Saturday, September 15, 2012

မချိုမြိန်သော နေ့စွဲများ...

ကြည်စင်နေတဲ့ မိုး ကောင်းကင်
လွင့်နေအောင် မြင့်နေလိုက်တာများ ...
တစ်ခါ တစ်ရံ.. အမြင့်ပျံ ငှက်တွေ ဖြတ်သွား ဖြတ်လာ
တစ်ကောင် စ နှစ်ကောင်စ တော့ တွေ့သား...
ရီးလေးခိုလို့ သာ ရလိုက်ချင်..
ခပ်ဝေးဝေးမှာ..
ကားတွေ တစ်စိး တစ်လေ ဖြတ် သွား ဖြတ်လာ သံလဲကြားမိရဲ့

ဘေးနား မှာ ဆူဆူညံညံတွေ နဲ့ အထီးကျန်မှု..

ဒီကမာ ကြိး က ကျဉ်းသတဲ့... လူတွေပြောတော့ လွယ်.လွယ်.
မေမေ့ ထောင့်ချိုးကွေးကွေး ကလေးက
နံရံ လေးဖက် နဲ့မြင့်မား ..
လျှောက်ရမဲ့လမ်းက ပူပြင်း ကျယ် ပြောလွန်းလှတယ် ..

မေ့မေ့ ကြယ်ပွင့် ကလေး..
မေမေ့ ဆင် ကလေး...
မေမေ့ ၀က်ဝံ ကလေး....

တခါ တရံပေါင်း များစွာ ထဲ ..
အမှန်တရား ဟာ စိတ်ညစ်ညူး ပြီး ခြေဦးတည့်ရာ အဝေးကို ထွက်သွားတယ်..
သူ စိတ်ပြန်လည်ဖို့.. ဆုတောင်းရုံက လွဲ.. ဘာမှ မတတ်နိုင်တော့တဲ့ အခါ...
နေ့ရက် နာရီတွေ ခါးသီးလွန်း ...
အလွမ်းတွ က ရေနည်းငါးလို .. တဖျတ်ဖျတ် ခုန်...
မျက်ရည် တစ်စက်.. နှစ်စက် က ကြုံလို့ ကျတာမျိုး မဟုတ်ဖူးကွယ်...


မေ့မေ့ ကြယ်ပွင့် ကလေး... ရဲရင့်စွာ ပျော်ရွှင်ပါ..
မေမေ့ ဆင် ကလေး.... လွတ်လပ်စွာ.. ကျန်းမာ ပါ..
မေမေ့ ၀က်ဝံ ကလေး..... ကြည်လင်စွာ ဆော့ ကစားပါ..

အမှန်တရား တို့ အပြုံးနဲ့ လှည့်ပြန်လာတဲ့အခါ.. တို့တွေအကုန်လုံး ပြန်ဆုံမှာ....။


မမသီရိ
၂၀၁၂ ဇူလိုင်



Sunday, June 10, 2012

လဲလှယ်ခြင်း

အချိန်အတိုင်းအတာ အရ တော့ နာရီ ၁၀၀ မပြည့်ခဲ့ဘူး..
ဝမ်းနည်းဖွယ်ရာ ကိစ္စတွေ က သိန်းသောင်းကျော်ခဲ့ပြီ....

ဒီနံနက် မှာ.. တေးဆို နေတဲ့ ငှက်ကလေးတွေ က ပို လှနေသလိုမျိုး..


အတွေးတွေ ထဲ.. နိုင်ငံကူး လက်မှတ်ရယ်.. မှတ်ပုံ တင်ရယ် ..
ဒီမိုကရေစီရယ်.. တရားမျှတမှုရယ်.. ယုံကြည် ကိုးကွယ်မှုတွေ ရယ်..
ပေါက်ဖွား ကြီးပြင်းခဲ့ရ မျိုး နွယ် အမည်နာမ တွေ ရယ်...
တသီတတန်း စီတန်း လို့ ၀င်ခဲ့ တယ်....

ခုန ကပြတင်းနား ရောက်လာ တေးဆို နေတဲ့ ငှက်ကလေးတွေမှာ
မှတ်ပုံ တင် လိုပုံ မရ..
နောက်တနိုင်ငံသွားဖို့ နိုင်ငံကူးလက်မှတ် လုပ်စရာမလို..
ဘုရားကျောင်း တက်စရာ မလို.. ဥပုဒ်စောင့်စရာ မလို..
တနေ့ ငါးခါ ၀တ်ပြုစရာ မလို...
အရှင်ကြီး အရှင်လေး.. ပူဇော်ပ သ စရာ မလို....
သူများတွေ လိုက်သတ်ဖို့.. သူများအိမ်ယာ မီးရှို့ဖျက်ဆီးဖို့
ဓားသွေးဖို့ .. တုတ်ချွန်ဖို့ .. မောဟ  တွေ လဲ  ရှိစရာမလို...

နှင်းဆီ တွေ က . အမျိုးအစား မတူလဲ ရောနှော စိုက်လို့ ရတာပဲ..
လူသားတွေ ကျ နှင်းဆီ မဟုတ်လေတော့......
ဘယ်တော့မှ မငြိမ်း နိုင်မဲ့ .. မီး ပွား တွေ .. ဒဏ်ရာတွေ နဲ့.....

သွေးတွေ ချောင်းစီးခဲ့.. အိမ်တွေ ယာတွေ ပြာကျ ခဲ့..
အမုန်းတရားတွေ တိုး ပွားခဲ့...
 ငြိမ်းချမ်းခြင်းက နာမကျန်းစွာနဲ့ .. အောက်စီ ဂျင် လိုနေပြီ...

ဘယ်သူတွေ ဘာတွေ ပဲ ပြောပြော...
 လောလောဆယ်ဆယ်မှာ... . ငါ.. ဒီမိုကရေစီ ကို .. လက်လျှော့ လိုက်တယ်.. .
သေနတ်ကျည်ဖူး တွေ ကိုသာ.. ပန်းခူး ပြီး လက်ကမ်း ကြို.... ။


မမသီရိ
၁၁ ဇွန် ၂၀၁၂
၆း၄၄ နာရီ


Thursday, June 07, 2012

အလွမ်းဟာ.. နေရာတကာ ....

ကျမရဲ့ စိမ်းမြသော တောင်ကြားကလေး..
စိုလဲ့ နေအောင် လန်းဆတ် .နေတဲ့အခိုက်များ.
ပြန်လည်သက်ဝင်စ စမ်းချောင်းကလေးကတော့
အလွမ်းတွေနဲ့ နုသစ် နေ..
ငှက်ပြာပြာ ကလေးတွေ ဟိုဟို သည်သည် ပျံ သန်းကြတယ် 
မိုး ဦး လား.. မိုး ထဲ ရောက်ပြီလား.. မိုးကျပြီလား.. လို့..
တောင်ကျ ချောင်းရေ တွေ မကြာ မတင် ရောက်လာကြတော့မယ်..
မျှစ်စို့ နုနုကလေးတွေ အကြောင်း အတိတ်က ဟောင်းခဲ့ ပေါ့..
တောကြီး မျက်မဲ တွေ က တောင်ကတုံး တောကတုံး ဘ၀ နဲ့
ပြိုကျလာတဲ့ တောင်ကမ်းပါးယံ တွေ လမ်းဘေးမှာ လမ်းပေါ် မှာ တုံးလုံးပက်လက်..

အဲသည် ရေအိုင်ကလေး တွေ ကျော်ဖို့ လုံ ချည် ကို မ လို့ မ လို့  လျှောက်ရတယ်
ရွှံ့ အလိမ်း လိမ်း ခြေထောက်တွေ နဲ့တောင်
 ဘေးဘီ တစ်ခုလုံး
တောတန်းတွေ ဖုံး အောင် တစုံတရာ နဲ့ လေးလေးပင်ပင် ခံစား.... 

မိုးတိမ်တွေ လဲ အဲသလောက်ထိ ညို နေသေးတာ မဟုတ်ပဲ နဲ့..
ဆွတ်ကျင်နေအောင် လွမ်း မိ လိုက်တာ ဆို.........။


မမသီရိ
၇ ဇွန် ၂၀၁၂

Sunday, June 03, 2012

အပူသည်

ကယ်ပါ ယူပါ တစာစာ
ဆံပင် ဖွာလန်ချာ..

အပူမီးအုံး ရင်တွေ နုံး..
စိတ်ဓါတ် ကျ ဂျုံးဂျုံး ..

လမ်းမအလည်.. ထိုအပူသည်..
ဒုက္ခ ထပ်ပြီး ၀ယ်..

မစားမသောက် ည တွေပျောက်
သောက သေရည်သောက်..

 ပြေးဟယ်လွှားဟယ်.. ဘ၀ဈေးသည်..
သံသရာတကွေ့ဝယ်.. 

တောင်းရပန်ရ လိုချင်မှ အောက်ကျ နောက်ကျ ဘာကျကျ
ဒုက္ခ ဒုက္ခ သည်ဒုက္ခ လုပ်ယူလို့သာရ..

တပ်မက်မှုတို့စိတ်မှာယှဉ် .. လူသားပုထုဇဉ်..
တွေးမိပါ ရဲ့ စာတစ်စု.. မည်သူမပြု မိမိမှု... .။


မမသီရိ
၃ ဇွန် ၂၀၁၂

Tuesday, May 22, 2012

ရက်ရာဇာ - ပြဿဒါး

        "ရက်ရာဇာ"
မင်းကိုချစ်ရတဲ့ ရက်များ..
မင်း နဲ့ ချစ်ရတဲ့ ရက်များ..
မင်း အပြုံးများ စားသုံး ရတဲ့ ရက်များ ..
မင်းအနား ပါးခွင့်ရ ရက်များ..
မင်းလက်ဖျား ဆုပ်ထားခွင့်ရှိ ရက်များ..
မင်းမျက်လုံး အပြုံးဖုံးတဲ့ ရက်များ ..
မင်းရင်ခွင် နွေးထွေးကြည်စင် ရက်များ ..
မင်းအသံ ကဗျာဆန်တဲ့ရက်များ.......
အဲသည့်ရက်များဟာ နေ့တိုင်းဆိုလဲ.. ရက်ရာဇာ ...

             "ပြဿဒါး"
မင်းကိုလွမ်းရတဲ့ ရက်များ..
မင်း နဲ့ ဝေးနေတဲ့ ရက်များ..
မင်း အပြုံးများ အဝေးသွားတဲ့ ရက်များ ..
မင်းအနား သီခွင့်မရသော ရက်များ..
မင်းလက်ကလေး ထွေးခွင့်မရှိသော ရက်များ..
မင်းမျက်လုံး မှိုင်းမှုန်ဆိုင်းတဲ့ ရက်များ ..
မင်းအကြင်နာ မမြင်သာတဲ့ ရက်များ ..
မင်းအသံ ကဗျာမဆန်တဲ့ရက်များ.......
အဲသည့်အဆင်းမလှသည့်ရက်များ.. ပြဿဒါး....။

မမသီရိ
၂၂.၅.၂၀၁၂



Saturday, May 12, 2012

လေလံပွဲ

ပွဲခင်း ကို သူ ၀င်လာပုံ က သာမာန်လောက်ပါပဲ
အစ တုန်းက တော့ ဘယ်သူမှ သူ့ကို သတိမမူမိခဲ့ကြ
ဦးထုပ်တစ်လုံး ခပ် ငိုက် ငိုက် ဆောင်းထားတယ်
ဘောင်းဘီနဲ့ အင်္ကျီက အရောင်ခပ်မွဲမွဲ ဂျင်းန် တွေ..
သူ့လက်ထဲ ဆွဲလာတဲ့ ရှည်မျောမျော .. ခပ် ထည်ထည် .. အရာတခုမှာ ..
ဘာပစ္စည်းပါခဲ့ သလဲ လူတွေ မသိကြဘူး...
သူ ခြေတစ်လှမ်း လှမ်းတိုင်း .. ထူးဆန်းစွာ
အသံ တသစ်သံ ကြား.... 
ဒို ..ရေ .. မီ... ဖာ.... ဒို ..ရေ....မီ.....ဖာ...........
(အစ တုန်းကတော့)... ထူးထူးဆန်းဆန်း.. ခပ်တိတ်တိတ် နေတဲ့ တစ်ယောက်..
သူက လေလံ ဆွဲ မှာ လား.. လေလံ တင်မှာလား ... လူတွေ
တိုးတိုးကြိတ်ကြိတ်လေး သဖန်းပိုးထိုးနေကြ .....
ခဏ ကြာတော့ သူ.. ထိုင်နေရာက ဆတ်ကနဲ ထ..
သူ့ ရှည်မျောမျော အရာကြီး.. ရုတ်တရက် ဆွဲ ဖွင့် ..
အထဲ က ထွက်ကျလာတာတွေ..

ဟာ..
"..................တွေ ..."

အားလုံးပဲ တအံ့တသြ .. အာမေဋိတ်ပြု ...
တကယ်ပါပဲ ..ဘယ်သူမှ မထင်ထား ခဲ့...
သူ့ တစ်သက်လုံး သိမ်းထုပ်ထားခဲ့တာတွေ 
သူ့ မျက်နှာ က ရွာခါ နီး မိုးတိမ်တွေ လို ညို့ နေတယ်..
သူ့ ဆံပင်တွေ ခပ်ရှည်ရှည် က အမှတ်တံဆိပ် တခု လို...
သူ ရုတ်တရက် ငို နေလေသလား..
ခဏ နေတော့.. ပြုံးနေပြန်တယ်...
ခန်းမှန်းရ ခက်သော ဝေဒနာ...
..........
သူ က..
သူ က... လေလံ တင်မှာ... ဆိုပဲ..... 

ထူးထူးဆန်းဆန်း နားမှာ.. ရစ်သီ ရစ်သီ လေလံဝါသနာပါသူ တချို့..

တခြားလေလံပွဲ တွေ နဲ့မတူတာက
လေလံ ဆွဲချင်လာအောင် သူ့ပစ္စည်းတွေ ရဲ့ အခင်းအကျင်း
စိတ်ဝင်စားသူ ကို.. သူ အင်တာဗျူး လုပ် ခြင်း...
အချိန်ယူ တယ်.. စေ့စပ်သေချာတယ်..
သေချာ မေးတယ်... ဘာလို့ လဲ.. ဘယ်လို သုံး မှာလဲ..
ဘယ်လောက်ထိ သုံးမှာလဲ...
သေချာလို့လား..
လျှော့တယ်... တင်းတယ်.... တင်းတယ် .. လျှော့တယ်...
ဘေးလူတွေ မျက်စိမူးမူးနောက် .. အဲဒီ လေလံ ပွဲ မှာ... 

ဝှက်ထား တဲ့ တခြား အရံ အဆင့် တွေ လဲ ရှိသေးသတဲ့ ..
အစ တုန်ုး က အတော့် ကို တိတ်ဆိတ်ခဲ့တဲ့ သူ တစ်ယောက်
ဒီလောက် ဒီလို.. ပုံ အမျိုးမျိုး နဲ့ ဈေး ခေါ် နိုင်ပုံ ....
 ဒီလောက် တစ်လော ပြီးတစ်လော  ပုံ အောပြီး..
ပြော နိုင်တာ.. ဝေဒနာ အနီ အပြာ.. မအံသြ ကြပါစို့..


အဲဒီလေလံပွဲ ကတော့ လေလံသမိုင်းမှာ..
လူပြောအများဆုံး လေလံ ပွဲ ဖြစ်မယ်ထင်လေရဲ့..
လေလံ ဆွဲ သူ က ဘာသဘောနဲ့ ဆွဲ တာ မသိပေမဲ့
..  (.........) အိတ်ကြီး တလုံး .. (ဘ၀ တစ်ခုလုံးလား .. နှုတ်ဖျား နဲ့ ပဲ ဖြစ်စေအုံးတော့)
 ဈေးအမြင့် ဆုံး နဲ့ မှတ်ပုံတင် ...ဗိုလ်ဆွဲ သွား လေ တယ်.....

လေလံပွဲ မှာ..
အမြင့်ဆုံးဈေး ပေးသူ သာ.. ပစ္စည်း ပိုင်ဆိုင်ခွင့် ရပါတယ်.....။

မမသီရိ
၈.၅.၂၀၁၂

Friday, May 04, 2012

I MIss You (4)



နွေလယ်မှာ ပွင့်လေ့ရှိတဲ့ ဗင်ဒါ အရိုင်းလေး တစ်ပွင့်
ဒီလောက်တောင်စွမ်း ရသတဲ့လား .. လွမ်းစေလိုက်တာ ဆို.. ဒီရင် ကို...

ဒီနေ့ ဒီမှာ လေပြင်း တွေ တိုက်တယ်..
သစ်ရွက်တွေ.. နွေပန်းများ ၏ ပွင့်ဖတ်တွေ.. ဖြူလွလွ ဖုန်မှုံ တွေ..
တ၀ီဝီ တဝေါဝေါ... မာန်ဟုန်ပြ လေ ကြောနဲ့ မျော..
သောသော ညံညံ .. ငှက်ကလေးတွေ စိုးစီ သံ ခေတ္တ တိတ်ဆိတ်...
ငါ လွမ်းတယ်ဝေ့.... ကော်ဖီ သောက်မိတာ လဲ မပြေ.... ..
မြန်မြန် ဆုံ မယ်.. ရင်ခုန်အောင်ချစ်.. ရန်ဖြစ်ချင်လဲ ဖြစ်ပါစေတော့.... ။

မမသီရိ
၎.၅.၂၀၁၂

Tuesday, May 01, 2012

အနီရယ်.. အ၀ါ ရယ်.. အပြာရယ်.. ခရမ်း ရယ်....


ငါ့ နံနက်ခင်း ကို ဖြန့် ချလိုက်တော့
ခရေ ရနံ့ က တိုးတိုးဝှေ့ဝှေ့ ပြတင်းနား ကပ်လာတယ်..
မျက်စိတလှမ်းမှာ..  ပွင့်အာစ  စိန်ပန်းတွေ ရဲရဲတောက် ..
ငု ကိုလဲ မကြောက် .. ပိတောက်ကိုလဲ မကြောက်...
(စကား မစပ်.. ဒီ ပိတောက်တွေ က ၃ ချီ ထဲ က ဒုတိယ အချီ..)
ခရမ်း ခမောင်းပွင့်တွေ နဲ့ သူငယ်ချင်းပဲ လား ဆိုတော့
အသဲ ယားချင့်စဖွယ် .. မထိ တထိ ပြုံးလိုက်ပုံ .နီစွေး လို့..

ငါ ကဗျာ တပုဒ် ရေးချင်တယ်..
သုံးရာသီ လုံး မမုန်းတမ်း ချစ်နေသူ..
ရာသီမရွေး အချစ်ပဲ ပေးမဲ့သူ ..
တမ်းတ လို့ မောပမ်းတဲ့အခါ.. ငါ .. ချောကလက် စားတယ်..
လွမ်းရင်း နဲ့.. အိပ်စက်တဲ့အခါ.. ငါ အိပ်မက်တယ်...
နေမထိ ထိုင်မသာ အနေရခက် အောင် လွမ်း တဲ့ခါ.. ရေထ..ချိုးတယ်
အလုပ်လုပ်နေတုန်း  ဟေမာ့ သီချင်း ညည်း ရင်း လွမ်းတော့
ကောင်မလေး တွေ ၀ိုင်း လှောင်တယ်...
လမ်းလျှောက် နေတုန်း ခလုပ်တိုက် တဲ့ ထိ ငေးမိတော့
သူငယ်ချင်း ကလေး တွေ ၀ိုင်း ဆူတယ်...
ဒီ အလွမ်းဝတ်ရုံ က ဘယ်လို ခြုံ ခြုံ မလုံ နိုင်အောင်ပါပဲလား ..
ဟိုနေ့ က ငါ ကမ္ဘာ ကြီး အကြောင်း ပြန်လေ့လာတော့
ကမ္ဘာ့ အချင်း ၀က် က ကီလိုမီတာ၁၀၀၀၀ ကျော် ကလေး ရယ်..
ဒါ နဲ့ များ တို့တွေ ဒီလောက် ဝေး ရသလား..
တကယ်ပဲ မကျေနပ်ချင်ဘူး ကွယ်...
သတ္တိခဲ စိန်ပန်း နီနီ တွေ လဲ  မုန်းချင်တယ်..
အနီ ရယ်... အ၀ါ.. ရယ်... ခရမ်း ရယ်.... ပြီးတော့.. ကောင်းကင်ကြီးက .. ပြာနေတယ်.....။


မမသီရိ
၁ မေ ၂၀၁၂


Note: ဒီ ရာသီမှာ.. ပိတောက်၊ ငု၊ စိန်ပန်း၊ ခရေ နဲ့ ခမောင်း တို့ ဝေနေတတ် တဲ့ လမ်းကလေး သို့ အမှတ်တရ..။

Wednesday, April 25, 2012

မျက်နှာသစ်ချိန်

တွယ်ရာမဲ့တယ်လို့ မင်းခံစားမိတယ် ဆို..
တွယ်စရာ ရှိခဲ့ဖူးလို့ ပေါ့...  ဟုတ်ဘူးလား..

တွယ်စရာ ရှိခဲ့ပါလျှက် .. အတွယ် ရ ခက်တာမျိုး..
ကြုံဖူး သူမှ သိမယ် .....     ဘယ်သူ ကယ်တင်ချင်နေတာလဲ..

ငါ တို့ ကြင်ကြင် နာနာ နေထိုင်သွား ကြရ အောင်..
စကားဆိုတာမျိုးက ဖောင်အောင်ပြောတိုင်း ကောင်းမယ် မထင်ပါနဲ့ ကွယ် ..
ငါ ဖျော် ပေးတဲ့ ကော်ဖီ ကို .. ကြိုးစား နှစ်သက် ကြည့်ပါလား..
ငါ့ ပန်းအိုး ကလေးတွေ အကြောင်း မချီးကျူးချင်ရင်တောင် မကောင်းမပြောနဲ့လား..
ငါ့ လက်ရေးတွေ မလှတာမှန်ပါတယ်.. ဒါပေမဲ့..
ငါ့ ပန်းချီကား တွေ နှစ်သက်သူတွေ အတွက် ကြည်နူးပေးရင် ဘယ်လောက်ကောင်းမလဲ..
ငါ့ ရဲ့ ည တွေ က ငါ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြာနေတတ် တာမျိုး မုန်းပါရစေ..
ကြယ်စင် တွေ တောက်ပ ပါ.. လမင်း က  ၀င်းပ ပါ.. လေပြေ က လတ်ဆတ်ပါ
ငါ့ နေ့ တွေ ကို.. ငါ ခင်း ချင် တဲ့ ပန်းတွေ နဲ့ ခင်း ခွင့် .. ငါ မရ သင့် ဘူးလို့  မင်း ထင်သလား...


နေ့ ပေါင်းများ စွာ.... ငါ့ ရဲ့ မျက်နှာသစ်ချိန် ကလေး က သာ..  ငါ အမှန် တကယ် ပိုင်ဆိုင် တဲ့ အရာ.... ။

မမသီရိ
၂၅ ဧပြီ ၂၀၁၂

Friday, April 20, 2012

မရွေ့လျား သူ

ကမ္ဘာကြီးက မရပ်မနား ဆက်သွားနေတဲ့ အချိန်...
ငှက်ကလေးတွေ တေးသီချင်းများ ဆက်လက် ကျူးရင့် ..
ကမ္ဘာပေါ်က တစ်ရာသီ.. နှစ်ရာသီ.. သုံးရာသီ.. လေးရာသီ...   အလီလီ သူ့ အလိုလို ဆက်လျှောက်
သစ်ရွက်တွေ ကြွေ.. ဖူး ပုရစ်.. ဝေ... ပြီးတော့ ကြွေ....
နည်းပညာတွေ.. အနုပညာတွေ.. အရင့်ပညာတွေ.. အထွေထွေ.. ပြောင်းလဲ ခြင်း စက္ကန့်မလပ်..

ရပ်နေတာဆို လို့...
ကြည့်ရတာ ဟေလီ ကြယ်တံခွန် က တို့တွေ နေအဖွဲ့ အစည်း ထဲ နောက်တခေါက်မရောက်တော့မလိုမျိုး..
အသက်တွေ သာ ကြီးသွား.. သူ ကတော့ အဲဒီ နေရာမှာ........


မမသီရိ
ဧပြီ ၂၀၁၂

Sunday, April 15, 2012

ပိတောက်လို မချစ် တစ်ယောက်ကို ချစ်တဲ့ အချစ်တွေ..

ပိတောက်..
 မြှောက်လို့လဲ မရ..
ချောက်လို့လဲ မကျ..
မိုးဖွဲ ကလေးနဲ့ သူ ပွင့်ချင်တဲ့ ရက်
သူ ကိုယ်တိုင် တွက်ချက် ...
အချိန် နဲ့ အခါ နဲ့
စည်းနဲ့ ကမ်းနဲ့ .. ပွင့် မဲ့ အရေး...
ဟိတ်ဟန်တွေ တစ်ပုံ  တစ်ထွေး ..

အချစ်..
အခွင့်အရေး ပေးပေး မပေးပေး..
မင်း ကို ချစ်တဲ့ အတွေး..
စက္ကန့် ကလေး မိနစ်ကလေး..
နေ့ ကလေး ည ကလေး
မိုး ကလေး နွေ ကလေး..
ပိတောက်လို ရက်ရွေးမနေတော့ဘူး
ရာသီ တိုင်းမှာ ချစ်ပါရစေ....။


မမသီရိ
၁၄.၄.၂၀၁၂

Thursday, April 05, 2012

အနောက်ဖက် ကမ်းခြေ အလွမ်းများ

ကျော အောက်က အထိ အတွေ့လေးက သိမ်မွေ့ နူးညံ့လွန်းတယ်
သဲ မှုန်တွေ မွ အိ
ကောင်းကင်ပေါ်မှာတော့ ကြယ်စင်တွေ ထောင်သောင်းမက ..
ဒီမှာ အုံးလက် စိပ်စိပ် တွေ မရှိဘူး..
ငါ အမည် မမှည့်တတ် တဲ့ အပင် ပု ကလေး တချို့သာ ငြိမ်ငြိမ် ကလေး ၀ပ်လို့..
ငါ ရှုရှိုက်ရတဲ့လေ.. ချို တယ် လို့ မတွေး မိတာ တော်တော် ကြာခဲ့ပြီ.. 
မင်း ပါး က သနပ်ခါး ဘဲ ကျားကလေး လွမ်း တယ် .. လုံမ
ထိ တွေ့ ခွင့် မရခဲ့ တာ.. ကာလတွေ ဘယ်လောက် ကြာပြီလဲ ..
နီးမယ် လို့ ယုံကြည်ချက် ကို ယုံ ကြည့် ရင်းနဲ့ဝေးခဲ့ ရတာ...
အချိန်တွေ နှောင်း .. ရာသီ တွေ ပြောင်း ..
ခေတ်တွေ က လိုက်ပြောင်း ဖို့ ပဲ လိုတယ် လို့  ငါ ပို့ လိုက်တဲ့ စာ ..
စံပယ်ဖူးကလေး တွေ ဆက်ချစ်ပါ လုံမ ရေ..
အမေ့အိမ် နားက ပိတောက်ပင် ကြီး ရော ကျန်းကျန်းမာမာ ရှိရဲ့လား..
ငါ့ စိတ်ကူးထဲမှာ တော့ သင်္ကြန် သံချပ်တွေ တလှေကြီး ပေါ့...
ရွာ လယ် လမ်းကလေး မှာ ဖုံ တွေ ထူတုန်း ပဲ ထင်ရဲ့...
ငါ့ ကဗျာစာအုပ်ကလေးတွေ ဖုံ သုတ်ထားပေးပါ လုံမ..
ငါ့ ဂစ်တာ အိုအို ကလေး လဲ ဂရုစိုက်ပေးပါ..
ဟို အလတ်ကောင် .. ယူတီး ပြီး သေချာ သိမ်း ဖို့ ပြောပေးအုံး..
ငါ ပြန်လာတဲ့ အခါ................
    ငါ ပြန်လာတဲ့ အခါ...............

ငါ့ မျက်လုံး တွေ လေးလံ နေပြီ.. လုံမ....

မင်း နံနက်ခင်းတွေ သာယာ ပါစေ........
အိပ်မက် ကလေးတွေ လှ ခဲ့ ရဲ့လား.........။

မမသီရိ
၅.၄.၂၀၁၂


Wednesday, March 21, 2012

သားသားမောင်

ပါးချိုင့်နဲ့ ပြုံးရည် ...
ကြည်ပါပေ့ မေ့သား...
စာမမီ နွေမှာ ဖွား ...
အာဂ ယောင်္ကျား...

လင်းလင်းလက် ရွှင်ကြည် ..
တီတာဝှေ့ မေ့ပါး...
လိမ္မာ သိမ်မွေ့ ထက် တယ်
ထွန်းတောက်မဲ့ သား... ။


မမသီရိ
၂၁.၃.၂၀၁၁



Saturday, March 17, 2012

ဖီးနစ်ငှက်သို့ ဆုမွန်ချွေ

နှင်းခမ်းလို့ နွမ်းကျေ.
ကြွေလုလု ဒီပန်း..
မိုးအမြန် ဆန်းပါမှ ..
ရွှင်လန်းကာ.. မွှေးစင်မြန်းမှာမို့ ..
ဆုမွန်ချွေ .. တောင်းလိုက်ပါပေရဲ့..
 (ဖီးနစ်ငှက်ငယ် ရေ.. )
မြန်မကြာပါလေ့ ဒီနွေနှောင်းစေကြောင်း....။

မမသီရိ
၁၁.၃.၂၀၁၂

Saturday, March 10, 2012

နွေဦး

နွေမှာ ခူးလို့ ရနိုင်မည့်..
ပန်းများ အဖူး စုံသည့်အခိုက်..
ရူးသည်ဟု မဆိုသာ သော်လည်း..
မြူးမြူးကြွကြွ.. လေပြေတို့၏ နောက်တွင်..
နွေဦး သည် ထပ်ချပ်မခွာ.. လိုက်ပါ လာခဲ့ပြီ...

စမ်းချောင်းတို့ ရေအလျှင် သည်
နှေးကွေးခြင်းဖြင့် ၄င်း..

ဖြူဖြူ လွလွ တိမ်စိုင်များသည်..
တကွဲတပြား ကစဥ့်ကလျားမှသည်..
အုပ်စု ဖွဲံ့လာခြင်းဖြင့် ၄င်း..

သာရကာကျေးငှက်အပေါင်းသည်
ငြိမ့်ညောင်းသော တေးသွားတို့ဖြင့် မြူးတူး၍၄င်း..
လည်ချင်းယှက် ကယုကယင်.. ခွန်းတုံ့တင်၍၄င်း..

အနီရောင်... ကသစ်ပန်း ပေါက်ပန်း တို့သည်..
ရဲရဲတောက် စွေးစွေး နီခြင်းဖြင့် ၄င်း..

ကံ့ကော်ဝတ်မှုန် ထုံထုံ သင်းတို့သည်..
ဥသြငှက် ငယ်အား မြူဆွယ် ကလူခြင်းအားဖြင့် ၄င်း..

နေ့လည် နေ့ခင်း တို့၏ နွေးထွေးခြင်းသည်..
ည၏ အေးစိမ့်ခြင်းအားဖြင့် သရုပ်ပေါ်လွင်စေ၍၄င်း..


စိမ်းခဲ့ ပြာခဲ့သော..တောင်ကြားချိုင့်ဝှမ်း တှိုသည်..
ညိုရောင် .. ရွှေရောင်.. ကူးပြောင်း ဟန်ဆောင်ခြင်းဖြင့် ၄င်း..

အုံအုံ့ဆိုင်းဆိုင်း  မှိုင်းချင်တိုင်း မှိုင်းခဲ့သည့်..
ပိတောက်ရိပ် အုပ်အုပ် တို့သည်..
စင်စင်ပါ အောင် သူ့ အရွက်များအား..
သွက်သွက်ခါ အောင် လှုပ် ချခြင်းဖြင့် ၄င်း..

အဖုံဖုံ အမျိုးမျိုး .. မရိုးနိုင်ဖွယ်..
ယက်ယှယ် .. ကြိုဆို ကြလေပြီ...

ပန်းချီကျော် မမီ နိုင်သော...
ကဗျာစီလျှင် မပီနိုင်သော....
လွမ်းမောဖွယ်ရာ.. တီတျာ ညိုလဲ့...
နွဲ့နွဲ့ လျလျ မာယာရှင်..
ရာသီများ ၏ သခင်မ .. သည်...
နှင်းကြွင်း မှုန်မှုန်တို့ကြား... အသာ အယာ..
တိုးခွဲ ချင်း နင်း.. တစ်လှမ်းချင်း လှမ်း.. ၀င်... ညင်သာ လိုက်သည် ဖြစ် ခြင်း....။


မမသီရိ
၅ မတ် ၂၀၁၂ (11:45 pm)