖြစ်လို....
..
ငါ...
ထောင်သောင်း အနန္တ..
ပူပန်သောကတွေ ပြည့်ဝ
ချစ်စရာရှိရင် ချစ်ကြ
မုန်းစရာရှိတာ မုန်းကြ
အစွန်းတရား တဖက်ဆီထိမကျ..
ကြည်နူးစရာများလဲ မျှဝေ ခံစား..
သာမန်လူတန်းစားက
လူသားဆန်တဲ့..
လူတယောက်အဖြစ်ပဲ.. ရ ရလို...။
..
..
ဆန္ဒ (၂)
ဘဝ
ပုံစံတကျ.. ရှိချင်မှ ရှိတတ်တယ်
..
Wednesday, March 11, 2009
အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်ရှင်မ
Thursday, March 05, 2009
ဂလိုက်ဒါလေး တစ်စီးရဲ့အကြောင်း



..ဟွန့်..