Wednesday, July 24, 2013

ည ပန်းချီ


(၁)
ခရီးဝေး ဘတ်စ်ကား ပေါ်က ဆင်းလာတဲ့  ကျောပိုးအိတ် အပြာ ရောင်ဟာ
အခန်းကျဉ်း အိပ်ယာ ဘေး မှာ လဲ လျောင်း ငြိမ်သက်..
အသက်ရှုသံ ပြင်းပြင်း တွေ အောက်မှာ .. တယ်လီဖုန်း ဟန်းဆက် က ပိတ် ကျသွား တယ်...
ဒီနေ့ ပြန်လာမယ် ဆို တာ သိပြီးသား..
ကြို နေသူ ရဲ့ .. ရာနှုန်းပြည့် သေချာမှု ..
ဒီရင်ခွင် ကို သူမ သာ ပိုင်တယ်.. ဘယ်သူ ဘာပြော မလဲ..
အိမ်ရှေ့ က ဈေး ဆိုင်လေး စောစော သိမ်း တယ်.. ၀ယ်သူ တွေ မလာ ကြနဲ့ ..
သူ့ အိတ်ကပ်ထဲ က .. သူမ အတွက် သိမ်းထား တဲ့ စာမူ ခ ..
တယု တယ သူမ .. သိမ်း ယူ ...
နဲနဲ များများ .. ပိုင်ဆိုင်ခြင်း အစစ်အမှန်ဟာ ဒါ ပဲ ဖြစ်တယ်..


(၂)
ည ဟာ .. ဘာ ကိုမှ မမှု သလိုမျိုး
အမှောင် ကို တစ်ပါတည်း သယ်ဆောင် ရင်း
လိမ့် လာလိုက်တာ ဆို..
သူ့ တစ်ကိုယ် လုံး အဆူး တွေ တစ်ရှရှ တစ်ထောင်ထောင်
တောရိပ်ညိုညိုတွေ ဟစ်အော် တားတာတောင် ဂရု မမူ ခဲ့ ..
တစ်စိုက် စိုက် တစ်မတ်မတ် ပါပဲ
ရင် ကို အစိမ်းလိုက်  ဖြတ်ဖေါက် ထွက် သွား ပုံ...
သူ့ ဆူးတွေ သီမိသွား တဲ့ နှလုံးသား တစ်စုံ ဟာ 
မြစ် ကမ်း နံဘေး ကွေ့ကွေ့မှာ သွေး ချင်းချင်း နီ ရဲ လို့ ..
မိုက်တိ မိုက်ကန်း ည..  လေ အဟုန်မှာ..
အတွင်းခံ ဘယာကြိုး လျှော့ခံရတဲ့ မိန်းမ တစ်ယာက် ရဲ့
ကြည်နူး ငြီးငြူ သံ သဲ့သဲ့ လှိုက်လှိုက်မောမော ဟာ ဝေ့ဝေ့ ဝဲဝဲ လွင့်မျောပါ လာ...


(၃)
တချို့တစ်လေအတွက် ငရဲဟာ
ငရဲပြည် မှာ ရှိတယ် 
တစ်ချို့တစ်လေအတွက် ငရဲဟာ
အင်္ဂါ
ဗုဒ္ဒဟူး..
ကြာသပတေး..  ညတွေ မှာ ရှိတယ် .....။


မမသီရိ
၂၄ ဇူလိုင် ၂၀၁၃

Wednesday, July 17, 2013

မောင် ရေ.. လွမ်းတယ်



မြတ်နိုးခြင်း ကို တိုင်းတာဖို့ ပြဒါးတိုင်ကလေး တစ်ချောင်း
ကြင်နာခြင်း တွေ သိမ်း ထုပ်ဖို့ .. ပုဝါ ခပ် ပါး ပါး တစ်ခု
တမ်းမက် မှု များ .. လွှမ်းခြုံထားသော ..
မျက်ဝန်းညို အကြည့်များ.. အမိအရ ပစ်ဖို့ မျှား တစ်စင်း ..
ကျမ နေကြာပန်းခင်း မှာ ထွန်း လင်း နိုင် ဖို့
နေမင်းတစ်စင်း ဖြစ် စေ.. နှင့် ကျမ လိုအပ် သော အရာများ…

သူ့ပါး ကလေး ကိုင် ကြည့် တဲ့ အခါ နူးညံ့ မှုတွေ နဲ့
တွယ်တာခြင်းတွေ အုံလိုက် ကျင်းလိုက် ပွင့်အာ လာ .
ကျမ ကျောပြင် ပေါ်က သူ့ လက်ကလေး ရဲ့နွေးထွေး သိမ်မွေ့ခြင်း
ဘုရားသခင် အလိုတော်ကျ.. ကျမ ရရှိခဲ့ သော.. သူ့ချစ်ခြင်းတွေ…
မငြင်းပယ် နိုင်လောက် အောင် .. နက်ရှိုင်းခဲ့ ..
နာရီ နဲ့ စက္ကန့်များ.. ကာလ များ စွာ.. ကျမတို့ အတူတူ ဝေးကွာခဲ့ ဖူးတယ်..
နေ့များ ည များ.. နာရီများ.. အချိန်များစွာ .. ကျမတို့ စိတ်ချင်း နီးကပ်ခဲ့ဖူးတယ်..
ကျမ တို့ တူတူ စိတ်ကောက်တယ်.. 
ကျမတို့ တူတူ ဝန်တို တယ်.. အပြာ ရောင် တူတူ နှစ်သက်တယ်..
ချစ်ခင် စွာ တူတူ ငြင်းခုံတယ်.. နှစ်သက်စွာ .. တစ်ယောက် ကို တစ်ယောက် အော်ငေါက်တယ်..

ခြေ တစ်ချက် လှမ်း တိုင်း အလွမ်း ပန်းတွေ ပွင့် နေ..
ဖုန်းခေါ်သံ ကလေး များ.. မကြားလေ တဲ့ အခိုက်..
ကျမ ရဲ့ သဘောင်္ ကလေး.. ဘယ်မှာများ ဆိုက် နေသလဲ ကွယ်..
လိပ်ပြာဖမ်း ပိုက်ကွန်ကလေးက ငယ်နေသလားး..
ကျမ ချစ်ခြင်း အင်အား ကို ကျမ ယုံတယ်..
လေပြေ က တိတ်ဆိတ် ငြိမ် ၀ပ်လို့ … ဆိတ်ဖလူး ရနံ့ တွေ တိုးတိုးဝှေ့ဝှေ့ ပြေးလာလို့
မိုးညို့ညို့ တွေ က တောင် ဖက် ဆီ .. မာန်ချီ လို့ .. 
ဒီလောက် ချစ်နေမိမှတော့.. ဒီလောက်လွမ်းရတာ ဘယ် ဆန်းမလဲ ကွယ်..
မောင်.. ရေ့.. လွမ်းတယ်.. ။

မမသီရိ
၁၇ ဇူလိုင် ၂၀၁၃

Saturday, July 13, 2013

ပြန်မနိုးတော့မဲ့ မင်းသမီး .. အတွက်..



တောင်တွေ ဒီလောက်များနေမှတော့
တောင် တစ်လုံး တစ်လေ ပျောက် သွား ဘာများ ဖြစ်မှာလဲလို့
ရှင် တို့ ပြောကောင်း ပြောကြပေမပေါ့ ..

အုတ် တစ်ချပ်စာ လေး .. ဘာ အရေးလဲ လို့
မတွေး ခဲ့ သူတွေ ကြောင့် သာ..
ဒီနေ့ ဒီ ကမ္ဘာမှာ..
ပုဂံ ဆိုတာလဲ ရှိရဲ့.. ဗောရောဗောဓိလဲ ရှိရဲ့
မဟာ တံတိုင်း ကြီး လဲ ရှိရဲ့..
မြောက်ဦး လဲ ရှိရဲ့ .. အီဂျစ် စဖင့် တွေလဲ ရှိရဲ့ ..

သစ်ပင် တွေ သစ်တော ဒီလောက်ပေါ နေမှတော့
တစ်ပင် တစ်လေ လောက်လေး ဘာမှ မဖြစ်သေးဘူး ပေါ့
ဟို လူတွေး ဒီလူတွေး အတူတူ ဒီအတွေး နဲ့
ဝိုင်း အားပေး လိုက် ကြတာ .. ရာစုနှစ် တစ်ဝက်မှာ
ငါတို့ သစ်တောတွေ ..ဂနာလရာဇ်ပြည် ဆီ ဘ၀ ပြောင်း

အက်ကြောင်းတွေ ဘယ်လို ပြန်ဖာထေးကြမတုန်း..
ကုန်းရုန်း သီး ခံ သူ က သီးခံ..
ကုန်းရုန်း.. အကောင်းစံ သူ က အကောင်းစံ..

အပျိုစင် ကိုယ်လုံး ကိုယ်ပေါက် နဲ့..
နာကျင်စွာ လဲ လျောင်း.. အဓမ္မ အကျင့်ခံ
လက်ပံတောင်းတောင် မင်းသမီး ထံ ..
နှုတ်ဆက်ရန် တစ်ခေါက်.. ရောက်ခဲ့ စဉ်အတွေး ..
ချရေး မိတာလေး တွေ...

မမသီရိ
၀၅ ဇူလိုင် ၂၀၁၃




Thursday, July 04, 2013

မယ်သီတာ

သူကလည်း သူ့တာထဲက မထွက် နိုင်

ကိုယ် ကလဲ ကိုယ့် တာထဲ မထွက် နိုင်..
မျက်နှာချင်း ဆိုင် တွေ့ ရက် နဲ့ လက်ကလေး တောင် မကိုင်နိုင် တဲ့ အဖြစ်..

ဇာတ်တော်ထဲက  မင်းဒဿ သာ ခေါ်လို့ ရမယ်ဆို..
ဟန်ဆောင်တာ မူပို တာတွေ အသာထား..

ဇွတ်ပဲ ပြောလိုက်ချင်ပါရဲ့ ..
အတင်း အကျပ် ပဲ ဖြစ်ဖြစ် .. လာခိုး လှည့်ပါ့ .. ကျမ ကို.. ..။


မမသီရိ
၎ ဇူလိုင် ၂၀၁၃

Monday, July 01, 2013

အယ်လစ်ဇာ

ကျမ ချထား ခဲ့တဲ့ ခြေရာတွေ ကောက်ပြီး မှ ကျမ နောက်လိုက်ခဲ့ ပါ အယ်လစ်ဇာ..
အဖုံးတွေ ဖုံးထားတဲ့.. ရာဝင်အိုးတွ မှာ.. လောက်လန်း တွေ နဲ့ ပွ သယောင်း ထ နေတဲ့ အကြောင်း
မီဒီ ယာ ကို ချခင်း.. ဘာသတင်းတွေ ပေးချင်နေရတာတုန်း အယ်လစ်ဇာ..

ကျမ က နေ့ဆို.. လင်း နေမှ.. ည ဆို မှောင်နေမှ ကြိုက်တာ.
ဟိုမရောက် ဒီ မရောက် နေ့ များ.. ဟို မရောက် ဒီမရောက်ည များ..
ကျမ နား သီ တောင် မသိ မိ ပါစေ နဲ့ လား ..  လောလော ဆယ်
အယ်လစ် ဇာ ရေ.. လ ကို လဲ ချစ်ပါ ရဲ့ တိမ် ကို လဲ ချစ်ပါရဲ့ ..
ဒါပေမဲ့.. ကျမ ခုတစ်လော.. အဖြူ အမဲ ပဲ သဲ ကွဲ ချင်နေမိတာ ကို..

ကျမလား... ငြိမ်းချမ်းရေး ကို ထွေ ခင်း ကစား ချင်လို့..
ဟို တစ်ယောက် ကို အပိုင် လိုချင် မိတာ ခဏ ထား...
ကိုင်း ဖျား ကိုင်း နားတွေ မှာ တောင်.. လုံ ခြုံမှုနဲ့ အိပ်စက်ခြင်း ရဲ့ တရား..
ကျမ တို့ ရပ် လိုက်ကြရ အောင်ပါဆို... အဲဒီ အမုန်း စကား များ..

ဘယ်သူ့ ကို အပြစ်ပေးရ မလဲ ဟုတ်လား..
မေးခွန်းလေး များ ကြည့်မေးစမ်းပါ့ ... အယ်လစ်ဇာရယ်.. ..
လမ်းပေါ် မှာ.. ကလေး လဲ သိ.. ခွေး လဲ သိ... အားလုံး သိ...
ရှင်းရှင်း ကြီး. သိ.. မင်း.. မသိတာ မလွန် လွန်း ဘူး လား ကွယ်...

အယ်လစ်ဇာ ရေ.. 
စစ်တန်းလျားတွေ ဆီ.. ကျမ တို့ ခဏ အလည်သွား ကြမလား..
အိုးအိမ် စည်းစိမ် တွေ ပြာ ပုံ ထဲ ပစ်ခဲ့ရ .. ဒုက္ခ သည် စခန်း  နား ခဏ သွား ကြမလား
စစ်ဘေး သင့် မိဘ မဲ့ ကလေး တွေ နဲ့ မင်း မျက် လုံးချင်း ဆိုင် စကားပြောရဲသလား..
သွေးအိုင် ထဲ မိသား စု ၀င် ရဲ့ အိပ်မက် ဆိုးနဲ့ အသက် ရှင် မိခင် တွေ လက် မင်း ကိုင်ရဲမလား..
မီး လောင် ပြင် ထဲ က ကြေကွဲ မျက် ရည် တွေ အတွက် .. မင်း စာ ရင်း ကောက်ဝံ့ သလား... 

ကောင်း ကင် ကြီး ကတော့ ရှိပါ ရဲ့ အယ်လစ် ဇာ ..
ကျမ တို့ အားလုံး ဘယ်တော့ တူတူ နွေးထွေး ကြ ရမလဲ...
နောင် ဘ၀ တွေ ရှိတယ် လို့ ယုံ တဲ့ သူတွေ က .. ဒီ ဘ၀ မှာ.. မတူ တဲ့ သူ ကို ဒုက္ခပေး..
တစ် ဘ၀ ပဲ ရှိတယ် လို့ ယုံ ကြည် သူတွေ က..  ဒီ ဘ၀ မှာ ပဲ အသက် စတေး ဖို့ ၀န်မလေး..
ကျမ တို့ ရှည် ရှာ်ဝေးဝေး မစဉ်စား ကြေး လေ.. အယ်လစ်ဇာ...
တကယ် တမ်း တော့.. ကမ္ဘာ ပေါ် မှာ.. ရှိတာ လူ သန်း ပေါင်း ၇၀၀၀ သာ..

သူ ငယ်ချင်း တစ်ယောက် ကတော့ အယ်လီယန်တွေ လာစေချင် သတဲ့..
ကျမတို့ .. ဘာကို ချစ်လို့ .. ဘာ့ အတွက်... သံလွင် ခက်တွေ ချနင်း..
ချိုး ဖြူလေး တွေ .. သွေး ချင်းချင်း နီ စေ ရ တာပါလိမ့်....
ကျမ ရဲ့ Little Prince လေး.. ကျမ သိပ်လွမ်း တာပဲ...
ကျမ ဦးခေါင်း မှာ.. မသိ နားမလည် နိုင်ခြင်း နဲ့ သက်ပြင်းတွေသာ ပြည့် နှက်.. 
ကျမ ကို တကယ် ချစ်တယ်ဆို.. 
ကျမ ချထား ခဲ့ တဲ့တဲ့ ခြေရာတွေ ကောက်ပြီး မှ ကျမ နောက်လိုက်ခဲ့ ပါ အယ်လစ်ဇာ...
မိုးထန်ထန်.. လေဆန်ဆန်.. 
ငြိမ်းချမ်းမှု တွေ စုဝေး ရာ တောင် ကုန်းတွေ ဆီ ကို သာ ကျမတို့ သွား ကြရအောင်ပါ...။ 


မမသီရိ
1 July 2013

Wednesday, June 19, 2013

တို့အားလုံး ရဲ့ နှင်းဆီနီ (၂၀၁၃)


သူဟာ ရဲရင့်တဲ့ နှင်းဆီ နီနီ


အမှောင်တကာ့ အမှောင်တွေ
သူ အောင်ခဲ့ ပြီးပြီ....

မတ်စောက်လွန်းတဲ့ ဓါးတောင်ပေါ်
သူ ကျော်ခဲ့ပြီးပြီ....


ပူပြင်းလှတဲ့ မီးပင်လယ်
သူ ရည်ရွယ် ကူးခဲ့ပြီးပြီ..


နုပျိုခဲ့သော သူ့နှလုံးသား..
အများ အတွက် ပေးဆပ်ခဲ့ပြီးပြီ...


သူ့သက်တမ်းတ၀က်
ဓားသွားထက် အိပ်စက်ခဲ့ဖူးပြီ...

သူ့စွန်လွှတ်ခြင်းတွေအတွက်
ကမ္ဘာ ရဲ့ ဦးညွတ်ခြင်း အခါခါ ခံခဲ့ရပြီး ပြီ...


နှစ်ဆယ်ကျော် ငါးခါတက်
ငြိမ်းချမ်းရေး သံလွင်ခက်
ကိုက်ချီကာ သူ သယ်ဆောင်ခဲ့ပြီး မို့..
 
သူ့လမ်းစဉ် သူ ဆက်လျှောက်
ဝင့်ဂုဏ်ထည်.. ဖြိုးဖြိုးမောက်
၂၀၁၅ .. 
ချို ချို ခါးခါး ..သူမကြောက်..
မှုလောက်မယ်...  မထင်...
ပန်းကြာစင် လို လန်းစေကြောင်း..
တောင်းဆုချွေ မေတ္တာလောင်း...
ပြည်သူ အပေါင်း ဝန်းရံခ ... 
သူဟာ.. နေ.. သူ ဟာ.. လ..
တို့အားလုံးအတွက် တော့ ..  နှင်းဆီနီနီ ချိုမြမြ.။


မမသီရိ

 အမျိုးသားဒီမိုကရေစီခေါင်းဆောင် အကျဉ်းကျနေခဲ့စဉ်တုန်း ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့.မှာ ရေးဖွဲ့ခဲ့သောကဗျာ အား.. ချစ်ခင်လေးမြတ်ခြင်းအားဖြင့် ၁၉ ဇွန် ၂၀၁၃ ခုတွင် ပြန်လည်
မွမ်းမံကာ မွေး နေ့ ဂုဏ်ပြုလိုက်ပါသည်။

၂၀၀၉ ခုနှစ်တွင် ရေးဖွဲ့ခဲ့သော မူရင်း ကဗျာ နှင့် မှတ်ချက်များအား တို့အားလုံးရဲ့ နှင်းဆီနီ
တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

Thursday, June 13, 2013

နှစ် ပတ်လည်

ဒီရက် ဖြစ်တဲ့ အဲဒီနေ့ က ထူးထူးခြားခြား. ကျမ ရဲ့ ၀က်ဝံပေါက်စ ကလေး က .. မထိမ်း နိုင် မသိမ်း နိုင် တခစ်ခစ် ရယ်မောလို့ ..လူသူ ကင်းမဲ့ နေတဲ့.. ကျီးလန့် စာစား.. ပတ်ဝန်းကျင်မှာ

တောထဲ မှာ ပဲနေတတ်တဲ့ ငှက်မဲ မြီး ရှည် တစ်ကောင် က.. နေ့လည် ကတည်း က.... ရှေ့ တံခါး နားမှာ စူးစူး ရှရှ.. တကျီကျီ.. အော်နေခဲ့ တာ ညဦး ရောက်တဲ့ ထိ..

မမြင်နိုင်ခဲ့တဲ့ ကံ ကြမ္မာ ဟာ.. အမှောင် ရိပ် မှာ တိတ်တဆိတ် ပုန်း လျှိုးလို့နေခဲ့တယ်.. ..

ငြိမ်းချမ်း မှု မြတ်နိုးစိတ် .. ဘက်မလိုက်မှု အား ..ဆုပ်ကိုင် ခြင်း နဲ့... တရားမျှတ လို ခြင်းဟာ .. .. ချောက်ကမ်းပါး အစွန်း ကို ဖိတ်ခေါ် တတ်တဲ့ အကြောင်း.. အမှောင် မှာ နာရီပေါင်း ၁၉၀၀...

ရန်လို ခြင်း.. ရိုင်း စိုင်း ခြင်းနဲ့... တရား မမျှ တခြင်းတို့  က.. .. နေ့ များ .. ည များ. ကို.. အမှောင် တွေ နဲ့ သာ နှစ်မြှုပ်လို့ ...

အပြစ်တင်လိုခြင်း မဟုတ်သော်ငြား... မကင်းဝေးခဲ့သော ကြောက်ရွံ့ခြင်း များ  ... အမှန် တရား ကို.. ရင် မဆိုင် ရဲခဲ့ သော အခြေအနေအချိန် အခါ... မည်သူ မည်ဝါ.. တစ်ချို့ ကြောင့်... ဘ၀ တစ်ခု ဟာ.. မှင် နီ မှင်နက် များ နဲ့ စုတ်ချက်ထိုး ခံ ...ရုန်းကန် ရမည့် .. လော က ဓံ နှစ် ပတ်လည် ခဲ့ ပြီ......။


မမသီရိ
၁၄ ဇွန် ၂၀၁၃

Sunday, June 09, 2013

I won't fall down again on 3rd mistake ...

သတိရခြင်း အလျား....
ကျမ မောင်ကလေး တစ်ယောက်ရဲ့ စကား..
ခဏ ငှား သုံးပါရစေ..
ခွင့် ပြုပါ..  မောင်လေး ရေ..
......

ပေါ်လူးရှင်း အမြင့်လွန်လာတဲ့ ညှီစို့စို့ မြို့ပြ ညနေခင်းများ....
အနားယူ အိပ် စက်ခဲ့ပုံမရတဲ့ .. အနာတရ နံနက်ခင်းများ...
အပြင်မှာ...
အမွှေးရနံ့ .. ချွေး ရနံ့ .. စပယ်ရနံ့ .ချဉ်စူးစူးနံ့ ရနံ့များစွာ နေ့လည်ခင်းများ...

အေးခြင်း အတုအယောင် နဲ့ အခန်းကျဉ်း ကလေး ကတော့ ..
အနီ ရောင် နှင်းဆီ ပွင့်တွေနဲ့ ခေါင်းအုံး ကလေး တစ်လုံးကို အဖော်ပြု..
ခန်းဆီး ၀ါဝါ ထူထူ တွေ ရဲ့ နောက်ကွယ် မှာ.. 
လွမ်း ဆွတ်မှု တွေ နဲ့ စွတ်စို.. မှုန်မှိုင်း...

ဖုန်းခေါ် သံ တိတ်ဆိတ် တဲ့ ည ဟာ ..
ဒဏ်ရာ ရ ကျား တစ်ကောင် ရဲ့ ငြီးငြူ သံ နဲ့ ကြေ ကွဲ တိတ်ဆိတ်..
ညဥ့် က နက်လွန်း တယ်.. စက္ကန့်တွေ ရှည်လျားတယ်
အတိတ် က နီး လွန်းတယ်... အနာဂတ်က မှုန်လွန်း တယ်..
ကံကြမ္မာက ခါးသီး တယ်.. 
သူမ ရဲ့ နောင်တ တွေ ဟာ..
ရေတံခွန်တွေ ကို ရပ်တန့် ဖို့ မစွမ်းဆောင် နိုင်ခဲ့...

I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...

ဥာဏ်စဉ် ကို .. သတိနဲ့ ယှဉ်ကပ်ထား..
ဒီ အမှတ် ..မှတ်နေရ တာနဲ့ ကို.. သတိမရ ဖို့ ဆိုတာ မတတ်သာ ခဲ့...
နာ စရာ တွေ ရှာကြံ တွေးထား.. ဟိုနား.. ဒီနား မှာ..
ငါ .. မုန်း တီး တဲ့ .. ဆေး လိပ် ငွေ့ ..
ငါ မနှစ်မြို့ တဲ့..  ရီ ဝေ သော.. မျက် ၀န်းများ နဲ့.. ချဉ် တူး တူးး ရနံ့ တွေ...
ကန့်လန့်ကာ တစ်ချပ် နောက်ကွယ် က
ကျမ မသိနိုင်တဲ့ သူ့ day schedule များ...  သူ့ night schedule များ...
ဒီလောက် မကြိုက်တာတွေ များတဲ့ အထဲ
အဝေး ကို ပြေးထွက် ကာမှ... ဘာ ကမှ ဆောင့် မဆွဲ ပဲ.. အနီးဆုံး ပြန်ပြန် ရောက်..
ကျမလေ .. တကယ် ပဲ ဂုဏ် တွေ မောက်လိုက်ချင်ပါရဲ့ ..
ဘယ်လို မှ မစွမ်းသာ .. တော့ တဲ့ .. အဲဒိ ကစားကွင်း အလယ်..
နှစ်နှစ်သက်သက် ကြီး အလဲထိုး ခံ လိုက်ရတာနဲ့ တင်..
ရှည် လျား လွန်းပါ့ပေ့ တော့.. နေရာတကာ.. အဲဒီ သတိရ ခြင်း တွေ....

I won't fall down again on 3rd mistake ...
ပေါ်တစ်လှည့် ပျောက်တစ်လှည့်...
I won't fall down again on 3rd mistake ...
သေချာ လိုက်.. မသေချာ လိုက်..
I won't fall down again on 3rd mistake ...
ကျမ ဘာသာ ကျမ ကယ်တင်မှ ရမယ် ..
ကျမ .. ကျရှုံး သွား လို့ မဖြစ်ဖူး...
ကာလ ရှည်စွာ... စေ့ ရုံ ထားခဲ့သော.. တံခါး.. များ.............
နာကျင် စွာ..... ပြီး တော့... ... ... ...
ကျ..မ... ပိတ် လိုက် ... ပါ.... ရ ... စေ... တော့.......

WHATEVER & ANYWAY
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...


မမသီရိ
၀၉ ဇွန် ၂၀၁၃


Monday, June 03, 2013

မောင် .. ဖြည့်ရမဲ့ ကွက်လပ်ကလေး...

ကော်ဖီဆိုင်ထဲမှာ လူ အများကြီး ရှိနေပါသည်..
ကျမကတော့ အိတ်ပရက်ဆိုလေးရှေ့ချ ထီးတည်း အတွေးနဲ့
ယောင်ချာချာ ကျမဘေးမှာ ကွက်လပ်ကလေး..

ဘုရားပေါ်မှာ ဘုရားဖူး အများကြီးရှိနေပါသည်..
ကျမ လက်အုပ်ကလေးကတော့ ထီးတည်း ငေး လို့..
ယောင်ချာချာ ဆုတောင်းစာတွေ ထဲ မှာ ကွက်လပ်ကလေး..

ပန်းတစ်လှေကြီး ပွင့်တဲ့ ပန်းခြံ ထဲမှာ.. လူတွေ အများကြီး ရှိပါသည်..
ကျမ နှစ်သက်တဲ့ ပန်းကလေးကတော့ ထီးတည်း မွှေးလို့..
ယောင်ချာချာ ၀တ်မှုန် နုနု လေးပတ်လည် မှာ ကွက်လပ်ကလေး...

နေညိုချိန် အထူး ဘတ်စ်ကားပေါ် .. လူတွေ အများကြီး ရှိပါသည်...
မမီ မကန်း နဲ့ အပေါ်ကွင်းကလေး က လှောင်ပြုံးလေးနဲ့ ငုံ့ကြည့်..
ယောင်ချာချာ လူတွေ ကြပ်ကြပ် သိပ်သိပ် ကြားမှာ.. ကွက်လပ်ကလေး..

လကွေးကွေး ပတ်လည် မှာ.. ကြယ်စင် တွေ ပျော်ပါးလျှက်ရှိပါသည်..
ကျမ ရဲ့ ရာသီရုပ်ကလေး ကတော့ တိတ်တိတ် လေး မှေး လို့..
ဆန်းစ အလင်း နုနု ဖြူအု ခြုံလွှာ အောက်မှာ ကွက်လပ်ကလေး...

ကျမဘေးက ပြတင်း မှာ ခန်းဆီးတွေ မလှစ်ပဲနဲ့ ..ထားပါသည်..
အသော့ ကလေး ရစ်သိုင်းလာတဲ့ လေပြေ..မှာ .. ရုတ်တရက် မျက်လုံးဖွင့် .
ကျမ ဘယ်လက် ကလေး နဲ့ စမ်း သပ်မိတာ က ကွက် လပ်ကလေး..

အလွမ်းဟာ.. ညိုရှရှ .. သူ့ ကိုယ်သင်းရနံ့မှာ ရစ်တွယ်လို့ .ကျန်ပါသည်...
နူးညံ့ရစ်သမ် တွေ တိုးတိတ် လူးလွန့် ခဲ့ဖူး တာက.. အမှတ်တရ...
 ဟိုတုန်းကတော့ တစ်ကိုယ်ရေ တစ်ကာယ နေနေကျ...
အချစ်ကို.. တူးဖော်မိတော့မှ.. ရုန်းမရ ပြု မရ.. .. ဘာနဲ့မှ အစားထိုး လို့မရ..
မောင်... ဖြည့်မှ ပြည့်ဝ တော့မယ့်..ကျမဘေးက .. ကွက်လပ်ကလေး လှလှ ....။


မမသီရိ
၀၃ ဇွန် ၂၀၁၃

Tuesday, May 21, 2013

မနော်ဟရီ ရဲ့ ၂၀၁၀ ( ကျမ အတွက်တော့ ၂၀၁၃)

 
 
၂၀၁၀

ကိုယ့်စိတ်ကိုယ်ပြန်မြင်ကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ ကြည့်လို့မကောင်းဘူး
သုံးချက်ခေါက်လိုက်တဲ့ တုံးမောင်းသံက ခေတ်ဟောင်းအဖြူအမည်းကား နည်းနည်းဆန်တယ်
အဲဒီ ၂၀၁၀ တေးသွားက အဆုံးမှာတောင် မလိုအပ်ပဲ တယောသံခပ်များများနဲ့ .. အီဆွဲနေလိုက်တာ
ပြုတ်ကျအောင် ဖြုတ်မချနိုင်ခဲ့တဲ့ အဲဒီ ဂီတက ရင်နင့်မကျန်ခဲ့တာ ဆန်းသလား ………..

ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..
လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်
ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား
ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ …

တစ်နေ့တစ်နေ့ ကောင်းကင်ဆန်ပြရတာ မောပန်းပြာနှမ်း လာတယ်
( မြက်ခင်းစိမ်းစိမ်းတွေမှာက လူတွေအပြည့်နဲ့ )
မြေပေါ်မှာ လဲလျောင်းခွင့်ရနေရင် ဒိထက်ပို ပြုတ်ကျစရာ ဒါဏ်ရာရစရာ ဘယ်မှာရှိတော့မလဲ …
သာသာယာယာရှိနေတဲ့ မြစ်ကမ်းအရောက်မှာမှ ကမ်းပါးထိပ်က ခုန်ချပစ်လိုက်ရတဲ့ ဇာတ်ညွှန်း ..
တဆိတ်တော့ .. လွန်လွန်းနေပြီ …ထင်တယ်

ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် မှတ်လောက်သားလောက်အောင် ဒါဏ်ခတ်မှ ဖြစ်တော့မယ်
ကိုယ့်ကိုယ်ကို ဆုံးမရတာ ဘယ်လောက်ခက်ခဲပင်ပမ်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ ..
ကိုယ့်ခေါင်းကိုယ် ဘယ်အတိုင်းအတာထိ မာရေကြောရေ ရှိတယ် ဆိုတာလည်း ကိုယ်တိုင်ပဲသိတာ..
ကိုယ့်နားထင် ကိုယ်သေနတ်နဲ့ ထောက်ပြီးကာမှ ပစ်ရခက်နေတတ်တာကလည်း သဘာဝပဲမဟုတ်လား …

တကယ်ဆို အဲဒီလို ပြန်မြင်ကြည့်ဖို့ မရည်ရွယ်ပါဘူး ကိုယ့်ဇာတ်ရုပ်လည်း ကိုယ်သိနေလျက်နဲ့ အပိုတွေ ..
ကျိမ်စာတွေ ဗလုံးဗထွေးနဲ့ ဝေးပြီးရင်း ဝေးနေရတဲ့ နံနက်ခင်းတွေက အဓိက ဇာတ်ကွက်လို ထပ်ထပ်လာ
ခုကျမှတော့ ဆေးစပ်လည်းမှား အရောင်လည်း မမှန်တဲ့အကြောင်း ဘာကြောင့်ချူပ်ကြောင်းထပ်ပြောနေမလဲ
အဲဒီလို လွင့်မျောရမယ်မှန်းသိရင် အစတည်းက မိုးတိမ်တစ်ခုအဖြစ်ပဲ ရွာချပစ်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ..

မနော်ဟရီ
 
 
Note: ကျမရဲ့ ကိုယ်ပိုင်ဘလော့လေးမှာ သူတစ်ပါး ကဗျာဆိုလို့ ရာဘင်ဲဒာနတ်တဂိုး ကဗျာ ဘာသာပြန် ပို့စ် တစ်ခုထဲသာ တင်ဖူးပါတယ်.. . ၂၀၁၀ တုန်းက ရေးထားခဲ့တဲ့ မနော်ဟရီ ရဲ့ ကဗျာ .. အဲဒီတုန်းက အမှုမဲ့ အမှတ်မဲ့.. ဖတ်ဖြစ်ရုံလေး ဖတ်ခဲ့ ပေမဲ့.. သူ့ ဖေ့ဘုတ်စာမျက်နှာပေါ် မှာ ဒီနေ့ ပြန်တင်လာတာ တွေ့ပြီး ပြန်ဖတ်ရတော့ ရင် ကို စူးရှတဲ့ မြှား တစ်စင်း လာမှန်သလို ခံစား ရပြီး.. ကျမ ကိုယ် ကျမ အဲဒီ မှာ ပြန်မြင်နေခဲ့ရတယ် .. ကျမ က အဲ ဒီ ကဗျာထဲ ရောက်သွားပြီး.. ပြန်ထွက် ဖို့ မကြိုးစားချင်လောက်အောင် ငြိတွယ်မိတာမို့ .. ကျမ ရဲ့ သူများ ကဗျာ မတင်ဘူး ဆိုတဲ့ အစဉ်အလာ ကို ကိုယ့်ဖာသာ ချိုးဖောက်လို့ .. သိမ်းထားချင်တဲ့ အကြောင်း ကဗျာဆရာမလေး မနော် ဆီ ခွင့်တောင်းပြီး ပြန်လည် ဖော်ပြလိုက်ပါတယ်.. ကဗျာ ပြန်လည် တင်ပြ ခွင့် တဲ့ မနော် ကို ကျေးဇူးကမ္ဘာ ပါ....။
 
အားလုံးကို ချစ်ခင်လေးစားတဲ့
 
မမသီရိ
၂၁ မေ ၂၀၁၃
 

Thursday, May 16, 2013

....

 ၁ ၆ ၆ ၈ ၇ ...အဲ သလောက် ထူ တဲ့ စာမျက်နှာ..
လှန်လှော ခဲ့ တဲ့.. ကာ လ က တကယ်ဆို...  ကြာ ရော ကြာ လို့ လား..
အမှောင်ဆုံး ၇၈ နေ့
အမှောင်ဆုံး ၇၈ ည..
ဖြတ်ကျော်လာ ရပြီး တဲ့ နောက်....
နောက်ထပ် မှောင်စရာ ရှိတော့မယ် မတွေး ထားခဲ့... ပေမဲ့..
ကျမ ရဲ့ ကောင်းကင် က တိမ်တွေ မစဲ နိုင်ဘူး...
အုံ ရင်.. အုံ ရင်း. .. ပြို ပြို.. ဆင်းလာတာ တွေ..
ဒီကမ္ဘာမြေ ကျမ ..ဘယ်နား သွား နေရ တော့မလဲ....

အားရ ပါး ရ.. ရုန်းခဲ့ ရတာတောင်...
ပိုင်ဆိုင်တာဆိုလို့..
ကျမ ရဲ့ ကြယ်ကလေး...
ကျမ ရဲ့ ဆင်ဖြူကလေး...
ပြီး တော့.. ကျမ ရဲ့ ၀က်ဝံ ကလေး....
ထွေးပွေ့ထားဖို့ ကျမ.. အားအင် တွေ ကျန်ပါသေး ရဲ့ လား.. ဒီအမှောင်မှာ...

ရုပ်ဝထ္တု ပစ္စည်းများ....
 အမည်နာမ.. ပညတ် တစ်ခု..
အလွမ်း တောင်ကြား..
ကြိုကြား ပွင့် တဲ့ စပယ် ရုံ..
မိုးလုံ လေလုံ .. အသိုက်အမြုံ ကလေး..
နှင်း ဝေ သော နံနက်ခင်းများ..
တိုး တိတ် ညင်သာ.. ရေတံခွန်...
အစိမ်းရောင် တောင်စောင်း နဲ့ ၀ါးတဲလေး ညိုညို....
ကြယ်ရောင် တောက် ပ.. မိုးလုံးပြည့် ည များ..
 ကျမ .. ခင်တွယ် ဖူး သော.. အရာတွေ...
အာယာတ စစ်မြေပြင်မှာ.. အငွေ့ ပျံ တစ်စ စီ..ဖြစ်..
ခုတော့ အား လုံး ... အဝေးဆီမှာ.....
ဒဏ္ဍာရီ ဆန် စွာ.... ကန့်လန် ကာ တစ်ခု ကျ သွား ခဲ့...

ရေမကူးတတ်သူမို့ တဲ့.. ကောက်ရိုး တစ်မျှင် ဖြစ်ချင်သူ ရှိခဲ့ တယ်..
အမှောင်ဟာ.. ကျမ ကို ထပ် နှစ် .. အဲဒီ ကောက်ရိုး မျှင်ကြောင့် ပဲ.. နစ်တော့မယ်..
နေမင်း က ကျမ နဲ့ ဝေး ကွာ လွန်းလှတယ်..
မုန်းတယ်.. မုန်း တယ်.. တံခါး တွေ မရှိတော့ တာ ကျမ မုန်း လှပြီ...
နေမင်း က ရွှေ ရောင်.. နေကြာခင်းတွေ မှာ သာ လို့..
နေမင်း .က..... ခရမ်း.... ရောင် ၀ိုင်အို လက်ပန်းတွေ ကို ပဲ နှစ်သက်..
နေမင်း က... ခရမ်း.. ရောင်.လာဗန်ဒါတွေ အတွက် ပဲ တာဝန်ရှိ...
နေမင်း က..ခရမ်း.. ရောင် ခမောင်း ပန်းတွေ ကို မစွန့်လွှတ်နိုင်...
နေမင်း.. က

ခရမ်း ဖတ်ဖို့ ဆိုတဲ့.. မနော်ဟရီရဲ့ ကဗျာတွေ ဖတ်ပြီး.. ကျမ ငို တယ်..
သူ့သူငယ်ချင်းအကြောင်း ရေးထားတဲ့ ကျမ မောင်လေး ရဲ့ ကဗျာ ကို ဖတ်ပြီး .. ကျမ ငိုတယ်..
လိင်.. အချစ် နဲ့ မေတ္တာ တရား.. ကြား.. နံရံ ဟာ.. ထူလိုက် ပါးလိုက်..
မောင်ချော နွယ်ရဲ့.. ညီမလေး.. မမမြင့် ကို နောက်တစ်ခါ ထပ် ဖတ်ပြီး.. ကျမ ငိုတယ်...
အမေ ပျောက်သွားတဲ့ ကလေး ၆ ယောက် ရဲ့ ပုံ ကလေး.. သူငယ်ချင်း က ပို့ပေးလာတော့ ကျမ ငိုတယ်..
ကျမရဲ့ လမ်းလျှောက်ဖော် ကောင်မလေး က..
 ပြန်တိုင်း တက္ကစီ ခတောင်းတတ်တဲ့ သူ့ချစ်သူအကြောင်း မျက်ရည် ၀ဲဝဲ နဲ့ ပြောတော့ ကျမ ငိုတယ်..
ကျမ လျှောက် နေကျ လမ်း က.. ရာသီ မရွေး အော်တတ်တဲ့ ဥသြသံ ကြောင့် ကျမ ငိုတယ်..
ခလုပ်တိုက်လို့ ဗန်းမှောက်ကျသွားတဲ့.. ကလေးလေး ငို တော့ ကျမ လိုက် ငိုတယ်..
အင်တာနက် သတင်းတွေ ပေါ် ရောက် လာတဲ့ လူသတ်ပွဲ တွေ ကြားက
 ကလေးတွေ အတွက် ကျမ ငိုတယ်..
သူ့ မိန်းကလေး နဲ့ ရှိနေမှတော့ .. ကျမ ဖုန်း ကို ဘယ် ကိုင် တော့မလဲတဲ့
အငယ်ဆုံး ကလေးလေး ဖက်ထား ရင်းပြော နေတဲ့ သူငယ်ချင်းမကြောင့် ကျမ ငိုတယ်..

တင်း နေအောင် ချည် ထားတဲ့ ကြိုး သုံး ချောင်း..
ဘယ် ဓား က မိုက်လို့ ဖြတ်မှာ လဲ...
ကျမ သူငယ် ချင်း ရဲ့ အသံ တိုး တိတ် လွန်းနေတယ်... 

ကျမ ဘေး နားမှာ.. ဘယ်သူ မှ မပြုံး ကြတော့ ဘူး...
ကျမ ဘေး ပတ်လည် မှာ.. အလင်း ရောင်တွေ ပါးလျား ကုန်တယ်...
ကျမ ရေချိုး ခန်းက ဘာလို့ ဒီလောက် ကျဉ်းတာလဲ...
နေပါအုံး...
အပေါ်မှာ.... သစ်သားတန်း ရှိနေတယ်...
ပြီးတော့ ..
ဟို မှာ.. ကြိုး တစ်ချောင်း.. လဲ ချိတ် ရက် ...
ကျမ မျက်ခွံ တွေ ဘာလို့ ဒီလောက် လေးလံ လာရသလဲ....
ကြယ်ကလေး ရေ... ဆင်ကလေးရေ.. ၀က်ဝံကလေးရေ..
ကျမ တံခါး ကို ခေါက်ပါ...
ကျမ တံခါး ကို ခေါက်ပါ...
ကျမ တံခါး ကို ခေါက်ပါ...
ဟော ကြည့်..
တိမ်တွေ က.. မဲ မှောင်လို့.. ပြို လာခဲ့ ပြန်ပြီ.....။


မမသီရိ
၁၆ မေ ၂၀၁၃

Saturday, April 27, 2013

ရှင်သန်ခြင်း

မင်း.. အချစ်ကြောင့် ..
ငါ... မရပ်တန့် ခဲ့သလိုမျိုး...
မင်း အမုန်းကြောင့် လည်း....
ငါ.. ရပ်တန့် လေမှာ.. မဟုတ်ပေဘူး...

နှလုံးသားဆိုတာ.. တစ်ရံတစ်ခါ..
ဘ၀.. ဖြစ်သွားတတ်တာ မှန်ပေမဲ့..
ဘ၀ ကတော့ .. သူ့ တစ်ခုလုံး .. နှလုံးသား မဟုတ်လေ ဘူး...

ငါချစ်တယ်...
ငါ ချစ်ခဲ့တယ်...
ငါ လွမ်းတယ်.. ငါ လွမ်းခဲ့တယ်...
အချစ်က ခွန်အား ဖြစ်သလို မျိုး ..
အလွမ်း ဟာ လဲ... ခွန်အားတစ်ခု ပါပဲ ...

ချစ်နေတုန်း မှာ.. ငါ.. မရပ်နား ခဲ့ သလို..
လွမ်းနေတုန်းမှာ လဲ.. ငါ ဆက်သွားခဲ့တယ်...

မင်း အမုန်း လောက်နဲ့ တော့...
ငါ့ လမ်းတွေ.. မကွေ့ကောက်စေရ..
ငါ့ ပန်းတွေ .. မညှိုးနွမ်းစေ ရ..
ငါ့ သီ ချင်းတွေ.. မတိုး တိတ်စေရ..
ငါ့ လေပြေ .. မဆိတ်ငြိမ် စေရ....

လောကဓံ တရားတွေ ထဲ.. ငါ ပစ်ထည့်လိုက်တယ်..
မင်း.. အချစ် တွေ လား...
ငါ ထပ်  တည့် လိုက်တယ်.. မင်း အမုန်း တွေလား..
တိတ်တိတ် ဆိတ်ဆိတ် .. လွှတ်ချ လိုက်....

ငါ ရှင် သန်နေဆဲပါ.. မြက်ခင်း နုနု တွေဆီ မှာ...
ငါ.. ရှင် သန်နေဆဲ ပါ... ကောင်း ကင် ပြာပြာ ရဲ့အောက်မှာ...
ငါ... ရှင်သန် နေဆဲ ပါ... တိမ် စိုင် ဖြူဖြူ တွေ ရဲ့ ကြား မှာ ...
ငါ.. ရှင် နေဆဲ ပါ... နှင်း ဆီ ၀တ်မှုံ တွေ ရဲ့ အလယ် မှာ...
ငါ.. ရှင် သန်နေဆဲ ပါ...  သဲ သောင် မွ မွ ပေါ် မှာ...

ငါ... ရှင် သန်နေ ဆဲ ပါ....

မမသီရိ
၂၇ ဧပြီ ၂၀၁၃
2:30 pm

Sunday, April 21, 2013

လက်တွဲဖော်



လမ်းကွေ့ကွေ့ ကောက်ကောက်တွေ ဆုံးတော့
အဲဒိ လယ်ကန်သင်းတွေ လွန်တော့..
အဲဒိ တောင်ပြာပြာတွေ ကျော်တော့…
အ၀ါရောင် ခန်းဆီးရွရွ ရှိတဲ့ ..ကနုတ် ပန်းတွေ ကပ်ထားတဲ့.
လတ်လတ်ဆတ်ဆတ် နှင်းဆီ ပန်း တစ်အိုး နဲ့
စပျစ်နွယ်တွေ အခိုင်အခိုင်နဲ့..
အဲဒိ အခင်း ကတော့ ပန်းနုရောင် ဖြစ်ခဲ့တယ်…

အတူတူ နေ၀င်ဖူးပြီ
အတူတူ နေထွက် ဖူးပြီ.
တစ်ယောက်လက် ပေါ် တစ်ယောက် ..မေးထောက်လို့ အိပ်ဖူး ပြီ..

နံနက်ခင်း
နေမင်း ရဲ့ နေရောင်ခြည်  ဘေးခြင်းယှဉ် ရှူသွင်း
ညခင်း..
လမင်း ရဲ့ လရောင်ခြည် ဘေးခြင်းယှဉ် ရှုသွင်း.
ရမ္မက်မီး..
အဲဒီ ပင်လယ် ပဲကွဲ့ .. မမောတမ်း တူတူကူးခဲ့..
သောက ..
အဲဒီ တောင်တွေ ပဲ.. ဖေးမရင်း တူတူ ကျော်
ရင်ခုန်ခြင်း .
အဲဒီကမ်းစပ် ပဲ.. လက်တွဲရင်း တူတူပျော်..
စိုးရိမ် ပူပန်မှု တွေ ဝေယူကြ
ဘ၀ ရှေ့ရေးက အေးအတူ ပူအမျှ
သူ့ရင်ဘတ် နွေးနွေးပေါ်
ကျမ ပါးပြင် သွားတင်ထားတဲ့ အခိုက်..
သူ့ရင်ခုံသံမှာ .. ကျမ အိပ်မွေ့ကျ သွားလိုက်ဆို..
ဘ၀ က လုံခြုံ.. နွေးထွေး.. လေနုအေးကလေး တေးချင်းချို..
နှစ်ယောက်သား ပေါင်းဖက်မိကြပြီးတော့မှ..
စွယ်တော်ရွက် လို့ပဲဆို ဆို … ခေါ်ခေါ်..
ကျမတို့ က.. ဘ၀ရဲ့ လက်တွဲဖော်….။

မမသီရိ
၁၇ ဧပြီ ၂၀၁၃

(To MM & MM )

Friday, April 05, 2013

မှန်စာ

ဒီလိုနေ့မှာ မှ ..ဒီမြူတွေက ထူးထူးခြားခြား
ပါးပါးကလေးတောင် မဟုတ်..
ပိန်းနေအောင် တုတ်တုတ်ဖွေးတော့တယ်..  .. ..
အုန်း လက် အဖျား အနား ကလေးတွေ
ငွေ စင် ဥ တွဲ ရွဲ လက်လက် ဝေ..
အတွေး ဟာ.. အစုန် အဆန်..
ပုံမှန် မဟုတ်တော့ တဲ့ ရထား အိုအို တစ်စင်း...
လမင်း အကြောင်း တွေ ရင်း.. ည .. က .
မလင်း ချင်ပဲ လင်း လာတဲ့ .. မနက် အိုစာ မှာ..
အလွမ်း ဟာ အိပ်မှုံ စုံ မွှား နဲ့.. ၀ိုး တိုး ၀ါး တား...
လမ်း လျှောက် ဖိနပ်အောက်မှာ..
ရာနှုန်းပြည့် သန့်စင် လိုသော.. အာသီသ တွေ နိမ့် လိုက်... မြင့် လိုက်....

ရူးသွပ်ခြင်း အကြောင်းတရား..
တို့တွေ ဆွေးနွေးကြမလား ..
ရူးသွပ်ခွင့် ဆိုတာမျိုး က .. အခြေအနေ ကလဲ ပေးအုံးမှ ကို..
ရူးသွပ်ချင်စရာလဲ ကောင်းအုံးမှ ကို..
ရူးသွပ်ခွင့် ပြုတဲ့အရာ .လဲ ရှိအုံးမှ ကို..
ရူးသွပ်ခွင့် ပြု သူ လဲ ရှိအုံးမှ ကို....

အတွယ် အတာတွေ မရှာ ချင်တော့ဘူး..
ကျမ ကို မ ရူးသွပ် ပါစေနဲ့တော့..
ကြိုး တန်းလန်း နဲ့ စွန်တွေ အကြောင်း..
ဘယ်တော့မှ မထုတ်ဝေ မဲ့ စာ စောင်လိုသာ
ချောင် တစ်ချောင် ထဲ ထား ထားလိုက်ပါ...

ဒီ စွန် မှာ.. ကြိုး နဲ့....
ဟို စွန် မှာ လဲ ကြိုး တပ် လိုက်ပြီ...
သူတို့ဖာသာ လွင့် နေအောင် ပျံ ပါစေ ပေါ့ ...
ဝေဟင် ကျယ် ကြီးထဲ .. ကြိုး တွေ ထပ် မရှုပ် အောင်..

စွန်ကလေး .. ရေ့ ...
မြူထူထူပိန်းပိန်း တွေ ထဲ... ကျမ လေ...
မှန်စာ ကို ပဲ သွေး ပြီးရင်း သွေးနေမိတော့ တယ်....။

မမသီရိ
၂၁ မတ်လ ၂၀၁၃

Saturday, March 30, 2013

တစ်ရေး ကလေး ပါပဲ....လောလောဆယ်..

နှစ်နှစ်ခြိုက်ခြိုက်ကြီး
တစ်ရေး တစ်မောလောက် သေသေချာချာ အိပ်လိုက်ရရင်..

ကျောက်စရစ်အက်ကွဲ လမ်းကလေးပေါ် က
ဘ၀ အမောတွေ ပြေလေ မလား..

လှောင်အိမ်ကလေး တစ်ခု မရှိလို့တဲ့..
လွတ်လပ်ခြင်းရဲ့အောက်မှာ
မနက်က သွေးတွေ နဲ့ ဘ၀ကူးသွား ရှာတဲ့ ယုန်နက်ကလေး
အတွေး က ထွက်ပြေးမလား..

ဧည့်သည် ကွ.. အိမ်ရှင်ကွ ..
ကြိုးဝိုင်းထဲ က မျက်နှာမှာ အိုးမဲ နဲ့ သွေးသံရဲရဲ
တစ်ပါး ပိုသွားပြီ ဖြစ်တဲ့ လောကဓံ ထဲ
အလဲလဲ အကွဲကွဲ ..
Shelter ကျဉ်းကျဉ်းထဲ ရောက်သွားတဲ့
ဘ၀တွေ အကြောင်း ဟောင်းတော့ဟေ့လို့  မေ့သွား လေမလား..

လေးလံ လွန်းလှ တယ်..
ပုခုံး ဘယ်ညာ .. ရှေ့နောက် ၀ဲယာ ..
မနိုင်လုနီး ပါး ၀န်တွေ .. အကြောင်း
အံ ဆွဲ ဟောင်းကလေးမှာ.. သိမ်းထားလို့ ရမလား...

အသက်ရှုရတာ မ၀ တော့ ဘူး..
ဘယ်ရင် အုံ ထဲ စူး စူး အောင့်နေတယ်...

ကြိုးတန်းလန်း နဲ့ ငှက် ကလေး ကို မေ့လိုက်ချင်တာ က အဆိုး ဆုံး ...
လောလောဆယ်ဆယ် ..
အုန်းလက် ညိုညို တွေ အောက် တစ်ရေးလောက် အိပ်ချင်တယ်.... ။

မမသီရိ
၃၀ မတ် ၂၀၁၃