Tuesday, May 01, 2012

အနီရယ်.. အ၀ါ ရယ်.. အပြာရယ်.. ခရမ်း ရယ်....


ငါ့ နံနက်ခင်း ကို ဖြန့် ချလိုက်တော့
ခရေ ရနံ့ က တိုးတိုးဝှေ့ဝှေ့ ပြတင်းနား ကပ်လာတယ်..
မျက်စိတလှမ်းမှာ..  ပွင့်အာစ  စိန်ပန်းတွေ ရဲရဲတောက် ..
ငု ကိုလဲ မကြောက် .. ပိတောက်ကိုလဲ မကြောက်...
(စကား မစပ်.. ဒီ ပိတောက်တွေ က ၃ ချီ ထဲ က ဒုတိယ အချီ..)
ခရမ်း ခမောင်းပွင့်တွေ နဲ့ သူငယ်ချင်းပဲ လား ဆိုတော့
အသဲ ယားချင့်စဖွယ် .. မထိ တထိ ပြုံးလိုက်ပုံ .နီစွေး လို့..

ငါ ကဗျာ တပုဒ် ရေးချင်တယ်..
သုံးရာသီ လုံး မမုန်းတမ်း ချစ်နေသူ..
ရာသီမရွေး အချစ်ပဲ ပေးမဲ့သူ ..
တမ်းတ လို့ မောပမ်းတဲ့အခါ.. ငါ .. ချောကလက် စားတယ်..
လွမ်းရင်း နဲ့.. အိပ်စက်တဲ့အခါ.. ငါ အိပ်မက်တယ်...
နေမထိ ထိုင်မသာ အနေရခက် အောင် လွမ်း တဲ့ခါ.. ရေထ..ချိုးတယ်
အလုပ်လုပ်နေတုန်း  ဟေမာ့ သီချင်း ညည်း ရင်း လွမ်းတော့
ကောင်မလေး တွေ ၀ိုင်း လှောင်တယ်...
လမ်းလျှောက် နေတုန်း ခလုပ်တိုက် တဲ့ ထိ ငေးမိတော့
သူငယ်ချင်း ကလေး တွေ ၀ိုင်း ဆူတယ်...
ဒီ အလွမ်းဝတ်ရုံ က ဘယ်လို ခြုံ ခြုံ မလုံ နိုင်အောင်ပါပဲလား ..
ဟိုနေ့ က ငါ ကမ္ဘာ ကြီး အကြောင်း ပြန်လေ့လာတော့
ကမ္ဘာ့ အချင်း ၀က် က ကီလိုမီတာ၁၀၀၀၀ ကျော် ကလေး ရယ်..
ဒါ နဲ့ များ တို့တွေ ဒီလောက် ဝေး ရသလား..
တကယ်ပဲ မကျေနပ်ချင်ဘူး ကွယ်...
သတ္တိခဲ စိန်ပန်း နီနီ တွေ လဲ  မုန်းချင်တယ်..
အနီ ရယ်... အ၀ါ.. ရယ်... ခရမ်း ရယ်.... ပြီးတော့.. ကောင်းကင်ကြီးက .. ပြာနေတယ်.....။


မမသီရိ
၁ မေ ၂၀၁၂


Note: ဒီ ရာသီမှာ.. ပိတောက်၊ ငု၊ စိန်ပန်း၊ ခရေ နဲ့ ခမောင်း တို့ ဝေနေတတ် တဲ့ လမ်းကလေး သို့ အမှတ်တရ..။

Wednesday, April 25, 2012

မျက်နှာသစ်ချိန်

တွယ်ရာမဲ့တယ်လို့ မင်းခံစားမိတယ် ဆို..
တွယ်စရာ ရှိခဲ့ဖူးလို့ ပေါ့...  ဟုတ်ဘူးလား..

တွယ်စရာ ရှိခဲ့ပါလျှက် .. အတွယ် ရ ခက်တာမျိုး..
ကြုံဖူး သူမှ သိမယ် .....     ဘယ်သူ ကယ်တင်ချင်နေတာလဲ..

ငါ တို့ ကြင်ကြင် နာနာ နေထိုင်သွား ကြရ အောင်..
စကားဆိုတာမျိုးက ဖောင်အောင်ပြောတိုင်း ကောင်းမယ် မထင်ပါနဲ့ ကွယ် ..
ငါ ဖျော် ပေးတဲ့ ကော်ဖီ ကို .. ကြိုးစား နှစ်သက် ကြည့်ပါလား..
ငါ့ ပန်းအိုး ကလေးတွေ အကြောင်း မချီးကျူးချင်ရင်တောင် မကောင်းမပြောနဲ့လား..
ငါ့ လက်ရေးတွေ မလှတာမှန်ပါတယ်.. ဒါပေမဲ့..
ငါ့ ပန်းချီကား တွေ နှစ်သက်သူတွေ အတွက် ကြည်နူးပေးရင် ဘယ်လောက်ကောင်းမလဲ..
ငါ့ ရဲ့ ည တွေ က ငါ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြာနေတတ် တာမျိုး မုန်းပါရစေ..
ကြယ်စင် တွေ တောက်ပ ပါ.. လမင်း က  ၀င်းပ ပါ.. လေပြေ က လတ်ဆတ်ပါ
ငါ့ နေ့ တွေ ကို.. ငါ ခင်း ချင် တဲ့ ပန်းတွေ နဲ့ ခင်း ခွင့် .. ငါ မရ သင့် ဘူးလို့  မင်း ထင်သလား...


နေ့ ပေါင်းများ စွာ.... ငါ့ ရဲ့ မျက်နှာသစ်ချိန် ကလေး က သာ..  ငါ အမှန် တကယ် ပိုင်ဆိုင် တဲ့ အရာ.... ။

မမသီရိ
၂၅ ဧပြီ ၂၀၁၂

Friday, April 20, 2012

မရွေ့လျား သူ

ကမ္ဘာကြီးက မရပ်မနား ဆက်သွားနေတဲ့ အချိန်...
ငှက်ကလေးတွေ တေးသီချင်းများ ဆက်လက် ကျူးရင့် ..
ကမ္ဘာပေါ်က တစ်ရာသီ.. နှစ်ရာသီ.. သုံးရာသီ.. လေးရာသီ...   အလီလီ သူ့ အလိုလို ဆက်လျှောက်
သစ်ရွက်တွေ ကြွေ.. ဖူး ပုရစ်.. ဝေ... ပြီးတော့ ကြွေ....
နည်းပညာတွေ.. အနုပညာတွေ.. အရင့်ပညာတွေ.. အထွေထွေ.. ပြောင်းလဲ ခြင်း စက္ကန့်မလပ်..

ရပ်နေတာဆို လို့...
ကြည့်ရတာ ဟေလီ ကြယ်တံခွန် က တို့တွေ နေအဖွဲ့ အစည်း ထဲ နောက်တခေါက်မရောက်တော့မလိုမျိုး..
အသက်တွေ သာ ကြီးသွား.. သူ ကတော့ အဲဒီ နေရာမှာ........


မမသီရိ
ဧပြီ ၂၀၁၂

Sunday, April 15, 2012

ပိတောက်လို မချစ် တစ်ယောက်ကို ချစ်တဲ့ အချစ်တွေ..

ပိတောက်..
 မြှောက်လို့လဲ မရ..
ချောက်လို့လဲ မကျ..
မိုးဖွဲ ကလေးနဲ့ သူ ပွင့်ချင်တဲ့ ရက်
သူ ကိုယ်တိုင် တွက်ချက် ...
အချိန် နဲ့ အခါ နဲ့
စည်းနဲ့ ကမ်းနဲ့ .. ပွင့် မဲ့ အရေး...
ဟိတ်ဟန်တွေ တစ်ပုံ  တစ်ထွေး ..

အချစ်..
အခွင့်အရေး ပေးပေး မပေးပေး..
မင်း ကို ချစ်တဲ့ အတွေး..
စက္ကန့် ကလေး မိနစ်ကလေး..
နေ့ ကလေး ည ကလေး
မိုး ကလေး နွေ ကလေး..
ပိတောက်လို ရက်ရွေးမနေတော့ဘူး
ရာသီ တိုင်းမှာ ချစ်ပါရစေ....။


မမသီရိ
၁၄.၄.၂၀၁၂

Thursday, April 05, 2012

အနောက်ဖက် ကမ်းခြေ အလွမ်းများ

ကျော အောက်က အထိ အတွေ့လေးက သိမ်မွေ့ နူးညံ့လွန်းတယ်
သဲ မှုန်တွေ မွ အိ
ကောင်းကင်ပေါ်မှာတော့ ကြယ်စင်တွေ ထောင်သောင်းမက ..
ဒီမှာ အုံးလက် စိပ်စိပ် တွေ မရှိဘူး..
ငါ အမည် မမှည့်တတ် တဲ့ အပင် ပု ကလေး တချို့သာ ငြိမ်ငြိမ် ကလေး ၀ပ်လို့..
ငါ ရှုရှိုက်ရတဲ့လေ.. ချို တယ် လို့ မတွေး မိတာ တော်တော် ကြာခဲ့ပြီ.. 
မင်း ပါး က သနပ်ခါး ဘဲ ကျားကလေး လွမ်း တယ် .. လုံမ
ထိ တွေ့ ခွင့် မရခဲ့ တာ.. ကာလတွေ ဘယ်လောက် ကြာပြီလဲ ..
နီးမယ် လို့ ယုံကြည်ချက် ကို ယုံ ကြည့် ရင်းနဲ့ဝေးခဲ့ ရတာ...
အချိန်တွေ နှောင်း .. ရာသီ တွေ ပြောင်း ..
ခေတ်တွေ က လိုက်ပြောင်း ဖို့ ပဲ လိုတယ် လို့  ငါ ပို့ လိုက်တဲ့ စာ ..
စံပယ်ဖူးကလေး တွေ ဆက်ချစ်ပါ လုံမ ရေ..
အမေ့အိမ် နားက ပိတောက်ပင် ကြီး ရော ကျန်းကျန်းမာမာ ရှိရဲ့လား..
ငါ့ စိတ်ကူးထဲမှာ တော့ သင်္ကြန် သံချပ်တွေ တလှေကြီး ပေါ့...
ရွာ လယ် လမ်းကလေး မှာ ဖုံ တွေ ထူတုန်း ပဲ ထင်ရဲ့...
ငါ့ ကဗျာစာအုပ်ကလေးတွေ ဖုံ သုတ်ထားပေးပါ လုံမ..
ငါ့ ဂစ်တာ အိုအို ကလေး လဲ ဂရုစိုက်ပေးပါ..
ဟို အလတ်ကောင် .. ယူတီး ပြီး သေချာ သိမ်း ဖို့ ပြောပေးအုံး..
ငါ ပြန်လာတဲ့ အခါ................
    ငါ ပြန်လာတဲ့ အခါ...............

ငါ့ မျက်လုံး တွေ လေးလံ နေပြီ.. လုံမ....

မင်း နံနက်ခင်းတွေ သာယာ ပါစေ........
အိပ်မက် ကလေးတွေ လှ ခဲ့ ရဲ့လား.........။

မမသီရိ
၅.၄.၂၀၁၂


Wednesday, March 21, 2012

သားသားမောင်

ပါးချိုင့်နဲ့ ပြုံးရည် ...
ကြည်ပါပေ့ မေ့သား...
စာမမီ နွေမှာ ဖွား ...
အာဂ ယောင်္ကျား...

လင်းလင်းလက် ရွှင်ကြည် ..
တီတာဝှေ့ မေ့ပါး...
လိမ္မာ သိမ်မွေ့ ထက် တယ်
ထွန်းတောက်မဲ့ သား... ။


မမသီရိ
၂၁.၃.၂၀၁၁



Saturday, March 17, 2012

ဖီးနစ်ငှက်သို့ ဆုမွန်ချွေ

နှင်းခမ်းလို့ နွမ်းကျေ.
ကြွေလုလု ဒီပန်း..
မိုးအမြန် ဆန်းပါမှ ..
ရွှင်လန်းကာ.. မွှေးစင်မြန်းမှာမို့ ..
ဆုမွန်ချွေ .. တောင်းလိုက်ပါပေရဲ့..
 (ဖီးနစ်ငှက်ငယ် ရေ.. )
မြန်မကြာပါလေ့ ဒီနွေနှောင်းစေကြောင်း....။

မမသီရိ
၁၁.၃.၂၀၁၂

Saturday, March 10, 2012

နွေဦး

နွေမှာ ခူးလို့ ရနိုင်မည့်..
ပန်းများ အဖူး စုံသည့်အခိုက်..
ရူးသည်ဟု မဆိုသာ သော်လည်း..
မြူးမြူးကြွကြွ.. လေပြေတို့၏ နောက်တွင်..
နွေဦး သည် ထပ်ချပ်မခွာ.. လိုက်ပါ လာခဲ့ပြီ...

စမ်းချောင်းတို့ ရေအလျှင် သည်
နှေးကွေးခြင်းဖြင့် ၄င်း..

ဖြူဖြူ လွလွ တိမ်စိုင်များသည်..
တကွဲတပြား ကစဥ့်ကလျားမှသည်..
အုပ်စု ဖွဲံ့လာခြင်းဖြင့် ၄င်း..

သာရကာကျေးငှက်အပေါင်းသည်
ငြိမ့်ညောင်းသော တေးသွားတို့ဖြင့် မြူးတူး၍၄င်း..
လည်ချင်းယှက် ကယုကယင်.. ခွန်းတုံ့တင်၍၄င်း..

အနီရောင်... ကသစ်ပန်း ပေါက်ပန်း တို့သည်..
ရဲရဲတောက် စွေးစွေး နီခြင်းဖြင့် ၄င်း..

ကံ့ကော်ဝတ်မှုန် ထုံထုံ သင်းတို့သည်..
ဥသြငှက် ငယ်အား မြူဆွယ် ကလူခြင်းအားဖြင့် ၄င်း..

နေ့လည် နေ့ခင်း တို့၏ နွေးထွေးခြင်းသည်..
ည၏ အေးစိမ့်ခြင်းအားဖြင့် သရုပ်ပေါ်လွင်စေ၍၄င်း..


စိမ်းခဲ့ ပြာခဲ့သော..တောင်ကြားချိုင့်ဝှမ်း တှိုသည်..
ညိုရောင် .. ရွှေရောင်.. ကူးပြောင်း ဟန်ဆောင်ခြင်းဖြင့် ၄င်း..

အုံအုံ့ဆိုင်းဆိုင်း  မှိုင်းချင်တိုင်း မှိုင်းခဲ့သည့်..
ပိတောက်ရိပ် အုပ်အုပ် တို့သည်..
စင်စင်ပါ အောင် သူ့ အရွက်များအား..
သွက်သွက်ခါ အောင် လှုပ် ချခြင်းဖြင့် ၄င်း..

အဖုံဖုံ အမျိုးမျိုး .. မရိုးနိုင်ဖွယ်..
ယက်ယှယ် .. ကြိုဆို ကြလေပြီ...

ပန်းချီကျော် မမီ နိုင်သော...
ကဗျာစီလျှင် မပီနိုင်သော....
လွမ်းမောဖွယ်ရာ.. တီတျာ ညိုလဲ့...
နွဲ့နွဲ့ လျလျ မာယာရှင်..
ရာသီများ ၏ သခင်မ .. သည်...
နှင်းကြွင်း မှုန်မှုန်တို့ကြား... အသာ အယာ..
တိုးခွဲ ချင်း နင်း.. တစ်လှမ်းချင်း လှမ်း.. ၀င်... ညင်သာ လိုက်သည် ဖြစ် ခြင်း....။


မမသီရိ
၅ မတ် ၂၀၁၂ (11:45 pm)

Tuesday, March 06, 2012

ကိုယ်တိုင်ရေးပြဇာတ်ခွင်များ

အစကတည်းကမှ...
ခပ်ရွ ရွ ကလေး ရယ်....
ဗုံတွေ ဆိုင်းတွေ တီးပေးလိုက်လို့များ..တော့..
ကွေးနေအောင် က တာပေါ့....။

တဟေးဟေး တဟားဟား
အားပေး လိုက်ကြတာများ..
လက်ခုပ် ..လက်ဝါး.. ခြေ၀ါး...
ကား..က..ကာ..ကာ့ ကား...
များ မှ . များ...

ငွေ အပို ထပ်ကုန်စရာ မလို..
ကိုယ့်ကားလိပ် .. ကိုယ် ဆွဲတင်...
ကိုယ့် ပွဲ ခွင် ကိုယ် ခင်းကျင်း ..
ကိုယ့် ငါးချဉ် ကိုယ်ချဉ် ချင်သလောက် ချဉ်..
ကိုယ်လုပ် ချင်တာ အကုန်ဖြစ် နေမှတော့..
ဘာချန် ထားနေအုံးမှာလဲ...
ကဲ... ရွာစားရေ့......
တစ်ချီ တစ်မောင်း ..
ဘာ.. အကြောင်းမှ မထောက်...
ပရိတ်သတ်တွေ လွမ်းလောက် အောင်လို့ 
နှစ်ပါးသွား ခွန်း ထောက်..
ကျယ်ကျယ် လောင်လောင် ဟောက် စမ်း မယ်...
အရောက် ပို့စမ်းပါ့.... ဟောဒီ့ စာမျက်နှာ ပြဇာတ် ခွင်များမှာ...။


မမသီရိ
၎ မတ် ၂၀၁၂
ည ၁၁ နာရီ.



Tuesday, February 28, 2012

ဆောင်းနှောင်း ညနေ

ဘယ်လို ပြာလို့ပြာနေမှန်း တောင်
မသိတတ်တော့..
နှုတ်ဆက်ထွက်ခွာမယ်မှန်းသိရက်နဲ့
ယုယု ယယ ပုခုံးပေါ် အသာအယာမှေးတင်
ချစ်ခင်နေလိုက်တာများ.. မှုန်နေအောင် ပြာ..
မြူတွေကြောင့်လား...
ဆိုင်းနေလေ ရဲ့ ...
နွေဦး ဆောင်းကြွင်းမို့လား...
မှိုင်း မှိုင်း .. ဝေ ဝေ..
လုံမလေး ပါးပြင်.. ပုဇွန်ဆီသွေး ကြွေ
နုညက် သနပ်ခါးလေးတွေ
ဆည်းဆာနေ နဲ့.. ပြိုင်နေ..

နေမင်း ကို ဟီးလေးခို လိုက်ချင်သတဲ့ ..
ချစ်သူရှိတဲ့ အရပ်ဆီ...
ကမ္ဘာကြီး က လုံးတယ် ..လုံမ ရဲ့...
ချစ်သူက ယီးလေး ခိုစီးရင်လဲ
ရောက်လာနိုင်တာပဲ မဟုတ်လား.. လို့...

ခေါင်းခါခါ လည်ခါခါ ..ဆံပင်လေးတွေ ၀ဲဝဲ ဖြာ လို့
လုံမ ငြင်းလေတယ်ရော...
ဟင့်အင်း... လုံးဝ မစောင့်ချင်ဘူး တဲ့....
ဖြစ်နိုင်မယ် ဆိုရင်......

ဟော.........
ပြောရင်း ... ဆိုရင်း.... 
 ခပ်နီနီ ... ခပ်ဝါ၀ါ.. အဲဒီ နေမင်းဟာ...
ဘာကိုမှ အမှုလဲ မထား..
ဟန်တခွဲသားနဲ့....  ကျောခိုင်းသွား....
ပြာ မှုန်နေတဲ့.. တောင်တန်းတွေ.. လေ...
နောက်ဆုံးတော့လဲ... ထုံးစံ အတိုင်း ပါပဲ..
တိတ်တိတ် ဆိတ်ဆိတ် ငေး လို့ ကျန်....
သူ့ ပါးကလေး အသာ အယာ... လုံမ... ပွတ်ကြည့်တယ်...
သနပ်ခါးတွေ မွှေး နေတုန်း.... တဲ့..............။


မမသီရိ
၂၇ ဖေဖေါ်ဝါရီ ၂၀၁၂






Wednesday, February 22, 2012

ရှပ်အကျီ င်္ နီညိုစင်းကလေး

လာချင်ရင်အနီးကလေးလို့
 ပြောကြတယ် မဟုတ်ဖူးလား..
မလာချင်တာ ဘာကြောင့်လဲ လို့ မေးမနေတော့ပါဘူး..
ကျမ ရင်ခုန်စေတဲ့
ရှပ်အင်္ကျီ နီညိုစင်းကလေး ရေ.. ..
ကျမ ဖိနပ် ပါပါး ကလေးတွေ ချစ်တယ် လို့ ပြောခဲ့တဲ့ အခိုက်..
ဖိနပ်ကလေး တွေ ကိုပဲလားလို့ မေးခဲ့ ဖူးချင်တာပေါ့..
အမှတ်တမဲ့ ခိုက်ခဲ့ ဖူးတဲ့ လက်လေးတွေ..
တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင် ထားသလိုမျိုး ခံစားချက်တွေ နဲ့..
ကျမ ရင် တွေ အကြိမ်ကြိမ် ခုန်ခဲ့ရတာ..
အင်ကြင်းပန်းဖြူဖြူ တွေ လဲ သေချာ ရိပ်မိ ...
တောင်ယာ မီးခိုးနံ့ကလေးတွေ သင်းနေတတ်တဲ့ ရှင့် ရဲ့ ကဗျာလေး..
ကျမ ခုတင်ဘေး အမှတ်တရ ကျမ ထောင်ထား..
ရှင် ခိုးခိုးကြည့်ဖူးတဲ့ ဟိုဖက်ခြံ ကစံပယ်ကလေးလဲ..
ခုလောက်ဆို အရွယ်ရောက်လောက် ပြီ...
ကျမ ရေဆာတဲ့အခါ ပုလင်းဖုံးကလေး ဖွင့်ပေးရအောင်လို့..
ဘေးနားမှာ နေပေးမယ် မဟုတ်ဖူးလား..
ပုခုံးကလေး တကယ်ပဲ မှီထားမိချင်တော့တယ်...
ဟိုတွေ ဒီတွေ ကွေ့ပတ် သွယ်ဝိုက် မနေတော့ဘူး..
ကျမ ချစ်လိုက်ရတာဆို.. ရှပ်အကျီ င်္ နီညို စင်းကလေး...
သိပ်မကြာစေနဲ့ .. သိပ်မကြာပါနဲ့တော့ ..
အမိန့် ကလေးပေးမှ.. တော်ကာကျ ..
ကျမ ရင်ခွင်နွေးနွေး အခစား.. ၀င်စေ.. ... ။

မမသီရိ
၂၂ ဖေဖေါ်ဝါရီ ၂၀၁၂

Saturday, January 14, 2012

အပျော်နဲ့ စိုသော မျက်ဝန်းများ..

မညို့ပဲနဲ့ စိုခဲ့ပြီ.. ဒီမျက်ဝန်း..
လွင့်နေအောင်ပျံ ..လျှံတက်လာသော အပျော်တွေ
မနီလာသိန်း ရဲ့မျက်ရည်ချို တွေနဲ့ ... ငါ့မျက်ဝန်းတွေ လာစို
ဖြူနေခြည် ရဲ့ အပျော်တွေကြောင့်ပဲ ငါ့မျက်ဝန်းတွေ လာစို
ကိုမင်းကိုနိုင်ကို ပြည်သူတွေ ၀ိုင်းကြိုကြတော့
သူတို့နဲ့ တူတူ ငါ့မျက်ဝန်းတွေစို..
နေခြည်နဲ့ သူ့သမီးလေးတွေရဲ့ အပျော်တွေကြားမှာပဲ ငါ့ မျက်ဝန်းတွေ စို..

သူသူငါငါ မစွန့်နိုင်သော စွန့်ခြင်းများ နဲ့... သူတို့ဟာ ရာဇ၀င် သူရဲကောင်းများ..
အမှောင်လွှမ်းသော နေ့များ ညများ.. သူတို့ အောင်မြင်စွာ ကျော်လွှား
နောင်တစ်ဖန် ပြန်မသွား သင့်သော နေရာများနဲ့.. ဝေးကွာပါစေသား...


ငါ .. ငို တာတော့ မဟုတ်လေခဲ့..
ပျော်လွန်းလို့ ပါ..စိုခဲ့တဲ့ ငါ့မျက်ဝန်းများ ..ညိုညို...
ငါ လိုပါပဲ.. နိုင်ငံ တစ်နံတစ်လျား..
ဖုံးလွှမ်းသွားသော စိမ်းလဲ့အပျော်...  စိုနေသော မျက်ဝန်းများ...



မမသီရိ
၁၄ ဇန်န၀ါရီ ၂၀၁၂

Tuesday, January 10, 2012

I Miss You (3)

မအိုနိုင်တာ ဆိုလို့ အလွမ်း..
ပြို ကို ပြို နိုင်တာကလည်း အလွမ်း..
မလွမ်းပဲ မနေနိုင်အောင်..
တောင်ပုံ ယာပုံ ပုံလာတာ အလွမ်း..
မုန်း လောက်အောင် ပုန်း ပုန်း ပြီး
လာ.. လာ.. တိုက်တဲ့ ဒီအလွမ်း ..
ဇာတ်လမ်း မနာ ရအောင် လို့
ပတ်ကြမ်းတိုက် နှင်ထုတ်ချင်ပေမဲ့..
တောက်တဲ့ ကပ်သလို ခွာမရတော့တဲ့ ..အလွမ်း နဲ့
မင်း..ကို.. လွမ်း ရလိုက်တာဆို....။

မမသီရိ
၁၀ ဇန်န၀ါရီ ၂၀၁၂