Sunday, October 30, 2011

ညီမလေး ရဲ့ ဟိုမရောက် ဒီမရောက် အလွမ်းတွေ

ညီမလေး ရဲ့ စပယ်ရုံတောင် မပွဲသေး
ဆောင်း က အပြေးကလေး လာခဲ့ပြီ..
နှင်း နှမ သူဇာ... ပုဝါ ကဖြင့် ပါးဆဲ....
ဖိတ်လျှံကျလာနေ တဲ့.. မြောက်လေအေး

အဲဒီလရောင် ကို ၀တ်ရုံချုပ် ..
ကြယ်စင်တွေ ဆံထိုး လုပ်ချင် တယ် .. ကိုကို..
နှင်းမှုန်တဲ့ ညခင်းတွေ ညီမလေး သိပ် ချစ်တယ်.
.ညီမလေး ဆံပင်တွေ ကိုကို.. သပ်တင်ပေးပါ..
ညီမလေး စံပါယ်ကုံး.. .. ကိုကို ထုံးပေးပါ..
နှင်းတွေ သိပ်မသဲ ခင်မှာ

ပြတင်းဘေး နား သစ်ပင်က ရှဥ့်ညိုကလေးပေါ့
သူ ခဏခဏ ခိုး ကြည့်တယ်..
ကိုကို လာ.. ဖမ်းပေးပါ လား.. ညီမလေး တစ်ချက် လောက် ပွေ့ထားချင်

တောင်ကမူ အဆုံးမှာ... ရေစီးသံ ညင်သာလာတဲ့ စမ်းချောင်းကလေး
ညီမလေး ဆင်းကြည့်တော့.. ခြေထောက်ကလေးတွေ အေးစိမ့်
ကြည်ကြည်နူးနူး နှစ်သိမ့်.. အဲဒိ ရေသွင်သွင်ထဲ.. ကိုကို့ အချစ်တွေ

ကိုကို့ အတွက် လက်အိတ်ကလေး ထိုးနေတယ်..
ဆောင်းအလယ် မတိုင်ခင်တော့ ပြီးတန်ကောင်းလေ ရဲ့..
ဘေးက ၀က်ဝံရုပ်ကလေး 
မျက်လုံး ပြူးကလေး နဲ့ လှောင် လှောင် ကြည့်
ဒီ ကောင်.. တခုခု ကို သိနေသလို..
(ညီမလေး ကိုကို့ ကို ချစ်နေတဲ့ အကြောင်း..)
သူ့ ကို ပွေ့ထား ရုံ နဲ့ အလွမ်း မပြေပါ.. ကိုကို..

ဒီဆောင်းအမှီ.. ပန်ချီကား တချပ်..
ကိုကို့ ပါးနား ကပ်.. တိုးတိုးရှပ်ရှပ် ကလေး ပြောမယ့်စကား..ရှိနေ..
ကိုကို.. အရောက်လာခဲ့ပါတော့လား.. ချစ်တဲ့ ညီမလေး.. ဆီ...


 (ညီမလေး.. အတွက်.. )

မမသီရိ
၃၀ အောက်တိုဘာ ၂၀၁၁


Saturday, October 22, 2011

ဝိုင်နီ တွေ

မေမေ ဖုတ်လေ့ ရှိတဲ့
ဆောင်းဦးအကြို ကိတ်မုန့် ရနံ့ က နှာခေါင်းထဲ တိုးဝင်လာတယ်...
အညိုရောင်စပျစ် ခြောက် လေး တလုံးနှစ်လုံး
ဝါးတောင်မကြည့်ရသေးပဲ ချိုမြနေတယ်ရော....
ကျမ ကိုယ်တိုင် တိုက်ထားတဲ့ သစ်သား ကြမ်းခင်း ပြောင်လက်လက်မှာ..
သူ့ မျက်နှာ ပေါ် ပေါ်လာ တယ် မေမေ
စာကျက်ရတာလဲ စိတ်က တယ် မဖြောင့်ချင်ဘူး..
အိမ်ရှေ့ဥယျာဉ် ပိစိ ကလေးမှာ.. နှင်းဆီပန်းဝါ၀ါ တွေ ဖူးနေကြတယ်..
စာကလေး ပိစိ နှစ်ကောင်လဲ ခဏခဏ အလည် ရောက်တာပေါ့..
ကော်ဖီ ကျဆိမ့် လေးက တောင်.. လွမ်းတဲ့ ရနံ့တွေ ထွက်နေတော့..
..ကျမ ဘာလုပ်ရမလဲ မေမေ ရယ်...
ကောင်လေးတွေ ရီးစား များတာ.. သူတို့ တော်လို့ တဲ့...
ကောင်မလေးတွေ လွမ်း တတ်တာ.. အသုံး မကျ လို့ ဆိုပဲ...
မေမေ့ သမီး ရှပ်တေးမ လေ...
ရှပ်ပျာ .. ရှပ်ပျာနဲ့.. 
ဒီ အသက် အရွယ် မကြီး မငယ် မှာ.မှ....
ဝိုင်နီ ပုလင်း ကလေး တလုံး လွတ်ကျ ခွဲလိုက်ပြန်တယ်....

မစိုး ရိမ်ပါနဲ့ မေမေ

ကော်ဖီ ညိုညို ပဲ စွဲ လမ်းခဲ့တာမို့.. ၀ိုင် နီချိုတာတွေ မသိချင်တော့ပါဘူး..
သူ့ဖာ သာ မွှေး .. တာ..  မွှေး ချင်သလောက်သာ မွှေး ပါစေ...


မမသီရိ
၂၂.၁၀.၂၀၁၁


Thursday, October 20, 2011

ပုန်ကန်သူ


ကျမအတွေးတွေ သူကျူးကျော်ခဲ့တယ်..
ကျမ ညတွေ သူ ကျူးကျော်ခဲ့တယ်..
ကျမ နန်းမြို့ သူမို့ သိမ်းပိုက်နိုင်တယ်...

အကြင်နာအကြည့်..
မြတ်နိုးခြင်း မျက်ဝန်း..
နွေးထွေးသော အပြုံး..
နူးညံ့သော လက်ကလေး တစုံနဲ့..
ရင်ခုန်ခြင်း.. တီးဝိုင်း တစုံ နဲ့...
စစ်အင်္ဂါ လေးပါး ပြည့်စုံစွာ.. ချီတက်လာခဲ့သူ..
ကျမ စိတ်ကောက် ခြေဆောင့်တာလဲ မငြူစူ..
ကျမ နှုတ်ခမ်းထော် ရန်ထောင်တာလဲ.. ကြည်ဖြူ..
ခဲလုံးတွေ ပိတ်ကန်.. တံခါး ဆောင့်ပိတ်တာလဲ.. အပြုံးမပျက်တဲ့သူ..
ဂရုဏာ.. အကြင်နာ.. မြတ်နိုးတာ..ခွင့်လွှတ်တာ
အဲဒီ အကူ တပ်တွေ ကြောင့်ပဲ..
ကျမ အင်ပါယာ ထဲ... သူခွဲဖောက်.. တိုးဝင်း ကျူးကျော်လို့...

ချစ်ခြင်း ကို... ချဉ်ခြင်း တပ်ဖို့.. စိုးရွံ့ နေခဲ့တဲ့သူ..
လက်မြှောက်အရှုံးပေးဖို့ ကိုလဲ.. မတွေးလို...
ဘ၀.. ကလေး တွေ ဒီလောက် တို နေတဲ့ဟာ.. ချိုရုံကလေးပဲ ဆက်နေချင်လို့..
ကျမ စိတ်ဓါတ်အင်အားတွေ စုဆောင်းခဲ့တယ်..သူ့ကို ပုန်ကန်ဖို့..
ကျမ ဥပေက္ခာ စွမ်းအား တွေ စုစည်း..
မေ့လျော့ နိုင်ခြင်း တွေ တိုးပွားအောင် .. စွမ်းဆောင်...
အလံဖြူ တကယ်မတင်ချင်... ပုန်ကန်သူ ပဲ ဖြစ်ပါရစေတော့ ရှင်.......။


မမသီရိ
၁၅ စက်တင်ဘာ ၂၀၁၁

Friday, October 14, 2011

ဒုံးဒုံးချ


ခွဲသွားမလား.. ဆွဲမထားချင်သူ
ချန်ထားခဲ့မလား.. စိတ်မများချင်သူ..
နီးနီးဝေးဝေး.. စိတ်မလေး ပဲ...
ချစ်မိတဲ့နောက်.. ခရီးဆုံးလျှောက်မှာမို့ ..



ရင်ခတ်အလွမ်း
မနွမ်းစေချင်...
အချစ်မြစ်များ..
ခမ်းမသွားစေချင်...
စီးဆင်းခဲ့သော အကြင်နာ..
အမြဲသာ.. ဝေဖြာပါစေချင်....


မမသီရိ
၁၄ အောက်တိုဘာ ၂၀၁၁

Tuesday, October 11, 2011

ဂျစ်..

ဝေးး.................
လွမ်းတာကို လွမ်းတယ် ပြောတာ
မပြောရဘူးလား
ကိုယ့်ဖာ သာ လွမ်းချင်လို့ လွမ်းတဲ့ဟာ..
ဘာဖြစ်ချင်နေရတာလဲ..
မင်း မကျေနပ် ရင် ပြန်လွမ်း လိုက်..

ဝေး.. ချစ်တာကို ချစ်တယ်လို့ ပြောမယ်
ဘာဖြစ်သေး လဲ..
မင်း မကျေနပ်ရင် ပြန်ချစ်ပေါ့..

နှလုံးသား ကလေး တစုံ ပါလာလို့
လွမ်းတယ် ကွာ.. .ဘာဖြစ်သေးလဲ..
နှလုံးသား ကလေး တစုံ ပါလာ လို့
ချစ်တယ် ကွာ .. ဘာဖြစ်သေး လဲ....

ချစ်လို့ ကြည့် ကြည့် နေခဲ့တာ..
ဟို အော်..  ဒီအော် လျှောက် အော် မနေနဲ့..
ရာသီ တွေ သယ် ဆောင် သွား တဲ့.. သံယောဇဉ် .. ပန်းခြင်းများ...
မင်း... တကယ် မကျေနပ်ဖူးလား...
လာပါ.. အချိန်မရွေး ပြန်ကောက်.. ချစ်လှည့်......။


မမသီရိ
၁၁ စက်တင်ဘာ ၂၀၁၁

Wednesday, October 05, 2011

သွန်းလိုက်မိတိုင်း.. ဒီအလွမ်းတွေ


နေနဲ့သွန်းတော့လဲ.. အလွမ်း
လ နဲ့သွန်းတော့လဲ အလွမ်း

မိုးတွေ ရွာတော့လဲ.. တကယ်ပဲ မစဲ နိုင်တော့ဘူး
ချစ်ခြင်းဖြင့် မအားးနိုင်အောင်...အဲဒီ အလွမ်းပေါ့..
အဲဒီ အလွမ်းတွေ ပါပဲ....သွန်းလိုက်မိသမျှမှာ။

မမသီရိ
၆ အောက်တိုဘာ ၂၀၁၁

Saturday, October 01, 2011

မုဒိတာ

ချစ်ကြတဲ့သူတွေ ထိုင်.. ထိုင်ငေးရတာ.. အရသာ..
ဘယ်သူက ဘယ်သူ့ကို..
ဘယ်လောက်တောင်ချစ်ရသလဲ..
ရပ်ကွက်ထဲမှာ.. ဟိုမှာ.. ဒီမှာ..
နေရာတိုင်းမှာ.....
လူတကာ ပြောကြတဲ့ခါ...
ရင်မှာ ကြည်နူးစွာ.. ... မုဒိတာ....

သူက... သူ့ မိန်းကလေးအတွက်...
သစ်ခွတွေ စိုက်ထား ပေးသတဲ့...
သူက သူ့ မိန်းကလေး ကို..
လက်သဲကလေးတွေ ဆိုးပေးချင်သတဲ့..
သူက သူ့ မိန်းကလေးအတွက်.. သီချင်းတွေဆိုပြသတဲ့..
သူက... သူ့ မိန်းကလေး ကို...
ခေါင်းလျှော် ဖွဖွ သုတ်.. ဆီမွှေး ထည့်ပေးချင်သတဲ့...
သူက.. သူ့မိန်းကလေးအကြောင်း ကဗျာတွေလဲ..ရေး သတဲ့...
သူက.. သူ့ မိန်းကလေး ဘယ်လို ချစ်ရကြောင်း
ဘယ်လောက်ထိချစ်ရကြောင်း..ခဏခဏ... ရွတ်ပြသတဲ့...

မိုးလောက်ကြီး ချစ်တယ်..
အရာအားလုံး ထက် ကိုချစ်တယ်..
ပြောမပြနိုင်အောင်ချစ်တယ်...
အချိန်တိုင်းမှာ ချစ်တယ်...မင်း နဲ့ပဲ မခွဲပဲ နေမယ်.....
အိုး... စကားလုံးတွေ တိုင်းမှာ.. အင်တွေ အားတွေ.. ပြည့်လို့...

မင်း မချစ်ရင်.. သေမတဲ့..
မင်း မုန်းသွား ရင်.. ရင်ကွဲ မတဲ့..
မင်း မရှိတဲ့ဘ၀မှာ.. အရာရာ ဟင်းလင်းဟာလာ...
ငါ့ ကို ပြန်ချစ်ပါ...
နားပူနားဆား လုပ်မိတာ... . ချစ်လွန်းလို့ပါ....။

အဲဒါ သူ ချစ်တဲ့ အသံတွေ...
မိန်းကလေးက  မချစ်ဖူး ထင်တဲ့အခါ...
စိတ်ဓါတ်ကျနေပုံ ကလေး ကိုက...
အချစ်တွေ နဲ့ မို့ ကြည်နူးဖွယ်ရာ....

မုန်းတာနဲ့ စာ.. ချစ်တာပဲ ကောင်းတာမို့....
ချစ်သာ. ချစ်ပါ.. ချစ်လိုက်ပါ... ချစ်ကြပါ....
တို့ များ ရင်မှာ.. မုဒိတာ..........။

မမသီရိ
၉ စက်တင်ဘာ ၂၀၁၁



Friday, September 23, 2011

မြစ်တစင်း အကြောင်း

ဒီနေ့တော့ မြစ် တစင်း အကြောင်း
ပြန်ပြောင်းပြောကြတာပေါ့ မြစ်ကလေး ရေ..

မာယာ ရှိတယ် ဆိုတာ မြစ်တွေ မှာပဲ မဟုတ်တဲ့ အကြောင်း
အဲဒီ မြစ် က ခဏခဏ အန် အန်ချ လို့ ပြ တတ်ခဲ့ သတဲ့..
လေပြေတွေ သူ့ အပေါ် က ဖြတ်သန်းခွင့်ပေးတဲ့အခါ
လတ်ဆတ် မှု တွေကိုလဲ သူမျှဝေပေးခဲ့တာမို့
တို့တတွေ အကုန်လုံး က အဲဒီ မြစ် ကို အချစ်ဆုံးချစ်ခဲ့ ဖူးကြတယ်..

တောင်ကြားတွေဆီ သူစီး ဆင်း သွားပုံကလေး ..
သိမ်မွေ့ လွန်းလှချည်ရဲ့..
ခင်တွယ်သူတွေ တပုံ တပင် နဲ့.. သူ့ ရင်ခွင်မှာ မြူးတူးပျော်ပါး..
လူတိုင်းနီးပါး.. ကြည်နူးခွင့် ရခဲ့ကြဖူးတယ်...

စိမ်းလန်းစိုပြေနေသော.. မြစ်ကမ်းပါး သစ်ပင်များ..

လွတ်လပ်ပေါ့ပါး.... လယ်ကွင်းကျယ် လွင့်လွင့်များ....

စုန်စုန် ဆန်ဆန်... အပြန်အလှန် ကူးခပ် သွားလာနေသော..
လူများ ..လှေများ... ငှက်သဗ္မာန်များ...  သူ့ ရင်ခွင် အတွင်း မှာ...

သူ့ အပြုံးများ ဟာ.. ရတနာ တပါး.. ရှည်လျားလျား.. သူ့သွင် သဏ္ဍန်
ကဗျာဆန်.. မဟာ ဆန် လှ သူမို့... ရာဇ၀င်အဆက်ဆက်..
ပြိုင်ဖက်မဲ့ သတို့သမီး... ရှုမငြီး ဖွယ်.. လူတွေရဲ့ နှလုံး အလယ်.. သူ နယ်ပယ်ချဲ့ပုံများ.....

ငါတို့ ချစ်နေဆဲပါ.. မြစ်ကလေး ရေ....
လောလော ဆယ်ဆယ် တော့.. မင်း ကျန်းမာရေး.. မင်း ဂရုစိုက်ပါ မြစ်ကလေး....
ဆောင်းခို ငှက် တွေ မင်း ဆီ ရောက်လာတဲ့အခါ.. မင်း ငိုကြွေးသံ တွေ
သူတို့ မကြားသိပါစေနဲ့လား...
တိုးတိုး တိတ်တိတ်လဲ.. မရှိုက်ပါ နဲ့လား မြစ်ကလေးရေ...
မိုးနှောင်း လေပြေနဲ့.. မင်း ပျော်ရွှင်ပါ မြစ်ကလေး...
ကြိုးကြာ တေးသံ နဲ့.. မင်းကြံ့ခိုင်ပါ မြစ်ကလေး...
ရွှေရောင် သဲသောင် မွမွ နဲ့.. မင်း.. တက်ကြွပါ မြစ်ကလေး..
အစိမ်း ရောင်.. ကိုင်းတော များနဲ့... မင်း အသက်ဆက်ပါ မြစ်ကလေး....
မင်း ရဲ့.. အနာဂတ် အရေး... ငါတို့ အနာဂတ်ပါ ပဲ မြစ်ကလေး.......။










မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၁



Wednesday, September 21, 2011

ကောင်ကလေး

အပွေး မြင်ရင် အပင် တော့ သိဖို့ကောင်းတာပေါ့
အဲသလောက် ထိ မအ ပါနဲ့လား ချစ်သူ ကောင်ကလေး ရေ..

နှင်းတွေ ဝေရုံနဲ့ ဆောင်း ဖြစ်ရရောလား
မြူတွေ ဆိုင်းရုံနဲ့ နွေ ဖြစ်ရရောတဲ့လား
မိုးတိမ်တွေ မှောင်ရုံနဲ့ မိုး ဖြစ်ရရော တဲ့လား..

မင်း ကို မခေါ်တာနဲ့ ကျမ က မုန်းရရောတဲ့လား..

ကော်ဖီကို တနေ့ ၃ ခွက် ဆက် သောက် နေဆဲ ပါ ကောင်လေး...
လသာတဲ့ ညတွေ မှာ မင်း ကို လွမ်းနေဆဲပါ ကောင်လေး ရေ
လမိုက်တဲ့ ညတွေ မှာ မင်း ကို တမ်းတနေဆဲပါ ကောင်ကလေး ရေ
လေပြေလာရင်လဲ မင်း ပဲ အတွေးထဲ ရောက်လာဆဲပါ ကောင်လေး ရေ..
ကြယ်ကြွေ ရင် လဲ .. မင်း အတွက် ဆုတောင်းဆဲ ပါကောင်လေးရေ..

အမှောင်တွေ.. စဲ ပါစေတော့လား.. စေ့ရုံ စေ့ထားခဲ့သော တံခါးများ..
တွန်းဖွင့် ထွက်ခွာ ဒီသတ္တကမ္ဘာ လောက ကို မြည်းစမ်းဖို့.... မင်း ကို.. ချစ်နေဆဲ ပါ ကောင်ကလေး..။

မမသီရိ
၂၁ ဧပြီ ၂၀၁၁

Thursday, September 15, 2011

အလွမ်းနံနက်ခင်း



အလွမ်းနံ့သာများဖြင့် .. ပေကျံနေသော နံနက်ခင်း...
သခင့် ပန်းခြံအတွင်းမှာတော့ အရာအားလုံး တိတ်ဆတ်ငြိမ်သက်..
သစ်ရွက် သဲ့သဲ့ လှုပ်သံ မကြား ရတာကို က လွမ်းချင့်စဖွယ်...
အိတွဲ့တွဲ့ ပါးလှပ်လှပ်.. ခန်းဆီးရင်း စားပွဲပေါ်က ကော်ဖီ နှစ်ခွက်..
နှစ်သက်စဖွယ် ရနံ့ဝေနေပေမဲ့ တခွက်က ပိုင်ရှင်မဲ့နေ..
မြူတွေဆိုင်းနေသော တောင်စဉ်တန်းတွေရဲ့ အနောက်မှာ..
ရှိမယ် ဆိုတာ မသေချာသော.. အစစ်အမှန်ချစ်ခြင်းတရား..
မေတ္တာ အားဖြင့်သာ . ပြုစု ပျိုးထောင်ထားခဲ့သော .
လာဗင်ဒါ အပြာများ အကြား....
နှင်ထုတ် လို့ မရနိုင်အားတဲ့.. တမ်းတခြင်း စိတ်တွေ..

သူ့ပုခုံးကလေး မှီတွယ်ခွင့်တခုကိုပဲ.. ရူးသွပ်အိပ်မက်လို့..
ကိုယ့်ပုခုံးကလေး သူဖက်ထားဖို့.ကတော့  အပိုဆုကလေး တခု....
တွယ်ငင်ရစ်ပတ်.. အဖြတ်ခက်သော နွယ်.. အရွယ် ၃ ပါး ဘောင်အတွင်း.. 
အချစ်သည်သာ.. အရာရာ ဆိုတဲ့အကြောင်းတရား.အဟောင်း.
တနေ့ ပြောင်း သွားတိုင်း တခါ... ပိုလို့ ပိုလို့ သေချာ.. လာ...။


မမသီရိ
၂၃ သြဂုတ် ၂၀၁၁

Wednesday, September 07, 2011

I Miss You

ဒီမှာ...
ကျမလေ...
တကယ် အဆင်မပြေဘူး ရှင် ရယ်...

စက်တင်ဘာမိုးက.. သဲသဲမဲမဲ စွေ နေတယ်..
ကမ္ဘာချီ မှိုင်းလို့ ညို့..
မုတ်သုန် အနှောင်း.. လေတွေကလဲ.. ထန် လိုက်တာ သဲသဲ..
သစ်ရွက် အဟောင်းတွေ တောင် မက..
သစ်ရွက်အသစ်တွေပါ လိုက်ကြွေ.. သဲသဲ..

ကသောကမျော.. ပြည့်လျှံလာတဲ့.. ဒီရေတွေ နဲ့..
ပတ်ပတ်လည် .. ပင်လယ် ကလေး တခု လို ၀ိုင်းလို့...

ကျမ မျက်နှာမူထားတဲ့ ဖက်မှာ...
တောင်တန်း ညိုညို တွေ ရှိနေတယ်..
မခုတ်တတ်တဲံ့ ကြောင်လိုမျိုး..
ကျမမုန်းလိုက်တာ.. လေလာလာ မိုးလာလာ
သူတို့ ရဲ့ ကြံ့ကြံ့ ခံ စိတ်ဓါတ်..

ဒီမှာဖြင့်..  လွမ်းလိုက်ရတာဆို...
ကော်ဖီခွက်ကလေး ရှေ့ချလွမ်း...ရ..
ပြူတင်းဘောင်ကလေး.. လက်ထောက် လွမ်းရ..
ခန်းဆီးစ ကလေး ကိုင် .ကိုင်.. . လွမ်း ရ..
ပန်း ၀ါဝါ ကလေး တွေ ကြည့် လွမ်း ရ..
စာဗူးတောင်း သိုက် တွဲလောင်းကလေးတွေ ငေး လွမ်း ရ...
စံကား ပွင့် အကြွေတွေ မွှေး လွမ်း ရ..
တောက်တောက် ပြေးဆော့ ပူစီကလေး တွေ့တော့လဲ လွမ်းရ..
မိုးသံ လေသံကြားက စိုးစိုးစီစီ.. ညံ ချင်တဲ့ ငှက်ကလေး အသံကြား လွမ်းရ..
ပန်း ခရမ်း ပြာ.. သစ်ခွ အိုးကလေး နဲ့ လွမ်းရ...

ကျမလေ....
ဒီမှာ.....
တကယ်ကို.. အဆင်မပြေဘူး ရှင် ရယ်...........။


မမသီရိ
၆ စက်တင်ဘာ ၂၀၁၁

Sunday, September 04, 2011

ထိုစကားလေးတခွန်းရယ်...

အားဆေး မသောက်ရသေးပဲ ..
အင်အားတွေ ပြည့်နေတယ်..

ဗိုက်တာမင်စီ မဖြည့်စွက်ရပဲ
ရွှင်လန်းတက်ကြွနေတယ်..

လမ်းလျှောက်မထွက်ပဲ နဲ့
လတ်ဆတ်တဲ့ လေပြေရနံ့ ရနေတယ်..

ရိုလာကိုစတာ မစီးပဲနဲ့..
ရင်ထဲ လှိုက်တုန်မောနေတယ်..

နိုဗယ်ငြိမ်းချမ်းရေးဆု ရတာထက် ကို
ပို ပျော်စရာကောင်းနေတယ်..

ချစ်သူ့စကား တခွန်း ..
အင်အားတွေ ဖြစ်ထွန်းစေလိုက်ပုံက ..
ကိုယ်တွေ့သာ မဟုတ်ရင်.. မယုံချင်စရာ...။


မမသီရိ
၂၇.၁၁.၂၀၁၀

Friday, September 02, 2011

မီ... သို့မဟုတ် ... နွေးထွေး လင်းလက်ခြင်းများစွာ...

ငါကြေကွဲတဲ့အခါ ဘေးက မင်း ဖေးမဖို့
နင်ကြေကွဲနေတဲ့အခါ ငါ က မင်းကိုထွေးပွေဖို့

ငါပျော်ရွှင်နေတဲ့အခါ ဘေးက မင်း လိုက်ပြုံးဖို့
နင်ပျော်ရွှင်နေတဲ့အခါ ဘေးက ငါ ရီမောဖို့..


တို့တွေ တာဝန်ကိုယ်စီ ယူကြမယ်လေ

ငါ အားရှိသွားပြီ .. မီ....

မင်း ပျော်ရဲ့ မဟုတ်လား
ငါ့လက်တွေ နွေးထွေးတဲ့အကြောင်း
ခုတော့ မင်း ပို ပြီး သိလာရတော့မှာ....

မင်း ... အကြင်နာတွေ .
ငါလိုအပ်နေတာနဲ့ ကွက်တိ
အပို မရှိ..ငါ့အချစ်တွေကလဲ မင်းအပေါ် သာ...

မီ .. မင်း ကို ချစ်တယ်..
ကိုယ် ပေးဆပ်နိုင်တာတွေ အကုန်လုံး .. မင်း ပိုင်တယ်.. မီ..
ကိုယ့်ဘ၀ ရဲ့ အနာဂတ်တခုလုံး  .. မင်း ဥယာဉ်ထဲ စိုက်ပျိုးထားလိုက်ပြီ .....
ရေလောင်းပေါင်းသင်.. မင်း ရင်ခွင် နဲ့ နွေး စေဖို့ရာ.. မီ စဉ်းစား ပါ မီ...

မီ... ကိုယ်ချစ်ရတဲ့ မီ...
ကိုယ့် အလွမ်း ကဗျာတွေ အတွက်တော့ နားလည်.စေချင်သည်..... ။


ကဗျာဆရာ မောင်ငယ်တယောက်အတွက်. ကိုယ်စား ရေးဖွဲ့ ပါသည်..။

မမသီရိ
ဧပြီ ၂၀၁၁