Monday, September 28, 2009

အရိုးခံ ဆန္ဒမွန်


ကို...
လိုတယ်ဆို .. နိုင်သရွေ့
ဖြည့်ပေးမဲ့.. ချစ်သူ ပါ..

ကို...
ဖြစ်နိုင်လျှင်..
ကို့ ခြေတွင်.. ဘိနပ်ပင် ဖြစ်ချင်စမ်းပါရဲ့
ကို...နဲ့ မကွာ..
အမြဲ သာ လိုက်ပါ လို့ လေ......

ကို....
မှောင်နေရင် လင်းစေဖို့...
ထွန်းညှိ ဖို့ လိုတယ် ဆို...
ကိုယ့် ကိုယ် ကို.. စတေး လို့
ဆီမီး လို ပူဇော် ပါ့မယ်
ကို့ ခရီး မှာ ဆူး မထိ အောင်..
စိုး စိတ် နဲ့ ကွယ်......။


မမသီရိ
၂၈.၉.၂၀၀၉

Saturday, September 26, 2009

မျက်ပြေ ကဗျာ


ကျမအတွက်...တဲ့

သူရေးခဲ့တဲ့ ပန်းချီကားလေး…


သူ့နှလုံးသွေးတွေ အပြာရောင် အသွင်ပြောင်း

ကောက်ကြောင်းဖွဲ့ ဆေးတွေချယ်..

ချစ်ခြင်းတွေ ဖလှယ်လို့..

စိမ်းညို့ တဲ့ တောင်တန်းကြီးတွေ တောင် ပြာပြာမှိုင်း..

ပန်းရိုင်းတွေ အားလုံး လဲ အပြာရောင်ပွင့်

ပင်လယ်ကြီး ကလဲ အမှောင်ထဲ မှာ ကို ပြာလဲ့

လသာတဲ့ ညကလဲ ပြာ….

အ၀ါရောင် ကြယ်တွေတောင်

အပြာရောင် ကောင်းကင်အောက်မှိန်ခဲ့…

နေရာတကာ.. ဒီအပြာတွေ...

..

ချစ်ခြင်းနဲ့ သူရေးတဲ့ အပြာရောင် ပန်းချီကား..

ကျမ ဥယျာဉ် တံခါးဝ

ကျမ အတွက် သူ… တိတ်တိတ်လေး လာ ချ ထား တာ..


တွေ့ဖြစ်အောင် ကျမ တွေ့ခဲ့ တော့..

ပျော်ဝင်ခဲ့ ပါပေါ့ ဒီ အပြာရောင်တွေထဲ..


ရှက်သွေး နီနီ စွက်

သူ့ကျောလေး ကို သိုင်းဖက် ခိုက်..

သူ့ နှလုံးသား အသံ ကြားလိုက်..

ကျမ ကိုယ်တိုင်က သူ့ ပန်းချီကား


သူ့စုတ်ချက်များ အတိုင်း

ကျမရဲ့ဘ၀ အစိတ်အပိုင်း အကုန်လုံး

အမုန်းမပြို.. အပြုံးချိုတွေနဲ့သာ ရှင်သန်သွားတော့မှာ

တကယ် သေချာခဲ့ ပြီ မို့….


သူ့အပေါ်ပြုထားတဲ့ ကျမရဲ့ ကျိန်စာ တွေ..

မဆိုင်း ယခု.. ပြေပါစေ……


မမသီရိ

၂၄.၉.၂၀၀၉

Thursday, September 24, 2009

ဝါကျွတ် အိပ်မက်


မိုးယွန်းတော့မည်

သော့သော့ကလေး မြောက်လေအေးလည်း

လွင်ဆော့ သာသာ နော့ပြီ ကို….


လန်းလွန်းလှသည်

ထုံထုံ ကြည်အေး ကြာပန်းလေးလည်း

ကန်လုံးဖွေးဖွေး ပွင့်ပြီ ကို….


လင်းလက် တွဲသီ

ဆောင်းဦး ကြိုငေး နှင်းစက်အေး လည်း

မြက်ဖျား တွဲ ချိတ် စွဲ ပြီ ကို..


ဖူးစာ ဖက်ညီ

စိတ်မှန်းရည်ခဲ့ မောင် မယ် ဖွဲ့လည်း

ဝါကျွတ် အိပ်မက် .. လည်ချင်း ယှက်ဖို့

လက်ချိုး တွက် ရည် .. ရင်တွေ ဖို……။


မမသီရိ

၂၃.၉.၂၀၀၉


ဝါလ ကင်းလွတ် သီတင်းကျွတ်မဲ့ ရက် က နီးသထက် နီးလာခဲ့ပြီ

ဝါကျွတ်ရက်ကို မျှော်တွက်နေကြတဲ့ ချစ်သူလက်ရှိ အပျိုကြီး လူပျိုကြီး ချစ်သူစုံတွဲများ

အပျိုလေး လူပျိုလေး ချစ်သူ စုံ တွဲများ

စိတ်ကူးနဲ့ သာ ရူးနေကြရ တဲ့.. လူလွတ်များ…

အားလုံး အတွက် ရည် ရွယ် ထားတဲ့. ၀ါကျွတ်လက်ဆောင် ကဗျာလေး ပါ….

အဆင်ပြေ ပျော်ရွှင် နိုင်ကြပါစေ…။


ဝါကျွတ် အိပ်မက်

မိုးယွန်းတော့မည်
သော့သော့ကလေး မြောက်လေအေးလည်း
ထွေးဆော့သာသာ နော့ပြီ ကို….

လန်းလွန်းလှသည်
ထုံထုံကြည်အေး ကြာပန်းလေးလည်း
ဖွေးဖွေးကန်လုံး ပွင့်ပြီ ကို….

လင်းလက်တွဲသီ
ဆောင်းရည်ကြိုငေး နှင်းစက်အေးလည်း
မြက်ဖျားတွဲချိတ် စွဲ ပြီ ကို..

ဖူးစာ ဖက်ညီ
စိတ်မှန်းရည်ခဲ့ မောင်မယ်ဖွဲ့လည်း
မက်ဆဲ အိပ်မက်
လက်ချိုးတွက်ရည် .. ရင်တွေ ဖို……။

မမသီရိ

ကဗျာဆိုတာ ဆိုလို့ကောင်းရင် ပြီးရော လို့ သဘောထားပြီး

စည်းလွတ် ၀ါးလွတ် ရေးတတ်သူ ကျမရဲ့ ကဗျာလေး ကို

ကဗျာဆရာ မောင်ငယ် လင်းဒီပ . ပြန်ပြင်ရေးထားတာပါ

သူ ပြန်ပြင်ရေးတော့ ပို ..ဆိုလို့ ကောင်းသွား သလိုပဲ နော့..

ကျေးဇူးပါ မောင်လေး ရေ... နောက်လဲ .. မတော်တရော်တွေ တွေ့ ရင်

ပြင်ရေး အုံး နော်..း)...


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Tuesday, September 22, 2009

သင်ဘယ်လို ငယ်ရွယ်ခဲ့သလဲ

အကယ်၍ ကလေးတယောက်သည် ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်ကြုံတွေ့ပြီး ကြီးပြင်းခဲ့ရပါက
သူတပါးအား အပြစ်တင် ဝေဖန် ပုံချတတ်လာမည်။

အကယ်၍ ကလေးတယောက်သည် ရန်လိုခြင်းများနှင့် ကြုံတွေ့ ကြီးပြင်းခဲ့ရပါက
အခြားသူများ နှင့် ခိုက်ရန်ဒေါသ ဖြစ်တတ်လာမည်။

အကယ်၍ ကလေးတယောက်သည် ပြောင်လှောင်သရော်မှုခံခဲ့ရပြီး ကြီးပြင်းခဲ့ရပါက
ရှက်တတ်သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် အားပေးမှုများ နှင့် ကြုံတွေ့ ကြီး ပြင်းခဲ့ရပါက
ယုံကြည်မှု အပြည့်အ၀ ရှိသူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် အရှက်ရစရာ ကိစ္စများနှင့် ကြုံတွေ့ ကြီးပြင်းခဲ့ရပါက
မိမိ ကိုယ် ကို အပြစ်ရှိသူအဖြစ် ထင်မြင်လာမည်။

အကယ်၍ ကလေးတယောက်သည် သီးခံ မှုများ နှင့်အတူ ကြီးပြင်းခဲ့ရပါက
သည်းခံ စိတ်ရှည်သူ တဦး ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် ချီးမွမ်း ခံရမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက
အခြားသူများအား တန်ဖိုးထား ဆက်ဆံသူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် တရားမျှတ သော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရပါက
တရားမျှတ စွာ စဉ်းစားတွေးခေါ် ပြုလုပ်တတ်သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် လုံခြုံမှုရှိစွာနှင့် ကြီး ပြင်းခဲ့ရပါက
ယုံကြည်မှု ရှိသူ တဦး ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် မိမိကို ထောက်ခံ အားပေးမှု များ နှင့်သာ ကြုံတွေ့ခဲ့ရပါက
မိမိကိုယ်ကို နှစ်ခြိုက်သော၊ အကောင်းမြင်သော သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် ချစ်ခင်ရင်းနှီးစွာ နှင့် လိုလားစွာ ဆက်ဆံမှုများ ရရှပြီး ကြီးပြင်းခဲ့ပါက
ဤကမ္ဘာလောက တွင် မေတ္တာကို ရှာဖွေ တွေ့ ရှိမည်။


(ကလေးများသည်.. တွေ့ ကြုံ ခံစား မှုများမှ သင်ယူ လာကြသည်။)

ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တခု မှာ လေ့လာ ခဲ့ရပြီး ကျမတို့ ရဲ့ Project တချို့မှာ ထည့်သုံးနေတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ကျမတို့ ရဲ့ မိသားစု ၀င်ကလေးတွေ၊ ကျမတို့ ထိတွေ့ဆက်ဆံနေရတဲ့ ကလေး တွေ ကို ဘယ်လိုကြီးပြင်းလာစေချင်သလဲဆိုတာ ပုံဖော်ပြီး သူတို့ ငယ်ရွယ်စဉ် ဘ၀မှာ ကျမတို့ ပြုစု ပျိုးထောင်ပေးသင့်ပါတယ်။ ပြီးတော့ ကျမတို့ တွေ ဘယ်လိုငယ်ရွယ်ခဲ့ သလဲ လို့ အချိန်ယူ စဉ်းစားပြီး ကျမတို့ မကြိုက်ခဲ့တာ မျိုးတွေ ကို သူတပါးအပေါ် အထူး သဖြင့် ကလေးတွေအပေါ် မပြုမိစေဖို့လဲ သတိထားကြရမှာပါ။ ကလေး တွေ ဆိုတာ အနာဂတ်ရဲ့ ရတနာတွေ မဟုတ်ပါလား..။

ဒီ အချက်အလက်လေးတွေ ခု ပြန်ဖတ်မိတော့ အတွေး ၂ မျိုး ၀င်လာမိတယ်။

ဟို လူကြီးတွေ ငယ်ငယ် က ဘယ်လို ကြီး ပြင်းခဲ့ပါလိမ့်...။

အသက်ကြီးလာတော့ အချိန်တိုင်းလွမ်း .. အား အား ရှိ လွမ်း နေပြီး.. အလွမ်း ကဗျာတွေ ရေးနေတဲ့ ကဗျာ ဆရာ တွေ က ဘယ်လို ငယ် ရွယ်ခဲ့ ပါလိမ့်.. လို့....း))) .. (အဲဒီထဲ ကိုယ် လဲ ပါတယ် ရှင့်..း).... )။


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Sunday, September 13, 2009

ဗေဒါ


ကွင်းစပ်ကျယ် ရေသွယ်စပ်
ကပ်လျက်ရှိ ကန်ငယ်မှာ

ငြိမ်သက်စွာ အိနြေ္ဒနဲ့ ခပ်နွဲ့ နွဲ့ ဗေဒါပြာ
ရွက်စိမ်းလွှာ ထူသိပ်ကြားမှာ
ပွင့်နေလိုက်တာ...

စုန်တာနဲ့ ဆန်တာ မရှိပါ
ရေငြိမ်ပြာကြောင့်

တိတ်ဆိတ်စွာ ရပ်နေရင်း
လန်းစွင့်နေရှာ...

နှစ်သက်စွာ စွဲလမ်းလို့ ဖတ်ခဲ့ရ ငယ်စဉ်ခါ
ဇော်ဂျီရဲ့ ဗေဒါလမ်း

စုန်ဆင်းတခါ ဆန်ချီ တလှည့်
ဧရာ နွယ် မြစ်ပြင်တန်းမှာ .. လမ်း သိနေခဲ့.. တဲ့



ကန်လေး ငယ် ရေတိမ်လျှပ်
ရပ်နေတဲ့ ဗေဒါရယ်

ချောင်း အသွယ် ဒီရေစပ်ကို သိရဲ့လား ကွယ်..

မြစ်ပြင်ကျယ် ဧရာလမ်း မှန်းလေ လား ကွယ်

အပြော ကျယ် ပင်လယ်လှ ရော သိပါ လား ကွယ်


တခြား မယ် ဘာတွေရှိ
မသိသလို ဟန်မူပိုနဲ့

ကန် ငယ်ငယ် ရေ ငြိမ်ထဲမှာ
ဝင့် ကြွားစွာ ပွင့်နေတဲ့
ဗေဒါ ပြာ လွင်လွင်လေး ရယ်... သနားမိပါ ရဲ့....။


မမသီရိ
၂၅. ၆. ၁၉၉၀



ကျမရဲ့ ကျောင်းတော်သာမှာ ဆရာမသက်တမ်း က သိပ်မကြာခဲ့ပါဘူး။ အိမ်သာမရှိတဲ့ လူနေမှု ဘ၀၊ ထမင်းစား တဲံ့ အခါ အဟာရအုပ်စု ၃ ခု ပြည့်အောင် စားရမယ် လို့ သိတတ်ကတည်း ကတည်း နားရည်ဝ ပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် အဟာ ရဖြစ်မဲ့ အစားအစာ တွေ ကို ကြိတ်မှိတ် စားခဲ့ရဖူး သူ က ငရုတ်သီးထောင်း တမယ်ထဲ နဲ့ ထမင်းစားပြီး အသက်ရှင်နေတဲ့ သူတွေကိုတွေ့ခဲ့ရတဲ့ ဘ၀၊ ညဖက်ဆို သင်ခဲ့ဖူးတဲ့ လေထန်ကုန်း ၀တ္တုထဲကထက် အသံပြင်း လှတဲ့ လေကြမ်းကြမ်းတွေ ရဲ့ ဆောင်းညတွေ ကို ခိုက်ခိုက်တုန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀၊ ဘာမှ မရှိလဲ ဘာမှ မဖြစ်ပါဘူး လို့ နှစ်သိမ့်ကျေနပ် ပျော်ရွှင်နေကြတဲ့ ဘ၀တွေ ကြားထဲ မှာ လုံခြုံရေးကလဲ အားနည်း ဟိုအနား မှာ ဓါးပြ တိုက်သတဲ့၊ ဒီ ဖက်ရွာမှာတော့ လက်နက်တွေ တွေ့ ပြန်ပြီ တဲ့ ဆိုတဲ့ နားစွင့်စရာ သတင်းတွေ ကြား ထဲမှာ မှတ်စု လေး တအုပ်၊ ဖတ်စရာ စာအုပ်တွေနဲ့ လိုင်းတို ရေဒီယိုလေး တလုံး ကို အဖော်ပြု ချစ်သော ကလေးတွေရဲ့ ဖေးမ ချစ်ခင်မှုတွေ နဲ့ နေတော့ မယ် စိတ်ကူးခဲ့ပေမဲ့၊ ကျောင်းမပိတ်ခင် ကာလလေး မှာ ရောက်ခဲလှတဲ့ မြို့နယ် အဆင့် အုပ်ချုပ်သူ တွေ ဒေသတွင်း စစ်ဆေး ဖို့ရောက်လာတဲ့ အခိုက် ဆရာမ ပေါက်စလေး ကို တွေ့သွားခဲ့တော့ လုံခြုံရေး အခြေအနေအရ မြို့နား နီး တဲ့ ရွာ လတ်လတ် တရွာ ကို ပြောင်းရွှေ့ ချထားပေးခြင်း ခံ ခဲ့ရပါတယ်။

ကျမ ဒုတိယ တာဝန်ထမ်းဆောင်ရတဲ့ ရွာက အဲဒီ အနီးအနား ပတ်ဝန်းကျင်မှာတော့ ထိပ်တန်းရောက်တယ် ဆိုတဲံ့ ရွာတရွာ ပါ၊ ဈေးလေး ရှိတယ်၊ အိမ်ကြီးကြီး ၄ - ၅ ဆောင်လောက် ရှိတယ်၊ မြို့နယ်ရဲ့ မြို့လေး ကို ၃ နာရီ လှေစီး ခရီး လောက်သွား ရင် ရောက်နိုင်တယ်၊ ရွာ ထွက် ပညာတတ် (၁၀ တန်း အောင်)တယောက်ရှိတာမို့ အဲဒီ နားတ၀ိုက်မှာတော့ ရွာကြီး ပေါ့။ ရွာ ရဲ့ ကျောင်းလေး က ခြေတံရှည်နဲ့ တထပ်ကျောင်းပါ၊ ၅ တန်း ၆ တန်း ပါ တွဲ ဖက် ရှိတာမို့ ၂ သုတ် တက်ခဲ့ကြရတာပေါ့၊ သိပံဘာသာ တွဲ ဆရာမ မရှိတာမို့ ကျမ က ရောက်တာနဲ့ ၅ တန်း နဲ့ ၆ တန်း ကို တွဲပြခဲ့ရပါတယ်။ အဲဒီ ကျောင်းကလေး ရဲ့ ပြတင်း က လှမ်းကြည်လိုက်ရင်တော့ တမျှော်တခေါ် ကျယ်ပြန့် လှ တဲံ့ လယ်ကွင်းတွေ၊ အဲ ဒီ့ နောက်မှာ ရိုး မ တောင်စွယ်ကြီးက အထပ်ထပ် လွမ်းစရာကောင်းအောင် ပြာ မှိုင်း လို့၊ မိုးသဲတဲံ ရက်တွေမှာ ဆို လယ်ကွင်းပြင် တခွင်လုံး ရေတွေ ဖွေး လို့ ပင်လယ်ကြီး ပမာ.. အပြော ကျယ် ကျယ် လှချည်ရဲ့ လို့ တွေးမိရသလို ပဲ ။ ဆောင်းရောက်ပြန်တော့လဲ.. ဆောင်းငွေ့ တွေ နှင်းငွေ့ တွေနဲ့ လွမ်းစရာ ကောင်းပုံက တော့ .....

အစထဲကမှ အလွမ်း ဓါတ်ခံက ရှိရတဲ့ အထဲ ၊ ဒီမြင်ကွင်းတွေ နေ့စဉ်မြင် ရတာနဲ့ တင် ဘယ်ကို လွမ်း မှန်း ဘာကို လွမ်းမှန်းမသိတဲ့ အလွမ်းကဗျာတွေ ကလဲ တပုဒ် ပြီး တပုဒ် ရေးဖြစ်တော့တာပေါ့။

တပည့်လေးတွေကလဲ ပထမ တာဝန်ကျခဲ့တဲ့ ကျောင်းတုန်းက တပည့်တွေ လိုပါ ပဲ ဆရာမလေး ကို အတော် ၀ိုင်းချစ်ကြပါတယ်။ ကျမ က စာ သင်ပြီဆို စာ တခု ထဲ သင်တာမျိုး မဟုတ်ပဲ ဗဟု သုတ ရစရာတွေ ကိုယ် ဖတ်ဖူး တွေ့ဖူး တဲ့ အထဲက ကလေး အတွက် သိသင့်တာမျိုးတွေ ကို အမြဲ မျှဝေ ပြောပြတာမို့လဲ ကျမကို ပို ချစ်ခင်ကြတာလားတော့ မသိပါဘူး။ တနေ့ စကားပြောနေကြတုန်း ဒီရွာ လေး ထက်အပြင် တခြား ဘယ်ကို ရောက်ဖူး ကြသလဲ လို့ ကျမ အဲဒီ တပည့်တွေ မေးကြည့်တော့ ၂ ယောက်လောက်က လွဲ ပြီး ကျန်တဲ့ ၁၆ ယောက် က မြို့ ဆိုတာ ကို မရောက်ဖူး ပါတဲ့၊ သူတို့ TV ဆိုတာ မမြင်ဖူး ကြ ၊ ရုပ်ရှင်မကြည့်ဖူးကြ၊ တက္ကသိုလ် ကျောင်းဆိုတာ သူတို့ အတွက်တော့ ဒဏ္ဍာရီ၊ သူတို့ လူမျိုးနွယ်စု ကလွဲပြီး တခြားလူမျိုး စုတွေ အကြောင်း မသိကြ..... ..
ကျမ ရင်ထဲ အတော်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းတော့ ကျမ တတ်နိုင်သလောက် မြို့ကို တက်ဖြစ်ရင် သူတို့ အတွက် စာအုပ်တွေ ၀ယ်၊ ရင်းနှိးခင်မင် ရာလူတွေ ပြောပြပြီး ကျောင်း စာကြည့်တိုက်သေးသေးလေး တခု မဖြစ်ဖြစ်အောင် လုပ်လို့ သူတို့ နားလေးတွေ မျက်စိလေးတွေ တတ်နိုင်သလောက် ပွင့်စေ ဖို့ ကြိုးစားဖြစ်ခဲ့ပါ တယ်..။

အဲဒီ ကျောင်းလေး နဲ့ ကပ်ရက်မှာ ကန်ပျက် ကန်ကော လေး ၂ ခု ရှိပြီး တော့ ဗေဒါတွေနဲ့ ပြည့်နေတာလေ၊ မိုးတွင်းတနေ့ ဖွေးဖွေး ပြာအောင်ပွင့်နေတဲ့ ဗေဒါ တောကြီး ကိုကြည့် ရင်း ကျမ တပည့်လေးတွေ အတွက် ဒီကဗျာလေး ကို ရေးခဲ့တာပါ။

(အမှန်ပြောရရင်တော့၊ အဲဒီ တပည့်တွေတင် မဟုတ်ပါဘူး ကိုယ်တိုင်လဲ အဲဒီဗေဒါတောထဲ က တပွင့်ပါပဲ.. ဆိုတော့ ကိုယ့် ကို ကိုယ် လဲ ပြန်သနား မိပါရဲ့)

ကျမ မှတ်မိသလောက် ဗေဒါ ကဗျာ ၂ ပုဒ် ကျမရေးခဲ့ပါတယ်၊ ဒါပေမဲ့ လောလော ဆယ်ဆယ် ကျမ ရဲ့ စာရွက်ဟောင်းတွေ ထဲ မှာ ဒီ တပုဒ် ပဲ ရှာတွေ့ တာမို့ နောက် ရှာတွေဲံ့ ခါ နောက် တပုဒ် ကို လဲ တင်ပေးသွား ပါ့မယ်..

အားလုံး ကိုချစ်ခင်လေးစားတဲ့

မမသီရိ

Thursday, September 10, 2009

ချစ်သူ့ကျိန်စာ

မင်းကိုချစ်ခဲ့တာ အမှန်တရား

ငါ ဘယ်တော့မှ စွန့်မသွားဘူး ချစ်သူရေ့…


မင်းကြောင့်ကျတဲ့ မျက်ရည်

ဆည်ပေါင်တာရိုး ကျိုးပလေ့စေ

ငါ သုတ်ဖို့ မကြိုးစား ဒီတိုင်းပဲ ထား ထား မယ်..


မင်းကြောင့်ရတဲ့ ဒဏ်ရာ

နှလုံးသွေးစက်တွေ ဖြာပစေ ပေါ့

ငါလျှာနဲ့ မလျှက် ထွက်မြဲတိုင်း ထွက်ပါစေ ငါ ဒီအတိုင်း ကြည့်နေမယ်

မင်း ပြေးချင်သလောက်ပြေး

ဝေးဝေး တော့ မရောက်နိုင်

မင့်အရိပ် တိုင်ကွယ်နောက် ငါ ရောက်နေမှာ အသေအချာ..



ငါ့ မျက်လုံး စိမ်းစိမ်း

မင့် အိပ်မက်တွေ ဆီက ဘယ်တော့မှ တိမ်းမထွက်စေရ

ငါ့ နာကျည်းမှု သီချင်းတွေ မင်း အနားမှာ အမြဲ ဝေနေစေ လို့

ငါ့ ၀မ်းနည်းခြင်း အငွေ့အသက်

မင့်ကို ထာဝရ ထွေးဖက်ထားစေ့မယ်

ငါ့တမ်းတ ခြင်း ကဗျာတွေနဲ့ မင်း ထာဝရ ကြေကွဲနေစေရမယ်

ငါ့ ရင်ထဲက အလွမ်းတွေအတွက် မင့် နောက်ဆုံး ထွက်သက်ထိ ပေးဆပ်ရမယ်..





ဘာမှ မတောင်းဆိုပါဘူး အကြိမ်ကြိမ် ငါ ပြောရက်နဲ့

တချက်ပြန်ပြုံး ပြဖို့ မင်း တွန့်တိုခဲ့

ငါ့ ပေးဆပ်ခြင်းများ မင်းတန်ဖိုး မထားတတ်ခဲ့

ငါ့ ချစ်ခြင်းတရား.. မင်း တန်ဖိုး မထားတတ်ခဲ့

ငါ့ ဂရုစိုက်ခြင်း များ မင်း ပေါ့တန်စွာ ခံယူခဲ့

ငါ့ သတိရခြင်းများ မင်း ဥပေက္ခာ ပြုထားခဲ့

ငါ့ လွမ်းဆွတ်ခြင်းများ မင်း မသိယောင်ပြုထားခဲ့

အားလုံး အတွက်.. အားလုံး အတွက်..

မင်း.. တဘ၀စာ ပြန်ပေးဆပ်ရတော့မယ်


အနေဝေးနေတာပဲလို့ ကြိတ်ပြီး ဖြေတွေး မတွေးနေနဲ့

ခုပဲ နောက် လှည့်ကြည့်လိုက်

ရောက်နေပြီ မင်း အနား မှာ… အဲဒါ ငါ့ ၀ိဥာဉ် လေ…


ငါ့ ရဲ့ လှောင်ပြုံး

ငါ့ ရဲ့ မျက်ရည်ကြားက ရီမော သံ သဲ့သဲ့

ငါ့ ရဲ့ ပူဆွေးခြင်း အသက်ရှူသံ တိုးတိုး

ငါ့ရဲ့ ပြန်အဖတ်ဆည်မရတော့တဲ့ နှလုံးသား

မင့် ကို အမြဲခြောက်လှန့်စေ တော့မယ်

မင်း.. တမြည့်မြည့် .. ခံစားစေရမယ်…

မင်း.. ဘယ်တော့မှ ….

အဲဒီ ခြောက်လှန့်ခြင်း အိပ်မက်က ရုန်းမထွက်နိုင်စေရ..


မင်းကို ချစ်တဲ့ ငါ့အချစ်က အမှန်တရား

အဲဒါ ငါ့ ရဲ့ သစ္စာ စကား


အဲဒီချစ်ခြင်း တရားကြောင့် ပဲ

မင်း…. ………. ငါ့ ကျိန်စာ မိပါပေါ့ ချစ်သူ ….။


မမသီရိ

၁၀.၉.၂၀၀၉

Tuesday, September 08, 2009

ဆရာတော် အသျှင်ဥတ္တမ

(၁)

သမိုင်း ဆိုသောအရာ သည် လူသားတို့ဖြတ်သန်းခဲ့ရာ လမ်းကြောင်းပေါ်မှ ခြေရာများ၏မှတ်တမ်းဟု ကျမ ယုံမှတ်ထားပါသည်။ လူသားတဦချင်းစီဖြတ်သန်းရာ လမ်းကြောင်းဖြစ်သလို လူမှုအဖွဲ့အစည်းတခုလုံး၏ ပြောင်းလဲခြင်း ဖြစ်စဉ်ကို မှတ်တမ်းပြုထားခြင်းလည်း ဖြစ်နေပါချေသေးသည်။ လူ့သမိုင်းဦးအစ သမိုင်းဦးကာလ၊ သမိုင်းမတင်မီ၊ သမိုင်းမှတ်တမ်းရှိပြီး ကာလ ဟူ၍ ပညာရှင်တို့က သမိုင်းကို အပိုင်း အကန့် ပိုင်းခြား ထားပြီး.. ကျမတို့ မသိမီလိုက်သော အတိတ်ကာလ ဖြစ်ရပ်များကို ပြီးခဲ့သောသမိုင်းမှတ်တမ်းများအရ ကျမ တို့ သိကြရသည်။ သမိုင်းဆိုသော အရာ သည် အကောင်း အဆိုး ဒွန်တွဲ နေတတ်သကဲ့သို့၊ ကြေကွဲဖွယ်ရာ၊ သင်ခန်းစာ ယူစရာ၊ အတုယူစရာ၊ စိတ်ဓါတ်တက်ကြွဖွယ်ရာ မှတ်သားဖွယ်ရာများနှင့် ပြည့်နှက်နေတတ်သော်လည်း ရံဖန်ရံခါ တို့၌ ခေတ်အဆက်ဆက် အုပ်စိုးသူတို့ အကြိုက် သမိုင်းကို ပြုပြင်ရေးရခြင်း၊ ထို အုပ်စိုး သူ တို့ မနှစ်သက်သည့် အစိတ်အပိုင်းများ အားမှေးမှိန်စေခြင်း၊ ထင်ယောင်ထင်မှား ဖြစ်အောင် လွှဲပြီး မှတ်တမ်းစေခြင်း စသည်ဖြင့် မတရားသော သမိုင်းများလည်း ရှိတတ်ပေသေးသည်။

သို့ပါသော်လည်း ရာဇ၀င်ဟူသည် ရှုထောင့်ပေါင်းစုံ မှ ၀ိုင်းဝန်းမှတ်တမ်းတင်တတ်ကြသော အလေ့အထကောင်း တခု ကြောင့် မတရားအုပ်စိုးသူတို့ မည်မျှပင် ဖုံးကွယ် မှေးမှိန်စေသော်လည်းပဲ တချိန်ချိန်တွင် ပြန်လည်တောက်ပ အသက်ဝင်စမြဲ ဖြစ်ကြောင်း ဤကမ္ဘာပေါ်ဝယ် သာဓက များ စွာရှိနေပါသည်။


(၂)

မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်တာတော့ မဟုတ်ပါဘူး၊ ပြောချင်တာက ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းအတွက် တော်လှန်ရေး မျိုးစေ့ အသိစိတ်ဓါတ် ချပေခဲ့သူ ပုဂ္ဂိုလ် ထူး တစ်ပါး ရဲ့ အကြောင်း ပြောချင်လို့ပါ။ သမိုင်းနဲ့ ချီပြီး ပြောရတာကတော့ နှစ်တွေ ရာချီ ရှည်ကြာခဲ့ပြီမို့.. မေ့မေ့ လျော့လျော့ မှေးမှေး မှိန်မှိန် မှုန်မှုန် ၀ါးဝါး ဖြစ်ခံနေရပြီမို့.. သမိုင်း.. လို့ အစချီ ရင်း ဟိုရောက် ဒီရောက် ရောက်သွား တာ ခွင့်လွှတ်ကြ ပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်း အကြောင်းပြောကြပြီဟေ့ ဆိုရင်.. သမိုင်းဝင် ဆရာတော်ကြီး ၂ ပါး ကို ကျမတို့ ဘယ်လိုမှ မေ့ထားလို့ မရနိုင်ကြပါ ဘူး။ ဆရာတော်ဦးဥတ္တမ နဲ့ ဆရာတော်ဦးဝိစာရ၊ အာဇာနည် ဆရာတော်ကြီး ၂ ပါး ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေ ဟာ ဖြင့် အစဉ် သဖြင့် ဂုဏ်ဝင့် လို့ နေအုံး မှာပါ။

အဲဒီဆရာတော် ၂ ပါးထဲက ဗမာ့ခေတ် ဦးဘရင် ရေးသား ပြုစု ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ရဲ့ အတ္တုပတ္တိကို နိုင်ငံခြားရောက် ရခိုင်မျိုးချစ်လူငယ်တစုကပြန်လည်ပြီး ကွန်ပျူတာ စာစီ ကာ ၉.၉.၂၀၀၉ နေ့မှာ ကျရောက်မဲ့ နှစ် ၇၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် e-book စာအုပ်တအုပ် ပြုလုပ်ခဲ့ပါတယ်။

ဆရာတော်အသျှင်ဥတ္တမ ရဲ့ ဒီ အတ္တုပတ္တိ စာအုပ်ဟာ နှောင်းလူငယ်တွေ အတွက် သိမှတ်ဖွယ်ရာ အဖိုးတန်ရတနာ စာအုပ်တအုပ်ဆိုတာ ယုံမှားသံသယ ရှိဖွယ် မရှိပါဘူး။ ဒီစာအုပ်ထဲမှာ ဆရာတော်ရဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး အမြင်နဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေဟာ ယနေ့ထိတိုင် ခောတ်မီနေဆဲဆိုတာ တွေ့ ကြရမှာပါ။ ဒီစာအုပ် ကိုဖတ်နေရင်း၊ မြန်မာ့လွတ်လပ်ရေး ခောတ်ဦးဟာ ဆရာတော်ဦးဥတ္တမ က စခဲ့တယ် ဆိုတာ ကို လဲ ဒီစာအုပ်ထဲမှာပါတဲ့ မှတ်တမ်းမှတ်ရာ ဖော်ပြချက်တွေက ပိုမို သိလာခဲ့ရတဲ့ အပြင်. ဆရာတော်သာ မပေါ်ထွန်းခဲ့ရင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာလဲ ဒီလောက်ထိ မြန်လေပါ့မလား လို့ အတွေးတွေ ပွားစေခဲ့ရပါတယ်။

စာအုပ်တအုပ်လုံး က အနှစ်တွေချည်းပဲမို့ ကိုယ်တိုင်ဖတ်တာ ပိုပြီး ကောင်းမယ် လို့ ယူဆတဲံ့ အတွက် ဒီမှာ ထုတ်နှုတ် မဖေါ်ပြတော့ပါဘူး၊ ဆရာတော်ရဲ့ ထေရုပတ္တိ အကျဉ်းနဲ့ ဆရာတော့် လုပ်ဆောင်ချက် အကျဉ်းကို တော့ မေအိခင် (လယ်ဝေး) ရဲ့ လမင်းခင် ဘလော့မှာ သွား ဖတ်နိုင်ပါတယ်။

စာအုပ်စီစဉ်သူများရဲ့ အမှာစာ အရ . ဒီစာအုပ်က မူလစာရေးသူ၊ ထုတ်ဝေသူ များ ရဲ့ ခွင့်ပြု ချက် မရနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လဲ ကျမ အနေနဲ့ကတော့ ကျမ ဘလော့ ကိုလာဖတ်တဲ့ ဘယ်သူမဆို တယောက် ဖြစ်စေ နှစ်ယောက်ဖြစ် ဘယ်သူ ဖတ်ဖတ် သိသင့် တဲ့ စာအုပ် တအုပ်လို့ ယူဆတဲ့ အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

အစတုန်းကတော့ ဒီမှာပဲ တင်ပေးမလို့ပါပဲ။ ဒါပေမဲ့ စာမျက်နှာ ၁၅၉ မျက်နှာ ဖြစ်နေလို့လား လို့လားတော့ မသိပါဘူး တင်မရ ဖြစ်နေတာနဲ့ မတင်ပေးနိုင်တော့ပါဘူး။ အကယ်လို့ စိတ်ဝင်စားသူ များရှိရင် ma.lay751@gmail.com ကို လှမ်းတောင်းလို့ ရပါတယ်။

ဒါကတော့ http://drlunswe.blogspot.com/2009/09/blog-post_09.html ဒေါက်တာလွဏ်းဆွေ ဘလော့ မှာ တင်ထားတဲ့ ဆရာတော့် နှစ် ၇၀ ပြည့် ဂုဏ်ပြု ဆောင်းပါး ပါ။


ဒီစာအုပ် ကို စီစဉ်ခဲ့ကြတဲ့ စီစဉ်သူတွေ နဲ့ စာအုပ်ဖြစ်မြောက် အောင် အဖက်ဖက် က ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြသူတွေ အားလုံးနဲ့၊ ဒီစာအုပ်ကို ကျမဆီ ပို့ပေးတဲ့ ထိုင်းနိုင်ငံမှာ ပညာ သင်ကြားနေတဲ့ ကျမရဲ့ သားတော်မောင် ဥပဇင်း အရှင်ဝရသာမိ ကို ကျေးဇူး မှတ်တမ်း တင်ပါတယ်။

အာလုံးကိုလေးစားချစ်ခင်သော

မမသီရိ

Wednesday, September 02, 2009

ချစ်ခြင်းအားဖြင့်


ချစ်ခြင်းအားဖြင့်..
သူ့အလင်းတွေသာ
ကျမခြယ်မှုန်းခဲ့တယ်.....။

ချစ်ခြင်းအားဖြင့်..

သူ့သတင်းတွေသာ
ကျမ သယ်ဆောင်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့သီချင်းတွေသာ
ကျမ သီဆိုခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့နှလုံးသား ဟာ
ကျမ ကဗျာ ဖြစ်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့မိုးကောင်းကင်
ကျမ ခုံမင်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့အတွက်ကဗျာတွေ
ကျမ အပ်ကြောင်းထပ်ခဲ့တယ်..။

ချစ်ခြင်းအားဖြင့်..

သူ့ပန်းကလေးတွေ
ကျမ စီရေ ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့သမိုင်းကြောင်းများသာ
ကျမ အောင်းမေ့ခဲ့တယ်..။

ချစ်ခြင်းအားဖြင့်..

ကျမ ဘ၀..
ကျမ နှလုံးသား

ကျမ အကြောင်းများ..

နှင်းအပ် ပူဇော် သူ့အဖော်ဖြစ်ခွင့်
ရခဲ့ချင်ပေမဲ့...

ချစ်ခြင်းအားဖြင့်..
ချစ်သောအကြောင်းကြောင့်

ချစ်မိသည့် အတွက်မို့

ကျမ ဘ၀ မှန်ကူကွက် ကလေးရယ်


အထီးကျန် နွမ်းလျ...
အလွမ်းနဲ့သာ ယက်ခြယ်.. ကျမ ပျော်နေပါတော့မယ်....။




မမသီရိ

Monday, August 31, 2009

"သူသိစေချင်"


မဖြေနိုင် လည်တိုင်မော့နဲ့
လွမ်းလေရော့ အဝေးဆီမှာ
မထောက်မညှာ ..
ရက်စက်စွာ
တမင်တကာ.. သခင်ထား ပြီလာ့..
ရွှေအားတော် ငယ်ငယ်
လွမ်း ပုံ ကကြွယ်......။


ရင်ထဲက အိပ်မက်ဖော်ရယ်
စက်လဲ မပျော် ညဥ့်တွေက များ
ကျော်သွားတဲ့ နေ့တွေက အလီလီ
အလွမ်း ပန်းချီတွေ သာ စီခဲ့ရ ရာသီလုံး...

ဟို ဒီ ပွေ စိတ်လေရူးရယ် နဲ့
ရနံ့ ထုံ ပန်းစုံတောမှာ
ရင်မော ကာ ပူပုံပမ်း... တမ်းတ နေတယ်.....။

မမသီရိ
(၃၁.၈.၂၀၀၉)

Saturday, August 29, 2009

ပုလဲပျောက်ရှာပုံတော်



သူ..
ပုလဲလေး တလုံး ပျောက်သွားလို့
ကသုတ်ကရက်
ကမန်းကတမ်း
ကပျာကယာ
ပုလဲလုံး အရှာ ထွက်... ကြေကွဲရတဲ့ နေ့ရက်တွေ.......


ကသုတ်ကရက် ထွက်ခဲ့ရတော့
ဘိနပ်တောင်မပါနိုင်ရှာ
ခြေဗလာနဲ့..
လွင်တီးခေါင်တွေ ဖြတ်
ကန္တာရ ကိုကျော်
တောဟေမ၀ါအတွင်း
တတောင်ဆင်း တတောင်ကျော်
ရင်ထဲမှာ တကြော်ကြော် အော်လို့
ပုလဲပျောက် အရှာ... သူ..ထွက်ခဲ့ပါတယ်......


လမ်း ခုလပ် တနေရာ
မောရှာတော့ သူနား...
သိမလား လို့မေး
သစ်ပင်လေး တပင်..

အပင်လေးက ပြုံးရှာတယ်..
ဂရုဏာ သက်စွာနဲ့

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က အရွက်မဲ့နေရတာပါ..... တဲ့......


ခေါင်းငိုက်စိုက် ရှေ့ကို ဆက်
တွေ့ခဲ့ပြန်ပေါ့ မြစ်ကလေး တစင်း...
သူလဲ အတင်း ငြင်းရှာတယ်..

မတွေ့မိပါဘူး ကလေး ရယ်
မင့် ပုလဲလုံး လေး ဘယ်လို တွေ့မလဲ
ငါ ကိုယ် တိုင်က ခမ်းခြောက်နေခဲ့တာပါ..... တဲ့......


ဝမ်းနည်းပက်လက်
သူ ကလေး လှမ်းထွက်
အရိပ်မဲ့သော နေပူပူ
ရင်တွင်းမှာလဲ ရေတွေ ဆူလို့..

ဟော ..ဟို မှာ..
သမုဒ္ဒရာ တစင်း...
အင်း......
သူတော့ သိတန်ကောင်းပါ ရဲ့....
မျှော်လင့်ခြင်းတွေ ပြန်လင်းလက်
ယုံကြည်ခြင်းတွေ ပြန်ရှင် သန်...

..တွေ့ မိလိုက်သေးလား....
ကျမ ရဲ့ ပုလဲ လုံးလေး.........

သူမ အမေး
လှိုင်းကလေး က
အမောတကော ပြေးလာ.. ဖြေ....

တွေ့ပါသော်ကော.. ကောင်မလေး ရယ်...
ဒါပေမဲ့... သမုဒ္ဒရာ က စကား ပါးခဲ့...
မင့် လည်ဆွဲဘ၀ ဖြစ်ခွင့် မကြုံ နိုင်မှတော့
ဝဋ်ကြွေး မကုန်တဲ့ ဒီပုလဲ
သူပဲ ထာဝရ သိမ်းဆည်း လိုက်တော့ မတဲ့........

လှိုင်းကလေး စကား အဆုံး..
ကောင်မလေး ချုံးပွဲ ချငို...
တိမ် ညိုတွေလဲ ပြိုခဲ့ပေါ့ ..

ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ............

သစ်ရွက်လေးတွေ အသက် မရှူတော့....
ကြယ်ကလေးတွေ မျက်တောင် မခတ်တော့.....
သဲပွင့်လေးတွေ တုတ်တုတ် မလှုပ် တော့....
လေပြေလေးတွေ လမ်း ဆက်မလျှောက်တော့....
ပန်းပွင့်လေး တွေ မရီမောတော့...
လိပ်ပြာလေးတွေ.. အတောင်တွေ သိမ်းရုပ်....
တိမ်တွေ ညီလာခံတာ ..ရပ်....


ဟောဒီ့ ကမ္ဘာ တခုလုံး.. တိတ်ဆိတ် သွားခဲ့ ပုံများ..............။


(ပျောက်ဆုံးသွားသော ပုလဲလေး တလုံး အတွက်..)

မမသီရိ
29.8.2009

Wednesday, August 26, 2009

နောင်တမဲ့သော... (၂)

အလွမ်းတွေ တိုက်စားသွားတဲ့ .... ဟာ
တဖြည်းဖြည်း ပါးလျ လာခဲ့လိုက်တာ
နောက်ဆုံးတော့
အလင်းမှုန် ယဲ့ယဲ့ လေး တွေတောင် ပြုံးပြ..

သံသရာအတွင်းမှာ
ရှင်းလို့ မလင်း နိုင်သေးသရွေ့
ဝဋ်ကြွေးမကျေတဲ့ နေ့တွေ..
အလွမ်းနွံ ထဲ ကျွံ ဆဲ
ဒုက္ခ သစ္စာ .. ဒီ ဆင်းရဲ...
ပြုံးပြုံး လေးပဲ နှစ်သက်နေ.....


ပင်လယ်အတွင်း.. ရေဆင်းချိုးတဲ့.. နေ..
ကမ္ဘာ တဖက်.. လေညင်းခံထွက်တဲ့ .. .
ဒီကမ္ဘာ ဂြိုလ် နှစ်ပါးခွင်မှာ
နှစ်ပါး သွား...
ကတော့ က ပါရဲ့ ထာဝရ..
ဒါပေမဲ့.. တနေရာစီ
(ဒီအမိုက်မ.. ကတော့)..
အဲဒီ ကမ္ဘာခြား ဝေဒနာ လေး ကိုပဲ
နစ်မျော တွယ်တာဆဲ..


တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ....


ညီမလေး ရေ...
သူ့ကို ငါ.. တကယ်ချစ်ခဲ့တာ ပါ.....။


မမသီရိ
၂၆.၈.၂၀၀၉

Friday, August 21, 2009

ဝိုင်နီပုလင်းလေး တလုံး...


တိမ်တွေကို အထူအပါးညှိကြည့်ဖို့
စိန်စီသောလမ်း လဲ

မလျှောက်လှမ်းလိုပါဘူး ကလေးလေး ရယ်...


မင့် မျက်ဝန်း ညိုညို တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် အပြုံး မှုန်မှုန်တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် ကိုယ်ငွေ့ နွေးနွေး
အဝေး က တွေး ရုံလေးပါပဲ...။

အသက်တွေသာ
တနေ့ ပြီး တနေ့ ကြီးလာခဲ့

နှလုံးသားလေး က နဂိုနေရာမှာ ရပ်တန့်

ခံစားလွယ်လွန်း သူ လူကလေး အတွက်

အကြင်နာ ၀တ်ရုံလေးတခု ခြုံပေးချင်တာက လွဲပြီး.....



လမင်း လမ်းလျှောက်ထွက်တဲ့ ည

ကြယ်ကြွေတွေ အတူကောက်
အိပ်မက်ဝိုင် ချိုချိုကို အိပ်မက်ထဲ ပဲ အတူသောက်

အိပ်မက်ထဲမှာပဲ ရောက်ခဲ့တဲ့မြို့မှာ

အိပ်မက်ထဲ မှာပဲ အတူတူ ရှိနေရုံက လွဲ ပြီး...



ကသစ်ပန်း နီနီ တွေ

အစီအရီ ပွင့်တဲ့ ရာသီတခု

တိမ် အကြွင်း အကျန်တွေ စုလို့ မြေသြဇာကျွေး

အိပ်မက်ထဲမှာပဲ ပြုစု မွေးထားတာက လွဲပြီး....



ကျမရဲ့ ချစ်ခြင်းမေတ္တာတွေ

မင့် ချစ်ခြင်း အကြင်နာတွေ
....
အတူတူ ရောဖောက် ရက်ထားတဲ့

ကော်ဇော ပြာပြာလေးတချပ်
..
အတူတူ ထိုးစိုက် အလှဆင်ခဲ့တဲ့
ရောင်စုံ ပန်းအိုးလေး တလုံး
ကျမ ထာဝရ သိမ်းထုပ်ပေးသွား မှာက လွဲပြီး....



တိမ်တွေကို အထူအပါးညှိဖို့

စိန်စီသော လမ်းကိုလဲ မလျှောက်ခဲ့ချင်..

(ကလေးလေး ရယ်..
)
မှန်တာပြော သစ္စာ လို့ဆိုခဲ့ရင်..

တို့...ဆံပင်တွေ သိပ်မဖြူ ကြခင်..

တွေ့ ကို တွေ့ ချင်တာပေါ့နော်...



တကယ်လက်တွေ့ဘ၀ မှာတော့

နေ့ဆိုတာတွေ

ည ဆိုတာတွေ
ဝေးကွာခြင်းရဲ့ သဘောတရားတွေ

တရွက်..စီ

တလွှာ..စီ
ခွဲခြား စိတ်ဖြာ ကြည့်လိုက် တဲ့ အခါ....



မင်းရဲ့ နာကျင် ကြေကွဲခြင်း အထွေထွေ

ကျမရဲ့ ဆူးပြွမ်းတဲ့ ဒဏ်ရာ ဗရပွ
အသီးသီး အ.သ.က.. အ.သ.က..

စီးကျလာတဲ့ နှလုံးသွေး ကိုယ်စီကို...
အနီရောင် ၀ိုင်ပုလင်းထဲ ထည့် .. ချိပ်ပိတ်..

နောင်ဘ၀ တခု မှာ အတူဖွင့်ကြဖို့ တံဆိပ်နှိပ်..



မျက်ရည်တွေ ကိုယ်စီနဲ့...တို့...
.
တိတ်တိတ်လေး.. ငေးကြည့်နေကြ ရုံ.........။



မမသီရိ (၁၁.၈.၂၀၀၉)

Wednesday, August 19, 2009

အိမ်အပြန်

ဆေးရောင်စုံများ ချယ်ထားသလို
ရှုပ်ထွေးပွေလိမ် လောကအိမ် ထဲ
အလည်တခေါက် သင်ရောက်ခဲ့ ပြီ...

လူ့ဘ၀နဲ့ လောကထဲမှာ
ဖြတ်ကျော်ခဲ့ရင်း.. ကျင်လည်ရင်း နဲ့
မြင်ကွင်း မျိုးစုံ ဘ၀ဘုံတွေ
သင်ကြုံခဲ့ ရ တွေ့ခဲ့ရ ပြီ....

သင့်ပတ်ဝန်းကျင် ရှုမြင် သုံးသပ်
မကျေနပ်စရာ ပြည့်ကာနေခဲ့
လောဘ.. ဒေါသ.. မောဟ တွေနဲ့
တဏှာ ဖုံးလွှမ်း အာသာ ငမ်းတက်
ကျင်လည် ကျက်စား.. ဘ၀ ကိုမေ့ထား..
စား.. နေ.. ၀တ်. ဝဲသြဃထဲ
တဝဲလည်လည်...

သံယောဇဉ် ဆိုတဲ့ နွယ်မျှင်တွေ နဲ့
ချစ်ခြင်း.. မုန်းခြင်း.. ၀န်တိုခြင်းတွေ

တွေ့ခြင်း ဆုံ ခြင်း ခွဲခွာ ခြင်းတွေ
တွယ်ငင်ရစ်ပတ် ရုန်းမရ ပဲ
ထွက်ပေါက်တွေ ပိတ် ကြိတ်မှိတ်ပြီးနေ..

လူ့ဘ၀ သက်တမ်း တကယ် တိုတယ်ဆိုတာ
သင် ကိုယ်တိုင် ပဲ .. သတိမထား.. မေ့ထားမိ ခဲ့....

ပျော်စရာ တလှည့်.. ငိုတလှည့်နဲ့
စိတ်ညစ်ငြူးလိုက် ရယ်မောလိုက်နဲ့

ဝမ်းနည်းတခါ.. ၀မ်းသာတလှည့်
ကုလားထိုင်ပေါ်တခါ တက် .. အောက်ရောက်တခါ..

စာဖွဲ့ မကုန်..လောကီ ဘုံထဲ
မိန်းမောဆဲမှာ....


အချိန်တန်ကြောင်း .. ဧည့်နှင်မောင်း.. သံ
သင် နာခံ ခိုက်....
သင့် အိမ် အမှန် သင် ပြန်ရတော့ မှာ......

ငို ရှိုက်သံများ.. သင် ကျော်လွှားလို့
သင့် ရဲ့ နောက်မှာ .. သင်ပိုင်ထင်ထား
သင့် အိုးအိမ် ယာ..ရတနာနဲ့
ရွှေထီး ရွှေ နန်း.. ရွှေ ကြငှန်း ရော..

ပါဝါ အာဏာ.. အင်ပါယာ ရော
ရွှေ ငွေ စည်းစိမ်.. ဂုဏ်ရှိန် သိန် စက်
သံယောဇဉ် ဖွဲ့ ချစ်တဲ့ သူများ....
အပြန်လမ်း မှာ.... ဘာ မှ မပါ....

တိတ်ဆိတ် ငြိမ် သက်... ထီးတည်း မဲ့ လို့..
သင် နဲ့.. သင် ပဲ .. တယောက် တည်းရယ်...
အလည်ရောက်ခဲ့ တဲ့..လောကအိမ် အပြင်ဖက်
သင်... ထွက် ..တဲ့ ..အခါ.........။


မမသီရိ
၁၀.၄.၁၉၉၀


ကျမရဲ့မှတ်တမ်းစာ အုပ် အဟောင်း တခုထဲ ပြန်တွေ့မိတဲ့ ကဗျာ တပုဒ်ပါ..။ နေ့စွဲ အရဆို နှစ်ပါင်း ၂၀ ပြည့်ပါတော့မယ်.။ အဲဒီ တုန်းက ကျမမှာ အသက် ၄၀ အရွယ် ဦးလေး ၀မ်းကွဲ တယောက် ရှိခဲ့ဖူးတယ်.. ငယ်ငယ်တုန်း ကတည်းက စာတော် တယ်၊ ရုပ်ရည် သန့်သန့်ပြန်ပြန့် စမတ် ကျကျ မို့ ကြိုက်သူ တွေ ၀ိုင်းဝိုင်းလည်နေခဲ့တယ်.. ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကို အထင်ကြီးလွန်းတော့ အသက် ၄၀ ထိ မိန်းမ မရနိုင်သေး.. ။ ခေတ်ပြောင်းတဲ့ ကာလ တခု မှာ မြို့ နယ်တခု ရဲ့ ဒုတိယ အကြီးဆုံး အာဏာပိုင် ဖြစ်နေခဲ့တာ မို့.. သူတာဝန်ကျ ရာ မြို့ကလေးရဲ့ ဒုတိယ ဘုရင်ခံ ဆိုလဲ မမှားဘူးပြောရမှာပါ. အစ ထဲကမှ မာန ကခပ်ကြီးကြီး.. အတ္တ က ခပ်ကြီး ကြီး.. တော်ရုံ လူ ..လူမထင်ရတဲ့ အထဲ..ဘ၀င်က ခပ်မြင့်မြင့် မှာ.. အကြောင်းသင့် လို့ အာဏာ က လက်ထဲ အလိုလို ရောက်လာတော့.. ဘေးနားမှာ ခစား သူတွေ ၀ိုင်းဝိုင်းလည် ပြီး.. ကျမ ရဲ့ ဦးလေး ငယ်တယောက် က တကဲ့ ဘုရင်ခံ ကလေး လို ဖြစ်ခဲ့တာပေါ့..။

ဆွေမျိုးတွေထဲမှာ တူတွေ တူမတွေ အရင်း ရော ၀မ်းကွဲတွေ ၁၀ ယောက် ကြားထဲ မှာ.. ရုပ်ဆိုး ပေမဲ့.. ခင်မင် နှစ်လိုဖွယ်ရာ.. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရုပ်ဆိုးဆိုး ဒီ တူမလေး ကို သူ အတော် ချစ်ပါတယ်..။ အသက် ငယ်ငယ် နဲ့ သူနဲ့ စာဖတ် ဖက်.. ဆွေးနွေးဖက် .. ရတာ ကိုး...

အပေါ် က ကဗျာ က အသက် ၄၀ ပြည့်ခါနီးလေးမှာ မှ ရီးစား ထားဖို့ သတိရတဲ့ ဦးလေး ကို သူ့ ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ အတွက် ကျမပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေး ပါ.. ဒီကဗျာ ရေးတုန်းက အဲဒီ ဦးလေး ကို ကျမ မျက်စိစပါးမွေး စူးခဲ့တာ လဲ အမှန်.. သူကတော့ တာဝန် အရလို့ ပြောပေမဲ့.. ကျမအတွက်တော့ မနှစ်သက်ဖွယ် ရာ ကိစ္စတွေ မြင်နေရ ကြားနေရတော့ မနေနိုင် မထိုင်နိုင် အကွက် ရတုန်း ကဗျာ လက်ဆောင် ပေးခဲ့မိတာပေါ့... သူ့ ခမျာ ၀မ်းသာ အားရ မွေးနေ့ လက်ဆောင် ကဗျာ ဆို လို့ ဖတ်လဲ ပြီးရော.. မုန့်ဖိုး မရတဲ့ အပြင် .. မျက်နှာတွေ နီရဲ ပြီး.. ကျမ ကို ထရိုက်တော့ မလို ဖြစ်ခဲ့ တာ ခု ထိ မြင်ယောင်နေပါသေး တယ်.....

မနေ့ ကတော့ စာရွက်ဟောင်းတွေ စာအုပ်ဟောင်းတွေ ပြန်လှန် လှော ရင်း ဒီကဗျာလေး တွေ တော့.. ကျမရဲ့ ဘဘကြီး၊ ဘဘလေး၊ ဘဘလတ် နဲ့ .... (.....) တွေ အတွက် လက်ဆောင်ပေး ဖတ်စေချင်တဲ့ စိတ်ကလေး ပေါ်လာလို့..

အင်းး... ဘဘကြီး တို့ ကျမ ကို နရင်းပိတ်တီးချင်စိတ်တော့ မပေါ်လောက်ပါဘူး နော့........။


(ဒီကဗျာ လက်ဆောင်ရခဲ့တဲ့ ဦးလေး က လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကချင်ပြည် နယ် တနေရာမှာ တာဝန်ထမ်းဆောင်နေတုန်း ကွယ်လွန်ခဲ့ပါ ပြီ)

အာလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

Monday, August 17, 2009

ရူးသွပ်ခြင်း


တကယ်တမ်းပြောရရင်...
အချစ်ဦးလို့ ဖြစ်ဖူးချင်တာပေါ့

ဒါပေမဲ့..
...
..
ဆန္ဒနဲ့ လက်တွေ့
ထပ်တူမကျနိုင်တော့တဲ့ အဆုံး
ဘယ်လိုပဲ ချစ်ရ ချစ်ရ..
ချစ်ခွင့်ရဖို့ကလေးပဲ.. တပ်မက်နေမိ...။

ညဥ့်နက်နက်တွေလဲ လှောင်ပြီပေါ့ ချစ်သူရေ...။

တကယ်တော့..
ကွန်ပျူတာ အွန်လိုင်းပေါ်က
မင်းရဲ့ အပြုံးသင်္ကေတလေးကိုတောင်
ရူးသွပ်စွာ... ရူးသွပ်မိသူ ..ငါ..
.....
.....
အာရုဏ် အတက်
မက်တဲ့ အိပ်မက်ထဲက
မင်းရဲ့ ကိုယ်ငွေ့ လေးကိုတောင်
ရူးသွပ်စွာ တပ်မက်မိသူ ငါ...
...
....
ကိုယ့်အတွက် မဖြစ်နိုင်မဲ့
သံစဉ်တွေ အတွက်... ၀မ်းနည်းခဲ့ရသလို..

မင်း အတွက်ပါ... လို့...ပြောလာမဲ့
ကဗျာလေး တပုဒ်..ရယ်

မင်း ကို ချစ်လိုက်တာ လို့
ပြောလာမဲ့ စကားလေး တခွန်း ရယ်...

အဲဒါ ရင်ထဲက ပါ ဆိုတဲ့
အနမ်းလေး တပွင့် ရယ်...

ကဲ အတူတူ လျှောက်ရအောင် ဆိုပြီး
ကမ်းလာမဲ့ လက်ကလေး တဖက်ရယ်....

မရုပ်သိမ်းချင်မိသေးတဲ့.. မျှော်လင့်ချက်.နဲ့.
မနက်ဖြန် ဆိုတာတွေ ရှိနေသရွေ့
ငါ မျှော်လင့် နေမိအုံး မှာ..

ငါ ..မျှော်လင့်နေမိတာ.. ဆန်းမလား ကွယ်....။


မမသီရိ

Friday, August 14, 2009

မင်းရဲ့အရုပ်ကလေး


မင်း ထိုင် ဆို ထိုင်

ထ ဆို ထ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်း လာ ဆို လာ

သွား ဆို ထွက်သွားပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်းငို ဆိုရင် ငို

ရီ ဆိုရင် ရီ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ဆို ဆို ရင် ဆို

က ဆို ရင် ထက မဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ပြောသမျှ ခေါင်း ညိတ်

မင်း ခိုင်းတိုင်း လိုက် လုပ်

အရုပ် တရုပ် လို လေ


အရာရာ မင်း အလိုကျ

မင်း ဆန္ဒ အတိုင်း ဖြစ်ရစေ့မယ်

အဲဒါ ချစ်လွန်းလို့ ပါ ချစ်သူ ရဲ့


တခုတော့ ရှိတယ်

မင်း ချစ်ဆိုရင် ချစ်

မုန်း ဖို့ ကို လာမပြောနဲ့

မင်း အဝေး နေရင် လွမ်း

မလွမ်းဖို့ ကိုတော့ လာမပြောနဲ့

(ဒီလို မျိုး ကျတော့)

မင်း ရဲ့ အရုပ်ကလေး ခေါင်းမာတယ်.. ။


မမသီရိ
(၂၉.၇.၂၀၀၉)