Friday, September 23, 2011

မြစ်တစင်း အကြောင်း

ဒီနေ့တော့ မြစ် တစင်း အကြောင်း
ပြန်ပြောင်းပြောကြတာပေါ့ မြစ်ကလေး ရေ..

မာယာ ရှိတယ် ဆိုတာ မြစ်တွေ မှာပဲ မဟုတ်တဲ့ အကြောင်း
အဲဒီ မြစ် က ခဏခဏ အန် အန်ချ လို့ ပြ တတ်ခဲ့ သတဲ့..
လေပြေတွေ သူ့ အပေါ် က ဖြတ်သန်းခွင့်ပေးတဲ့အခါ
လတ်ဆတ် မှု တွေကိုလဲ သူမျှဝေပေးခဲ့တာမို့
တို့တတွေ အကုန်လုံး က အဲဒီ မြစ် ကို အချစ်ဆုံးချစ်ခဲ့ ဖူးကြတယ်..

တောင်ကြားတွေဆီ သူစီး ဆင်း သွားပုံကလေး ..
သိမ်မွေ့ လွန်းလှချည်ရဲ့..
ခင်တွယ်သူတွေ တပုံ တပင် နဲ့.. သူ့ ရင်ခွင်မှာ မြူးတူးပျော်ပါး..
လူတိုင်းနီးပါး.. ကြည်နူးခွင့် ရခဲ့ကြဖူးတယ်...

စိမ်းလန်းစိုပြေနေသော.. မြစ်ကမ်းပါး သစ်ပင်များ..

လွတ်လပ်ပေါ့ပါး.... လယ်ကွင်းကျယ် လွင့်လွင့်များ....

စုန်စုန် ဆန်ဆန်... အပြန်အလှန် ကူးခပ် သွားလာနေသော..
လူများ ..လှေများ... ငှက်သဗ္မာန်များ...  သူ့ ရင်ခွင် အတွင်း မှာ...

သူ့ အပြုံးများ ဟာ.. ရတနာ တပါး.. ရှည်လျားလျား.. သူ့သွင် သဏ္ဍန်
ကဗျာဆန်.. မဟာ ဆန် လှ သူမို့... ရာဇ၀င်အဆက်ဆက်..
ပြိုင်ဖက်မဲ့ သတို့သမီး... ရှုမငြီး ဖွယ်.. လူတွေရဲ့ နှလုံး အလယ်.. သူ နယ်ပယ်ချဲ့ပုံများ.....

ငါတို့ ချစ်နေဆဲပါ.. မြစ်ကလေး ရေ....
လောလော ဆယ်ဆယ် တော့.. မင်း ကျန်းမာရေး.. မင်း ဂရုစိုက်ပါ မြစ်ကလေး....
ဆောင်းခို ငှက် တွေ မင်း ဆီ ရောက်လာတဲ့အခါ.. မင်း ငိုကြွေးသံ တွေ
သူတို့ မကြားသိပါစေနဲ့လား...
တိုးတိုး တိတ်တိတ်လဲ.. မရှိုက်ပါ နဲ့လား မြစ်ကလေးရေ...
မိုးနှောင်း လေပြေနဲ့.. မင်း ပျော်ရွှင်ပါ မြစ်ကလေး...
ကြိုးကြာ တေးသံ နဲ့.. မင်းကြံ့ခိုင်ပါ မြစ်ကလေး...
ရွှေရောင် သဲသောင် မွမွ နဲ့.. မင်း.. တက်ကြွပါ မြစ်ကလေး..
အစိမ်း ရောင်.. ကိုင်းတော များနဲ့... မင်း အသက်ဆက်ပါ မြစ်ကလေး....
မင်း ရဲ့.. အနာဂတ် အရေး... ငါတို့ အနာဂတ်ပါ ပဲ မြစ်ကလေး.......။










မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၁



Wednesday, September 21, 2011

ကောင်ကလေး

အပွေး မြင်ရင် အပင် တော့ သိဖို့ကောင်းတာပေါ့
အဲသလောက် ထိ မအ ပါနဲ့လား ချစ်သူ ကောင်ကလေး ရေ..

နှင်းတွေ ဝေရုံနဲ့ ဆောင်း ဖြစ်ရရောလား
မြူတွေ ဆိုင်းရုံနဲ့ နွေ ဖြစ်ရရောတဲ့လား
မိုးတိမ်တွေ မှောင်ရုံနဲ့ မိုး ဖြစ်ရရော တဲ့လား..

မင်း ကို မခေါ်တာနဲ့ ကျမ က မုန်းရရောတဲ့လား..

ကော်ဖီကို တနေ့ ၃ ခွက် ဆက် သောက် နေဆဲ ပါ ကောင်လေး...
လသာတဲ့ ညတွေ မှာ မင်း ကို လွမ်းနေဆဲပါ ကောင်လေး ရေ
လမိုက်တဲ့ ညတွေ မှာ မင်း ကို တမ်းတနေဆဲပါ ကောင်ကလေး ရေ
လေပြေလာရင်လဲ မင်း ပဲ အတွေးထဲ ရောက်လာဆဲပါ ကောင်လေး ရေ..
ကြယ်ကြွေ ရင် လဲ .. မင်း အတွက် ဆုတောင်းဆဲ ပါကောင်လေးရေ..

အမှောင်တွေ.. စဲ ပါစေတော့လား.. စေ့ရုံ စေ့ထားခဲ့သော တံခါးများ..
တွန်းဖွင့် ထွက်ခွာ ဒီသတ္တကမ္ဘာ လောက ကို မြည်းစမ်းဖို့.... မင်း ကို.. ချစ်နေဆဲ ပါ ကောင်ကလေး..။

မမသီရိ
၂၁ ဧပြီ ၂၀၁၁

Thursday, September 15, 2011

အလွမ်းနံနက်ခင်း



အလွမ်းနံ့သာများဖြင့် .. ပေကျံနေသော နံနက်ခင်း...
သခင့် ပန်းခြံအတွင်းမှာတော့ အရာအားလုံး တိတ်ဆတ်ငြိမ်သက်..
သစ်ရွက် သဲ့သဲ့ လှုပ်သံ မကြား ရတာကို က လွမ်းချင့်စဖွယ်...
အိတွဲ့တွဲ့ ပါးလှပ်လှပ်.. ခန်းဆီးရင်း စားပွဲပေါ်က ကော်ဖီ နှစ်ခွက်..
နှစ်သက်စဖွယ် ရနံ့ဝေနေပေမဲ့ တခွက်က ပိုင်ရှင်မဲ့နေ..
မြူတွေဆိုင်းနေသော တောင်စဉ်တန်းတွေရဲ့ အနောက်မှာ..
ရှိမယ် ဆိုတာ မသေချာသော.. အစစ်အမှန်ချစ်ခြင်းတရား..
မေတ္တာ အားဖြင့်သာ . ပြုစု ပျိုးထောင်ထားခဲ့သော .
လာဗင်ဒါ အပြာများ အကြား....
နှင်ထုတ် လို့ မရနိုင်အားတဲ့.. တမ်းတခြင်း စိတ်တွေ..

သူ့ပုခုံးကလေး မှီတွယ်ခွင့်တခုကိုပဲ.. ရူးသွပ်အိပ်မက်လို့..
ကိုယ့်ပုခုံးကလေး သူဖက်ထားဖို့.ကတော့  အပိုဆုကလေး တခု....
တွယ်ငင်ရစ်ပတ်.. အဖြတ်ခက်သော နွယ်.. အရွယ် ၃ ပါး ဘောင်အတွင်း.. 
အချစ်သည်သာ.. အရာရာ ဆိုတဲ့အကြောင်းတရား.အဟောင်း.
တနေ့ ပြောင်း သွားတိုင်း တခါ... ပိုလို့ ပိုလို့ သေချာ.. လာ...။


မမသီရိ
၂၃ သြဂုတ် ၂၀၁၁

Wednesday, September 07, 2011

I Miss You

ဒီမှာ...
ကျမလေ...
တကယ် အဆင်မပြေဘူး ရှင် ရယ်...

စက်တင်ဘာမိုးက.. သဲသဲမဲမဲ စွေ နေတယ်..
ကမ္ဘာချီ မှိုင်းလို့ ညို့..
မုတ်သုန် အနှောင်း.. လေတွေကလဲ.. ထန် လိုက်တာ သဲသဲ..
သစ်ရွက် အဟောင်းတွေ တောင် မက..
သစ်ရွက်အသစ်တွေပါ လိုက်ကြွေ.. သဲသဲ..

ကသောကမျော.. ပြည့်လျှံလာတဲ့.. ဒီရေတွေ နဲ့..
ပတ်ပတ်လည် .. ပင်လယ် ကလေး တခု လို ၀ိုင်းလို့...

ကျမ မျက်နှာမူထားတဲ့ ဖက်မှာ...
တောင်တန်း ညိုညို တွေ ရှိနေတယ်..
မခုတ်တတ်တဲံ့ ကြောင်လိုမျိုး..
ကျမမုန်းလိုက်တာ.. လေလာလာ မိုးလာလာ
သူတို့ ရဲ့ ကြံ့ကြံ့ ခံ စိတ်ဓါတ်..

ဒီမှာဖြင့်..  လွမ်းလိုက်ရတာဆို...
ကော်ဖီခွက်ကလေး ရှေ့ချလွမ်း...ရ..
ပြူတင်းဘောင်ကလေး.. လက်ထောက် လွမ်းရ..
ခန်းဆီးစ ကလေး ကိုင် .ကိုင်.. . လွမ်း ရ..
ပန်း ၀ါဝါ ကလေး တွေ ကြည့် လွမ်း ရ..
စာဗူးတောင်း သိုက် တွဲလောင်းကလေးတွေ ငေး လွမ်း ရ...
စံကား ပွင့် အကြွေတွေ မွှေး လွမ်း ရ..
တောက်တောက် ပြေးဆော့ ပူစီကလေး တွေ့တော့လဲ လွမ်းရ..
မိုးသံ လေသံကြားက စိုးစိုးစီစီ.. ညံ ချင်တဲ့ ငှက်ကလေး အသံကြား လွမ်းရ..
ပန်း ခရမ်း ပြာ.. သစ်ခွ အိုးကလေး နဲ့ လွမ်းရ...

ကျမလေ....
ဒီမှာ.....
တကယ်ကို.. အဆင်မပြေဘူး ရှင် ရယ်...........။


မမသီရိ
၆ စက်တင်ဘာ ၂၀၁၁

Sunday, September 04, 2011

ထိုစကားလေးတခွန်းရယ်...

အားဆေး မသောက်ရသေးပဲ ..
အင်အားတွေ ပြည့်နေတယ်..

ဗိုက်တာမင်စီ မဖြည့်စွက်ရပဲ
ရွှင်လန်းတက်ကြွနေတယ်..

လမ်းလျှောက်မထွက်ပဲ နဲ့
လတ်ဆတ်တဲ့ လေပြေရနံ့ ရနေတယ်..

ရိုလာကိုစတာ မစီးပဲနဲ့..
ရင်ထဲ လှိုက်တုန်မောနေတယ်..

နိုဗယ်ငြိမ်းချမ်းရေးဆု ရတာထက် ကို
ပို ပျော်စရာကောင်းနေတယ်..

ချစ်သူ့စကား တခွန်း ..
အင်အားတွေ ဖြစ်ထွန်းစေလိုက်ပုံက ..
ကိုယ်တွေ့သာ မဟုတ်ရင်.. မယုံချင်စရာ...။


မမသီရိ
၂၇.၁၁.၂၀၁၀

Friday, September 02, 2011

မီ... သို့မဟုတ် ... နွေးထွေး လင်းလက်ခြင်းများစွာ...

ငါကြေကွဲတဲ့အခါ ဘေးက မင်း ဖေးမဖို့
နင်ကြေကွဲနေတဲ့အခါ ငါ က မင်းကိုထွေးပွေဖို့

ငါပျော်ရွှင်နေတဲ့အခါ ဘေးက မင်း လိုက်ပြုံးဖို့
နင်ပျော်ရွှင်နေတဲ့အခါ ဘေးက ငါ ရီမောဖို့..


တို့တွေ တာဝန်ကိုယ်စီ ယူကြမယ်လေ

ငါ အားရှိသွားပြီ .. မီ....

မင်း ပျော်ရဲ့ မဟုတ်လား
ငါ့လက်တွေ နွေးထွေးတဲ့အကြောင်း
ခုတော့ မင်း ပို ပြီး သိလာရတော့မှာ....

မင်း ... အကြင်နာတွေ .
ငါလိုအပ်နေတာနဲ့ ကွက်တိ
အပို မရှိ..ငါ့အချစ်တွေကလဲ မင်းအပေါ် သာ...

မီ .. မင်း ကို ချစ်တယ်..
ကိုယ် ပေးဆပ်နိုင်တာတွေ အကုန်လုံး .. မင်း ပိုင်တယ်.. မီ..
ကိုယ့်ဘ၀ ရဲ့ အနာဂတ်တခုလုံး  .. မင်း ဥယာဉ်ထဲ စိုက်ပျိုးထားလိုက်ပြီ .....
ရေလောင်းပေါင်းသင်.. မင်း ရင်ခွင် နဲ့ နွေး စေဖို့ရာ.. မီ စဉ်းစား ပါ မီ...

မီ... ကိုယ်ချစ်ရတဲ့ မီ...
ကိုယ့် အလွမ်း ကဗျာတွေ အတွက်တော့ နားလည်.စေချင်သည်..... ။


ကဗျာဆရာ မောင်ငယ်တယောက်အတွက်. ကိုယ်စား ရေးဖွဲ့ ပါသည်..။

မမသီရိ
ဧပြီ ၂၀၁၁

Thursday, September 01, 2011

အတိတ်မျဉ်းကွေးများ

အချစ်က ဆန်းကြယ်သတဲ့.
သခင်...
တခါ တုန်းက.. သူ ပြောခဲ့ဖူးတာ...

ကိုယ် အမှန် ချစ်တဲ့ သူ က ..ကိုယ့်ကို ပြန်မချစ်နိုင်
ကိုယ် အမှန် မချစ်သူ ကျတော့ .. ကိုယ့် ကို နှစ်သက်မြတ်နိုး
အတန်တန် .. အထပ်ထပ် စွေသော မေတ္တာချောင်းရိုးကလေး မှာ..
လောကကြီး ဇောက်ထိုး မိုးမျှော် ဖြစ်တာ..
သူ.... မျက်ရည် အခါခါ ၀ဲ ရကြောင်း ..
အပ် ကြောင်းထပ်စွာ... ထပ်ခါ ထပ်ခါ.. ပြောလာပြီးတဲ့နောက်..

သခင်... သူ....
တကယ် မချစ်နိုင်မှန်း သိနေမှတော့..
သဉ္ဖာ စက်ပေါ် မျှော်လင့်ရင်း မျှော်နေခဲ့.. တပြည်သူ မင်းသမီးကလေး လေ...

ကြယ်အကြွေ စောင့်စရာ မလိုတော့..
လ.. အသာ စောင့်စရာ မလိုတော့..
သူ့ အပြာ ရောင်ခန်းဆီးကလေး.. ခိုးကြည့်စရာ မလိုတော့..
သူ့ မှန်အိမ် စိမ်းစိမ်း လေး မျှော်စရာ မလိုတော့..

မိန်းကလေး နှလုံးသား...
ဘာသား နဲ့  ထုထား လို့လဲ ကွယ်....
ချစ်ခဲဖူးပါပြီ.. စံတင်လောက်တဲ့ ထိ..
လွမ်းခဲ့ဖူးပါပြီ.. ဂန္တ၀င်မြောက်တဲ့ထိ..

လျှောက်ခဲ့ဖူးပါပြီ.. ဟိုး... ရောက်နိုင်တဲ့.. အနား ထိ...
အဲဒီ လမ်းကလေး အဆုံး မှာတော့....

အလွမ်းတွေ စမ်းရေထဲမှာမျှော...
တို့တွေ ပတ်သက်ခဲ့ဖူးတာ... အတိတ်မှာသာ........။

မမသီရိ
၉ ဖေဖေါ်ဝါရီ ၂၀၁၁

Sunday, August 28, 2011

နီခြင်း ဝေးခြင်း ပညတ်များ

တယောက်မျက်နှာ တယောက်ကြည့်
တမိုးအောက် အတူ ရှိ
နီးနီးလေးပေမဲ့
နှလုံးသားချင်း ဝေးနေခဲ့ရင်..

အဝေးဆုံး.. .အဝေးဆုံးမှာ...
အဲဒီ နှစ်ယောက် ဟာ...
....

အကြင်နာတွေ ပေးချင်ပါရက်
ဖွင့်ပြောရ ခက်နေသလား..

ချစ်သူတွေ ရဲ့ ကြား
တံခါး ဆိုတာ မရှိအပ်ဖူးလေ..

မင်း ရဲ့ နှလုံးသား

အဝေးဆုံးမှာ ပေမဲ့..
နှလုံးသားချင်း နီးနေခဲ့ရင်..

......

ထောင်သောင်းချီဝေး
မိုင်ပေါင်းတွေ မနီးလေလဲ

တို့တွေ မဝေး.. အနီးလေးမှာ...
စကားတွေ လဲ မလို..
အပို တွေ ဘာလုပ်မလဲ..
မင်း ရင်ထဲ .. အချစ်ပဲ ရှိဖို့ လိုတာပါ.....။


မမသီရိ
March 8, 2009

Thursday, August 25, 2011

အချစ်က အချစ် ကြိုက်သလို နေ

မင်း.... ခြုံချင်ခြုံ.. မခြုံချင်လဲနေပေါ့..
ကျမ ကတော့ ရှင့်စောင် ကလေး အဖြစ်.. အမြဲ နွေးထွးစေမှာ..

မင်း.. သီချင်သီ... မသီချင်လဲနေပေါ့..
ကျမကတော့ ရှင့်ပုလဲလုံးကလေးတွေအတွက်.. အမြဲ ငိုပေးနေမှာ...

မင်း.. ကောက်ချင်ကောက်.. မကောက်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် ရွဲလုံးကလေးတွေ အတွက်..အမြဲရီပေးနေမှာ..

မင်း... ဆို ချင်ဆို.. မဆိုချင်လဲ နေပေါ့...
ကျမ ကတော့.. ရှင့် အတွက် သီချင်းကလေးတွေ အမြဲ ရေးပေးနေမှာ..

မင်း.. လာချင်လာ... မလာချင်လဲ နေပေါ့...
ကျမ ကတော့ ရှင့် နေကြာပန်းကလေး အဖြစ်.. အမြစ်စွဲ စောင့်နေမှာ...



မင်း ခေါ်ချင်ခေါ်.. မခေါ်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် အရိပ်ကလေး အဖြစ်.. နောက်က လိုက်နေမှာ...

မင်း ရောက်ချင်ရောက် မရောက်ချင်လဲ နေပေါ့..
ကျမ ကတော့.. ရှင့်အတွက် ကော်ဖီ တခွက် ကျမသောက်တိုင်း ထည့်ဖျော်မှာ..

မင်း သတိရချင် ရ မရ ချင်လဲ နေပေါ့..
ကျမ ကတော့.. စက္ကန့် နဲ့ အမျှ.. ရှင့် ကို လွမ်းနေမှာ...

မင်း ယုံချင်လဲ.ယုံ .. မယုံချင်လဲ နေပေါ့.....
ကျမကတော့ ရှင့် မိန်းကလေး အဖြစ်.. တသက်လုံးပဲ နေသွား မှာ....အသေအချာ.။


မမသီရိ
၂၀ သြဂုတ်. ၂၀၁၁


Monday, August 22, 2011

ရှိရှိသမျှအပြစ်တွေ.. လမင်းကိုပဲ

သန်းခေါင်အပြင်.. နက်စရာ ညက ရှိနေသေးလို့လား...

ဖြတ်သန်းခဲ့ရတဲ့ ခရီးတာ ..ရှည် သလောက် ရှည်ခဲ့ပြီးပြီ လေ..

မုန်တိုင်းသင့် ချောက်ချားဖွယ်.. ညနေခင်းများစွာ..
အရိုင်းဆန်သော.. မနှစ်မြို့ဖွယ် ညပေါင်း များစွာ..
ချွေးပြိုက်ပြိုက် ကျ နွမ်းလျ နံနက်ခင်းများစွာ..
မနိုင်ရင်ကန်.. ရုန်းကန် အထီးကျန် ခဲ့ရသော နေ့လည်နေ့ခင်းများစွာ..
ကြည်နူးစဖွယ်..
အချစ်ကိုတွေ့ ဖူးသော
အခိုက်အတန့်ငယ်ကလေးများ ..ပါဝင်ခဲ့တဲ့ ဘ၀ မှတ်တိုင်ကလေးတွေ..လည်းပါ ..

တကယ်တော့..
သူ က ရေဆန်ကို အပြန်ကူးတက်ခဲ့ရတဲ့
လေးလံသော ၀န်တွေပိနေတဲ့ ငါးကလေး တစ်ကောင်သာ..

ကြာရိုးကြာစွယ်ကလေး တခု..
ဦးစွာ ထွေးပွေ့ပြုစုမှု ရယူ ကျောခိုင်းထွက်သွားသူ
ခရီး..  ယာယီ အိပ်မက်ထဲက အဖော်အပေါင်းကလေး ကို
ဒီဝန်တွေ ခွဲမယူရကောင်းလား..
စိတ်တို ငြိုငြင် အပြစ်တင်လို့
အနည်းအကျဉ်းဖြစ်ဖြစ် ကြေကွဲသင့်တယ် မဟုတ်လား...

နေရာလွတ်နေတဲ့ ဘေး ကို ခဏခဏ လှည့်ကြည့်ရင်း
အလွမ်းလို့ မဆိုသာ တဲ့ သတိရ မိတဲ့ စိတ်ကလေး နဲ့

ကြယ်အရောင်အားကိုး..
အလွမ်းတွေ ပျိုးကြည့်မလို့ ကြိုးစားကြည့်ခဲ့သေးတယ်..
အတ္တဖျက်ပိုးကလေးတွေ ခေါင်းတထောင်ထောင် နဲ့ မို့..
အတိတ် ဆိုတာ အတိတ်သာပါပဲလို့.. ဂျစ်ကန်ကန် ရေရွတ်မိသူကို..
သေချာရဲ့လား .. သနားသလို ငုံ့ကြည့်လာတဲ့ လ.. တစင်း..
စိတ်အလျဉ်း တယ် မသင့်ချင်ဘူး..
မျက်စောင်း တချက် ၀င့်.. မျက်ခုံး တဖက် ဘုတော ပင့် ကြည့်မိတော့

ပုန်းရှိုး ကွယ်ရှိုး နဲ့.. အဲဒီ လမင်း ရယ်လေ...
တိမ် အညိုတွေ အနောက် ..ခိုး.. ခိုး..  တိုး ၀င်သွားလေ ရဲ့....။

မမသီရိ
၉.၇.၂၀၁၁

Thursday, August 18, 2011

မ စိတ်တို...

အဲဒိ တယောက် အနားမှာပေါ့
ပလူးပလဲ ပြူးပြဲနေတဲ့ နီနီ ရဲ ရဲ ကောင်မလေးတွေ
တအိအိ ငြိချင်စရာ ကောင်းအောင် ချွဲ နေတဲ့ ကောင်မလေးတွေ..
 ဟို ပေါ် ဒီပေါ် .. ဖော်ပြ ချင်နေကြနေတဲ့ ချောချောလှလှ မမ လေး တွေ 

ကဲ.. ဆို သူ ကိုယ်တိုင်က .. လဲ ပြနေတာ ကိုး...

အချိန်က လဲ အား .. အား နိုင်ကြ လွန်း...


စိတ်ထဲ မယ် ဘ၀င်မကျ..
နီးနီး နားနား ဆို လဲ ဗိုက် ခေါက်ကလေး ဆွဲ လိမ်မိတော့မှာ..
ထိုင်နေရာက ထ..
ရေ တခွက် ပြေးသောက်..
ကော်ဖီ တခွက်ဖျော်..
နေအုံး... တခြား စာမျက်နှာ တခု.. ဆက်လှန်..
အဆင်က တယ်.. မပြေချင့်....

သ၀န်တို လိုက်ရမလား စဉ်းစား ကြည့်လိုက်သေး..

ခပ်ဝေးဝေး နေတာပဲ ကောင်းမယ် ထင်လို့..
ခပ်ရို့ ရို့ ကုပ်ကုပ် ကလေး လှည့်ပြန်ခဲ့....
အဲဒါ.. ကိုယ် ကျွမ်းကျင် တဲ့ နယ်မြေမှ မဟုတ်ပဲ ကို....

မမသီရိ
၂ ဇူလိုင် ၂၀၁၁

Monday, August 15, 2011

ညီမျှခြင်း များ

ညီမျှခြင်းတွေ အကြောင်း စိတ်မ၀င်စားခဲ့တာ
အတော် တောင် ကြာခဲ့ ပါပကောလား.. နှင်းဆီ ရေ..

မညီမမျှခြင်းတွေ ကိုရော..လို့..  မင်းက မေးချင်သေးလို့လား..
ကျမ က ဘာမှ ကို... စိတ်မ၀င်စားချင်တော့တာပါ...
အမြှောက်လီပေါင်းတွေ ..
မအိပ်မနေ ကျက်ခဲ့ တဲ့ ကာလတွေ အတွက်တော့..
ကျမ နောင်တ မရ ချင်ပါဘူး.. ကွယ်...
ပေါင်းကြည့်ခဲ့ ဖူးတယ်.. အဖြေ က ခပ်ဝေးဝေး ရယ်...
နှုတ်ကြည့်ခဲ့ ဖူးတယ်... မှား မှန်းတော့ သေချာ သိနေခဲ့ပါရောလား..
အစား ကို ကျွမ်းကျင်ဖို့ အတွက်.. လီပေါင်းတွေ ကျက်တဲ့ဆီ ပြန်သွား ရမယ်ဆိုတော့
ကျမ .. ထပ်ညွှန်း နဲ့ ... ဆခွဲ ကိန်း နဲ့ အစား ထိုးဖိုး ကြိုးစား ခဲ့မိသေးတယ်..
ရာရှင်နယ်.. အီရာရှင်နယ်တွေ နဲ့..
ရူး လိုက်ပုံ များ ဆို.....
ကျမ ကယ်ကူလေတာ ကို မုန်းတယ်..
ဖော်မြူလာတွေ လဲ မုန်းတယ်...
မရှိတဲ့ တည်ကိန်းတွေ အတွက်.. x တွေ y တွေ အစား ခဏ ထား ရတာလဲ မုန်းတယ်..

အဲဒီ ညီမျှ ခြင်း တွေ ရ အောင် ညှိတော့ ရော..
မညီမျှတာပျောက် သွားမယ် လို့ ဘယ်သူ တယောက်ပြောနိုင်သေးလို့ လဲ မနှင်းဆီ ရယ်..
စိတ်ကယောက်ကယက် ဖြစ်ပြီး..
တိမ်ပေါ် အရုပ်ရေးနေတဲ့..
ချစ်သူ တယောက် ကိုတောင်.. ရအောင် မဖျောင်းဖြနိုင်သူ လူညံ့တယောက် အတွက်..တော့..
ညီမျှခြင်းတွေ အကြောင်း... မေ့ကောင်းအောင်.. မေ့ လိုက်တာ.. ပဲ.. ကောင်းမယ်..
မေတ္တာတွေ ပုံပေးလို့ .. မေတ္တာနဲ့ဝေးရတဲ့ ပုစ္ဆာမျိုး ..
ခေတ်သစ် သင်္ချာဗေဒနဲ့ မဖြေရှင်းချင်ပါနဲ့ ကွယ်..
ကောဇောနီနီ တွေ ခင်းတဲ့ လမ်းမ နဲ့ မနီးချင်တော့တဲ့အကြောင်း မင်း သိသွားတဲ့အခါ..
ကျမ ကို .. ခွင့်လွှတ်လိုက်ပါ သူငယ်ချင်း ရယ်...
ဒီကမ္ဘာ ပေါ် မှာ.. ကျမ တယောက် တည်း နေလဲ.. ...နေတတ်ပါ့မယ်......။

မမသီရိ
၁၃ သြဂုတ် ၂၀၁၁

Saturday, August 13, 2011

Poya



Poya, ငါ မမေ့နိုင်သေးတဲ့
မင်းရဲ့ အညိုရောင်မျက်ဝန်းတွေ..
ကြည်လင်ခြင်း နူးညံ့ခြင်း.. ကြင်နာခြင်း.. ငြိမ်းအေးခြင်း..
မာန ကင်းစင်.. လင်းလဲ့.. တောက်ပစွာ...

Poya, ငါ မမေ့နိုင်သေးဘူး
မင်းရဲ့ ပါးလျားလျား နှုတ်ခမ်းသားလေးတွေ
အမြဲ ရီလဲ့ စွာနဲ့.. အပြုံးတွေ..
မညိုးပန်းကလေးတွေလို
ဘယ်အချိန်ကြည့်ကြည့်.. ကွေးညွတ်.. နှစ်လိုဖွယ်ရာ...

Poya, မြင့်မားလှ တဲ့
ကမ္ဘာ့ အလှပဆုံး တောင်တန်းတွေအကြား..
မင်း ကြီးပြင်း ခဲ့ ရတာနဲ့ ဆိုင်လို့လား...
ဒီကမ္ဘာကြီးပေါ် မှာ အရာရာ..
အရာရာ ဟာ .. မင်း အတွက်.. ငြိမ်းချမ်းမှုတွေပဲ စေ..

Poya, ဒီလောက် ခွဲခြား ဆက်ဆံ ခံခဲ့ရတာတောင်မှ..
မင်း ဘယ်တော့မှ အပြုံး မပျက်ရအောင်..
ဆောင်ကျဉ်းပေးစွမ်းတဲ့ မင်း အမေ နဲ့ အဖေ..
ငါ ဦးညွတ်ပါရစေ...

Poya, မင်း အသံ မှာကိုက..
ငြိမ်းချမ်းမှုတွေ ပျော်ဝင်တယ်ရော..
ကိုယ်ဟန်အမူ အရာ ကလဲ တည်ငြိမ် .. လေးနက်.. လို့..
ကလေး နှစ်ယောက် ကို လွမ်းလိုက်တာလို့..
မင်း ပြောလိုက်ပုံ ကလေးရဲ့နောက်မှာ..
 မင်း ထက် ၇ နှစ် ငယ် တယ်ဆိုတဲ့
အိမ် သူကလေး အတွက် အလွမ်းတွေ လဲ..
ငါ တွေ့ ဖြစ်အောင် တွေ့ လိုက်ပါရဲ့..
မင်း မရှက် ပါနဲ့ .. Poya,
အဲဒါ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲ လို့..

အိပဲ့အိပဲ့.. ချီတက်နေတဲ့ ဆင်ကလေး အပေါ် မှာ..ပဲ..
ကလေးတွေ နဲ့ အတူရှိချင် တဲ့ မင်း ကို..
ငါ့ မောင်ကလေး တယောက် လိုချစ်မိခဲ့ရတာပါ..

မင်း နဲ့ အနီးအနား မှာ ရှိခဲ့ဖူးတဲ့
ကမ္ဘာကျော် အကြမ်းဖက်သမား ကြီး အကြောင်းပြောနေတာတောင်
အပြုံး မပျက် ... လဲ့ နေတဲ့ မင်း ဟာ...
နောက် ၅ နှစ် လောက်ကြာလို့.

မင်း ရဲ့ တောင်တန်းတွေ ဆီမင်း ပြန်ရောက်သွားတဲ့အခါ...
မင်း ရဲ့ မျိုး နွယ်စုတွေ အတွက်..
ဘယ်လောက် ဂုဏ်ယူစရာ ကောင်းမလဲ လို့..
မင်း မေမေ တွေး သလို.. ငါ တွးနေမိတယ်.. Poya

ငါတို့ ဝေးသွားကြတဲ့အခါ..
ငါပြော  ခဲ့ဖူးတဲ့.. Kite Runner အကြောင်းမမေ့ပါနဲ့ Poya
ငါ အမြဲစိတ်ဝင်စားခဲ့တဲ့ Hazara တွေ အကြောင်း ထပ်ပြောပြပါ Poya
မင်း.. ယုံကြည်မှု အတွက်.. လူတွေ နှိမ့်ချတဲ့ အခါ.. မင်း အမြဲ ပြုံးနေပါ Poya
ဒုက္ခသည်စခန်းတွေ ဆီက.. မျက်ဝန်း ညိုညို တွေ အကြောင်း မင်း အမြဲ သတိရပါ.. Poya
ငါ့ အတွက် တော့
ဒီကမ္ဘာပေါ်မှာ လူတွေ အားလုံးဟာ.. အတူတူ ပဲ မို့..
Poya, မင်း.. ဟာ.. ငါ့ ရဲ့ ..ထာဝရ မောင်နှမ ဖြစ်တော့ မှာ.. အသေအချာပါ....




မမသီရိ
၁၃.၈.၂၀၁၁