Friday, September 02, 2011

မီ... သို့မဟုတ် ... နွေးထွေး လင်းလက်ခြင်းများစွာ...

ငါကြေကွဲတဲ့အခါ ဘေးက မင်း ဖေးမဖို့
နင်ကြေကွဲနေတဲ့အခါ ငါ က မင်းကိုထွေးပွေဖို့

ငါပျော်ရွှင်နေတဲ့အခါ ဘေးက မင်း လိုက်ပြုံးဖို့
နင်ပျော်ရွှင်နေတဲ့အခါ ဘေးက ငါ ရီမောဖို့..


တို့တွေ တာဝန်ကိုယ်စီ ယူကြမယ်လေ

ငါ အားရှိသွားပြီ .. မီ....

မင်း ပျော်ရဲ့ မဟုတ်လား
ငါ့လက်တွေ နွေးထွေးတဲ့အကြောင်း
ခုတော့ မင်း ပို ပြီး သိလာရတော့မှာ....

မင်း ... အကြင်နာတွေ .
ငါလိုအပ်နေတာနဲ့ ကွက်တိ
အပို မရှိ..ငါ့အချစ်တွေကလဲ မင်းအပေါ် သာ...

မီ .. မင်း ကို ချစ်တယ်..
ကိုယ် ပေးဆပ်နိုင်တာတွေ အကုန်လုံး .. မင်း ပိုင်တယ်.. မီ..
ကိုယ့်ဘ၀ ရဲ့ အနာဂတ်တခုလုံး  .. မင်း ဥယာဉ်ထဲ စိုက်ပျိုးထားလိုက်ပြီ .....
ရေလောင်းပေါင်းသင်.. မင်း ရင်ခွင် နဲ့ နွေး စေဖို့ရာ.. မီ စဉ်းစား ပါ မီ...

မီ... ကိုယ်ချစ်ရတဲ့ မီ...
ကိုယ့် အလွမ်း ကဗျာတွေ အတွက်တော့ နားလည်.စေချင်သည်..... ။


ကဗျာဆရာ မောင်ငယ်တယောက်အတွက်. ကိုယ်စား ရေးဖွဲ့ ပါသည်..။

မမသီရိ
ဧပြီ ၂၀၁၁

Thursday, September 01, 2011

အတိတ်မျဉ်းကွေးများ

အချစ်က ဆန်းကြယ်သတဲ့.
သခင်...
တခါ တုန်းက.. သူ ပြောခဲ့ဖူးတာ...

ကိုယ် အမှန် ချစ်တဲ့ သူ က ..ကိုယ့်ကို ပြန်မချစ်နိုင်
ကိုယ် အမှန် မချစ်သူ ကျတော့ .. ကိုယ့် ကို နှစ်သက်မြတ်နိုး
အတန်တန် .. အထပ်ထပ် စွေသော မေတ္တာချောင်းရိုးကလေး မှာ..
လောကကြီး ဇောက်ထိုး မိုးမျှော် ဖြစ်တာ..
သူ.... မျက်ရည် အခါခါ ၀ဲ ရကြောင်း ..
အပ် ကြောင်းထပ်စွာ... ထပ်ခါ ထပ်ခါ.. ပြောလာပြီးတဲ့နောက်..

သခင်... သူ....
တကယ် မချစ်နိုင်မှန်း သိနေမှတော့..
သဉ္ဖာ စက်ပေါ် မျှော်လင့်ရင်း မျှော်နေခဲ့.. တပြည်သူ မင်းသမီးကလေး လေ...

ကြယ်အကြွေ စောင့်စရာ မလိုတော့..
လ.. အသာ စောင့်စရာ မလိုတော့..
သူ့ အပြာ ရောင်ခန်းဆီးကလေး.. ခိုးကြည့်စရာ မလိုတော့..
သူ့ မှန်အိမ် စိမ်းစိမ်း လေး မျှော်စရာ မလိုတော့..

မိန်းကလေး နှလုံးသား...
ဘာသား နဲ့  ထုထား လို့လဲ ကွယ်....
ချစ်ခဲဖူးပါပြီ.. စံတင်လောက်တဲ့ ထိ..
လွမ်းခဲ့ဖူးပါပြီ.. ဂန္တ၀င်မြောက်တဲ့ထိ..

လျှောက်ခဲ့ဖူးပါပြီ.. ဟိုး... ရောက်နိုင်တဲ့.. အနား ထိ...
အဲဒီ လမ်းကလေး အဆုံး မှာတော့....

အလွမ်းတွေ စမ်းရေထဲမှာမျှော...
တို့တွေ ပတ်သက်ခဲ့ဖူးတာ... အတိတ်မှာသာ........။

မမသီရိ
၉ ဖေဖေါ်ဝါရီ ၂၀၁၁

Sunday, August 28, 2011

နီခြင်း ဝေးခြင်း ပညတ်များ

တယောက်မျက်နှာ တယောက်ကြည့်
တမိုးအောက် အတူ ရှိ
နီးနီးလေးပေမဲ့
နှလုံးသားချင်း ဝေးနေခဲ့ရင်..

အဝေးဆုံး.. .အဝေးဆုံးမှာ...
အဲဒီ နှစ်ယောက် ဟာ...
....

အကြင်နာတွေ ပေးချင်ပါရက်
ဖွင့်ပြောရ ခက်နေသလား..

ချစ်သူတွေ ရဲ့ ကြား
တံခါး ဆိုတာ မရှိအပ်ဖူးလေ..

မင်း ရဲ့ နှလုံးသား

အဝေးဆုံးမှာ ပေမဲ့..
နှလုံးသားချင်း နီးနေခဲ့ရင်..

......

ထောင်သောင်းချီဝေး
မိုင်ပေါင်းတွေ မနီးလေလဲ

တို့တွေ မဝေး.. အနီးလေးမှာ...
စကားတွေ လဲ မလို..
အပို တွေ ဘာလုပ်မလဲ..
မင်း ရင်ထဲ .. အချစ်ပဲ ရှိဖို့ လိုတာပါ.....။


မမသီရိ
March 8, 2009

Thursday, August 25, 2011

အချစ်က အချစ် ကြိုက်သလို နေ

မင်း.... ခြုံချင်ခြုံ.. မခြုံချင်လဲနေပေါ့..
ကျမ ကတော့ ရှင့်စောင် ကလေး အဖြစ်.. အမြဲ နွေးထွးစေမှာ..

မင်း.. သီချင်သီ... မသီချင်လဲနေပေါ့..
ကျမကတော့ ရှင့်ပုလဲလုံးကလေးတွေအတွက်.. အမြဲ ငိုပေးနေမှာ...

မင်း.. ကောက်ချင်ကောက်.. မကောက်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် ရွဲလုံးကလေးတွေ အတွက်..အမြဲရီပေးနေမှာ..

မင်း... ဆို ချင်ဆို.. မဆိုချင်လဲ နေပေါ့...
ကျမ ကတော့.. ရှင့် အတွက် သီချင်းကလေးတွေ အမြဲ ရေးပေးနေမှာ..

မင်း.. လာချင်လာ... မလာချင်လဲ နေပေါ့...
ကျမ ကတော့ ရှင့် နေကြာပန်းကလေး အဖြစ်.. အမြစ်စွဲ စောင့်နေမှာ...



မင်း ခေါ်ချင်ခေါ်.. မခေါ်ချင်လဲ နေပေါ့...
ကျမကတော့ ရှင့် အရိပ်ကလေး အဖြစ်.. နောက်က လိုက်နေမှာ...

မင်း ရောက်ချင်ရောက် မရောက်ချင်လဲ နေပေါ့..
ကျမ ကတော့.. ရှင့်အတွက် ကော်ဖီ တခွက် ကျမသောက်တိုင်း ထည့်ဖျော်မှာ..

မင်း သတိရချင် ရ မရ ချင်လဲ နေပေါ့..
ကျမ ကတော့.. စက္ကန့် နဲ့ အမျှ.. ရှင့် ကို လွမ်းနေမှာ...

မင်း ယုံချင်လဲ.ယုံ .. မယုံချင်လဲ နေပေါ့.....
ကျမကတော့ ရှင့် မိန်းကလေး အဖြစ်.. တသက်လုံးပဲ နေသွား မှာ....အသေအချာ.။


မမသီရိ
၂၀ သြဂုတ်. ၂၀၁၁


Monday, August 22, 2011

ရှိရှိသမျှအပြစ်တွေ.. လမင်းကိုပဲ

သန်းခေါင်အပြင်.. နက်စရာ ညက ရှိနေသေးလို့လား...

ဖြတ်သန်းခဲ့ရတဲ့ ခရီးတာ ..ရှည် သလောက် ရှည်ခဲ့ပြီးပြီ လေ..

မုန်တိုင်းသင့် ချောက်ချားဖွယ်.. ညနေခင်းများစွာ..
အရိုင်းဆန်သော.. မနှစ်မြို့ဖွယ် ညပေါင်း များစွာ..
ချွေးပြိုက်ပြိုက် ကျ နွမ်းလျ နံနက်ခင်းများစွာ..
မနိုင်ရင်ကန်.. ရုန်းကန် အထီးကျန် ခဲ့ရသော နေ့လည်နေ့ခင်းများစွာ..
ကြည်နူးစဖွယ်..
အချစ်ကိုတွေ့ ဖူးသော
အခိုက်အတန့်ငယ်ကလေးများ ..ပါဝင်ခဲ့တဲ့ ဘ၀ မှတ်တိုင်ကလေးတွေ..လည်းပါ ..

တကယ်တော့..
သူ က ရေဆန်ကို အပြန်ကူးတက်ခဲ့ရတဲ့
လေးလံသော ၀န်တွေပိနေတဲ့ ငါးကလေး တစ်ကောင်သာ..

ကြာရိုးကြာစွယ်ကလေး တခု..
ဦးစွာ ထွေးပွေ့ပြုစုမှု ရယူ ကျောခိုင်းထွက်သွားသူ
ခရီး..  ယာယီ အိပ်မက်ထဲက အဖော်အပေါင်းကလေး ကို
ဒီဝန်တွေ ခွဲမယူရကောင်းလား..
စိတ်တို ငြိုငြင် အပြစ်တင်လို့
အနည်းအကျဉ်းဖြစ်ဖြစ် ကြေကွဲသင့်တယ် မဟုတ်လား...

နေရာလွတ်နေတဲ့ ဘေး ကို ခဏခဏ လှည့်ကြည့်ရင်း
အလွမ်းလို့ မဆိုသာ တဲ့ သတိရ မိတဲ့ စိတ်ကလေး နဲ့

ကြယ်အရောင်အားကိုး..
အလွမ်းတွေ ပျိုးကြည့်မလို့ ကြိုးစားကြည့်ခဲ့သေးတယ်..
အတ္တဖျက်ပိုးကလေးတွေ ခေါင်းတထောင်ထောင် နဲ့ မို့..
အတိတ် ဆိုတာ အတိတ်သာပါပဲလို့.. ဂျစ်ကန်ကန် ရေရွတ်မိသူကို..
သေချာရဲ့လား .. သနားသလို ငုံ့ကြည့်လာတဲ့ လ.. တစင်း..
စိတ်အလျဉ်း တယ် မသင့်ချင်ဘူး..
မျက်စောင်း တချက် ၀င့်.. မျက်ခုံး တဖက် ဘုတော ပင့် ကြည့်မိတော့

ပုန်းရှိုး ကွယ်ရှိုး နဲ့.. အဲဒီ လမင်း ရယ်လေ...
တိမ် အညိုတွေ အနောက် ..ခိုး.. ခိုး..  တိုး ၀င်သွားလေ ရဲ့....။

မမသီရိ
၉.၇.၂၀၁၁

Thursday, August 18, 2011

မ စိတ်တို...

အဲဒိ တယောက် အနားမှာပေါ့
ပလူးပလဲ ပြူးပြဲနေတဲ့ နီနီ ရဲ ရဲ ကောင်မလေးတွေ
တအိအိ ငြိချင်စရာ ကောင်းအောင် ချွဲ နေတဲ့ ကောင်မလေးတွေ..
 ဟို ပေါ် ဒီပေါ် .. ဖော်ပြ ချင်နေကြနေတဲ့ ချောချောလှလှ မမ လေး တွေ 

ကဲ.. ဆို သူ ကိုယ်တိုင်က .. လဲ ပြနေတာ ကိုး...

အချိန်က လဲ အား .. အား နိုင်ကြ လွန်း...


စိတ်ထဲ မယ် ဘ၀င်မကျ..
နီးနီး နားနား ဆို လဲ ဗိုက် ခေါက်ကလေး ဆွဲ လိမ်မိတော့မှာ..
ထိုင်နေရာက ထ..
ရေ တခွက် ပြေးသောက်..
ကော်ဖီ တခွက်ဖျော်..
နေအုံး... တခြား စာမျက်နှာ တခု.. ဆက်လှန်..
အဆင်က တယ်.. မပြေချင့်....

သ၀န်တို လိုက်ရမလား စဉ်းစား ကြည့်လိုက်သေး..

ခပ်ဝေးဝေး နေတာပဲ ကောင်းမယ် ထင်လို့..
ခပ်ရို့ ရို့ ကုပ်ကုပ် ကလေး လှည့်ပြန်ခဲ့....
အဲဒါ.. ကိုယ် ကျွမ်းကျင် တဲ့ နယ်မြေမှ မဟုတ်ပဲ ကို....

မမသီရိ
၂ ဇူလိုင် ၂၀၁၁

Monday, August 15, 2011

ညီမျှခြင်း များ

ညီမျှခြင်းတွေ အကြောင်း စိတ်မ၀င်စားခဲ့တာ
အတော် တောင် ကြာခဲ့ ပါပကောလား.. နှင်းဆီ ရေ..

မညီမမျှခြင်းတွေ ကိုရော..လို့..  မင်းက မေးချင်သေးလို့လား..
ကျမ က ဘာမှ ကို... စိတ်မ၀င်စားချင်တော့တာပါ...
အမြှောက်လီပေါင်းတွေ ..
မအိပ်မနေ ကျက်ခဲ့ တဲ့ ကာလတွေ အတွက်တော့..
ကျမ နောင်တ မရ ချင်ပါဘူး.. ကွယ်...
ပေါင်းကြည့်ခဲ့ ဖူးတယ်.. အဖြေ က ခပ်ဝေးဝေး ရယ်...
နှုတ်ကြည့်ခဲ့ ဖူးတယ်... မှား မှန်းတော့ သေချာ သိနေခဲ့ပါရောလား..
အစား ကို ကျွမ်းကျင်ဖို့ အတွက်.. လီပေါင်းတွေ ကျက်တဲ့ဆီ ပြန်သွား ရမယ်ဆိုတော့
ကျမ .. ထပ်ညွှန်း နဲ့ ... ဆခွဲ ကိန်း နဲ့ အစား ထိုးဖိုး ကြိုးစား ခဲ့မိသေးတယ်..
ရာရှင်နယ်.. အီရာရှင်နယ်တွေ နဲ့..
ရူး လိုက်ပုံ များ ဆို.....
ကျမ ကယ်ကူလေတာ ကို မုန်းတယ်..
ဖော်မြူလာတွေ လဲ မုန်းတယ်...
မရှိတဲ့ တည်ကိန်းတွေ အတွက်.. x တွေ y တွေ အစား ခဏ ထား ရတာလဲ မုန်းတယ်..

အဲဒီ ညီမျှ ခြင်း တွေ ရ အောင် ညှိတော့ ရော..
မညီမျှတာပျောက် သွားမယ် လို့ ဘယ်သူ တယောက်ပြောနိုင်သေးလို့ လဲ မနှင်းဆီ ရယ်..
စိတ်ကယောက်ကယက် ဖြစ်ပြီး..
တိမ်ပေါ် အရုပ်ရေးနေတဲ့..
ချစ်သူ တယောက် ကိုတောင်.. ရအောင် မဖျောင်းဖြနိုင်သူ လူညံ့တယောက် အတွက်..တော့..
ညီမျှခြင်းတွေ အကြောင်း... မေ့ကောင်းအောင်.. မေ့ လိုက်တာ.. ပဲ.. ကောင်းမယ်..
မေတ္တာတွေ ပုံပေးလို့ .. မေတ္တာနဲ့ဝေးရတဲ့ ပုစ္ဆာမျိုး ..
ခေတ်သစ် သင်္ချာဗေဒနဲ့ မဖြေရှင်းချင်ပါနဲ့ ကွယ်..
ကောဇောနီနီ တွေ ခင်းတဲ့ လမ်းမ နဲ့ မနီးချင်တော့တဲ့အကြောင်း မင်း သိသွားတဲ့အခါ..
ကျမ ကို .. ခွင့်လွှတ်လိုက်ပါ သူငယ်ချင်း ရယ်...
ဒီကမ္ဘာ ပေါ် မှာ.. ကျမ တယောက် တည်း နေလဲ.. ...နေတတ်ပါ့မယ်......။

မမသီရိ
၁၃ သြဂုတ် ၂၀၁၁

Saturday, August 13, 2011

Poya



Poya, ငါ မမေ့နိုင်သေးတဲ့
မင်းရဲ့ အညိုရောင်မျက်ဝန်းတွေ..
ကြည်လင်ခြင်း နူးညံ့ခြင်း.. ကြင်နာခြင်း.. ငြိမ်းအေးခြင်း..
မာန ကင်းစင်.. လင်းလဲ့.. တောက်ပစွာ...

Poya, ငါ မမေ့နိုင်သေးဘူး
မင်းရဲ့ ပါးလျားလျား နှုတ်ခမ်းသားလေးတွေ
အမြဲ ရီလဲ့ စွာနဲ့.. အပြုံးတွေ..
မညိုးပန်းကလေးတွေလို
ဘယ်အချိန်ကြည့်ကြည့်.. ကွေးညွတ်.. နှစ်လိုဖွယ်ရာ...

Poya, မြင့်မားလှ တဲ့
ကမ္ဘာ့ အလှပဆုံး တောင်တန်းတွေအကြား..
မင်း ကြီးပြင်း ခဲ့ ရတာနဲ့ ဆိုင်လို့လား...
ဒီကမ္ဘာကြီးပေါ် မှာ အရာရာ..
အရာရာ ဟာ .. မင်း အတွက်.. ငြိမ်းချမ်းမှုတွေပဲ စေ..

Poya, ဒီလောက် ခွဲခြား ဆက်ဆံ ခံခဲ့ရတာတောင်မှ..
မင်း ဘယ်တော့မှ အပြုံး မပျက်ရအောင်..
ဆောင်ကျဉ်းပေးစွမ်းတဲ့ မင်း အမေ နဲ့ အဖေ..
ငါ ဦးညွတ်ပါရစေ...

Poya, မင်း အသံ မှာကိုက..
ငြိမ်းချမ်းမှုတွေ ပျော်ဝင်တယ်ရော..
ကိုယ်ဟန်အမူ အရာ ကလဲ တည်ငြိမ် .. လေးနက်.. လို့..
ကလေး နှစ်ယောက် ကို လွမ်းလိုက်တာလို့..
မင်း ပြောလိုက်ပုံ ကလေးရဲ့နောက်မှာ..
 မင်း ထက် ၇ နှစ် ငယ် တယ်ဆိုတဲ့
အိမ် သူကလေး အတွက် အလွမ်းတွေ လဲ..
ငါ တွေ့ ဖြစ်အောင် တွေ့ လိုက်ပါရဲ့..
မင်း မရှက် ပါနဲ့ .. Poya,
အဲဒါ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲ လို့..

အိပဲ့အိပဲ့.. ချီတက်နေတဲ့ ဆင်ကလေး အပေါ် မှာ..ပဲ..
ကလေးတွေ နဲ့ အတူရှိချင် တဲ့ မင်း ကို..
ငါ့ မောင်ကလေး တယောက် လိုချစ်မိခဲ့ရတာပါ..

မင်း နဲ့ အနီးအနား မှာ ရှိခဲ့ဖူးတဲ့
ကမ္ဘာကျော် အကြမ်းဖက်သမား ကြီး အကြောင်းပြောနေတာတောင်
အပြုံး မပျက် ... လဲ့ နေတဲ့ မင်း ဟာ...
နောက် ၅ နှစ် လောက်ကြာလို့.

မင်း ရဲ့ တောင်တန်းတွေ ဆီမင်း ပြန်ရောက်သွားတဲ့အခါ...
မင်း ရဲ့ မျိုး နွယ်စုတွေ အတွက်..
ဘယ်လောက် ဂုဏ်ယူစရာ ကောင်းမလဲ လို့..
မင်း မေမေ တွေး သလို.. ငါ တွးနေမိတယ်.. Poya

ငါတို့ ဝေးသွားကြတဲ့အခါ..
ငါပြော  ခဲ့ဖူးတဲ့.. Kite Runner အကြောင်းမမေ့ပါနဲ့ Poya
ငါ အမြဲစိတ်ဝင်စားခဲ့တဲ့ Hazara တွေ အကြောင်း ထပ်ပြောပြပါ Poya
မင်း.. ယုံကြည်မှု အတွက်.. လူတွေ နှိမ့်ချတဲ့ အခါ.. မင်း အမြဲ ပြုံးနေပါ Poya
ဒုက္ခသည်စခန်းတွေ ဆီက.. မျက်ဝန်း ညိုညို တွေ အကြောင်း မင်း အမြဲ သတိရပါ.. Poya
ငါ့ အတွက် တော့
ဒီကမ္ဘာပေါ်မှာ လူတွေ အားလုံးဟာ.. အတူတူ ပဲ မို့..
Poya, မင်း.. ဟာ.. ငါ့ ရဲ့ ..ထာဝရ မောင်နှမ ဖြစ်တော့ မှာ.. အသေအချာပါ....




မမသီရိ
၁၃.၈.၂၀၁၁

Thursday, August 11, 2011

တိတ်တခိုးအလွမ်း

မိုးဖွဲဖွဲအောက်..
တလှမ်းချင်းလျှောက်..
အောက်စိုက် .. ခေါင်းငုံ့ .. အလွမ်းရုပ်လေ...
မြင်ရုံနဲ့သိ.. ရိပ်မိကြမယ်...

ကွင်းစပ်နံဘေး..
ခပ်ဝေးဝေးမှာ...
ဗာဒံရွက်ကြွေ... မြေသက်လေပေါ့..
လွမ်းရော့ နိမိတ်.. ခပ်မဆိတ် နဲ့..
မသိသလို.. ပင်အိုငယ်...

သခင်မေ့ပါး.. ဝေးလို့သွားရင်..
လွမ်းနေတတ်တာ မသိပါလား..
မေ့ထားတမင်.. မကြင်တာလား...

မိုးသက်လေထဲ ..ရွက်ကြွေ ၀ဲသလို..
တို့ရင်ထဲလဲ.. လွမ်းသဲနဲ့ ငို..
သခင်မြင်လှဲ့.. ချစ်တဲ့သူ..ဆို...
တိတ်တခိုးတမ်းတ.. ဆန္ဒငယ်ကို...
မသိစေလို.. သိစေလို......


မမသီရိ
၂၉.၇.၁၉၉၀ (edited on 11 Aug 2011)


Friday, July 29, 2011

ကျမ ရဲ့ ကြယ်ပွင့်ကလေး

ကျမရဲ့ လင်းလက်တဲ့ ကြယ်ကလေး တပွင့်ဟာ သူပေါ့..
ကျမ ရဲ့ညတွေက သူနဲ့ပဲ အမြဲ လင်း ထိန်နေခဲ့တာ...

နေ့ အလင်းရောက်လာတဲ့အတွက်
ပျော်သင့်သလောက် မပျော်တဲ့ အဖြစ်မျိုး ရှင်တို့ ဖြစ်ချင်မှ ဖြစ်ဖူးမှာ...

သူဟာ လူတကာ အတွက် သာမန်ကြယ်ကလေး ဖြစ်ချင်ဖြစ်မှာ ပါ့..
ဒါပေမဲ့ ကျမ အတွက်ကတော့ သူသည် သာ အရာရာ..


သူ့ မှုန်မွှားမွှား အလင်းရောင်ကလေးနဲ့ ပဲ
ကျမ လမ်း တွေ ကို သူ အလင်းပေးခဲ့တာ..

သူ့ အင်အားဖြည့် အလင်းရောင်ကလေး ကြောင့်ပဲ..
ကျမရဲ့ နေ့တွေ ရက်တွေ တောက်ပ ရှင်သန်ခဲ့တာ..

ကမ္ဘာမြေပြင်က ပန်းတွေ မွှေးခဲ့တာ သူ့ အလင်းကြောင့်ပါပဲ လို့
ကျမ တီး တိုးရေရွတ်တော့
ကြယ်ကလေး က ရှက်ပြုံး ပြုံးတယ်..

ငှက်ကလေး တွေ တေးဆို ဖို့ အတွက်..
သူ့ ရဲ့ အနွေးဓါတ် လိုတယ် လို့ ကျမ မှတ်ချက်ပြုတော့
ကြယ်ကလေး က မယုံ သလို ကြည့်တယ်..

ဒီလောက် အဝေးကြီး ကနေ ..
ကျမ ကဗျာတွေ သူ့ ကြောင့် ဖြစ်ထွန်းစေခဲ့တယ် ဆိုတော့
သူ အကြောက် အကန်ပဲ ငြင်းတော့တယ်..

တသက်လုံး ပြုံးခဲ့ရတာ နည်းတယ်ဆိုတဲ့ ကြယ်ကလေး..
နက်ဗျူလာ က အကျယ်ကြီး ရယ်..
မင်း မရီလို့ ငိုမယ့်သူ ဆို.. ကျမ တယောက်ထဲ ပဲ ရှိနေမှာ မဟုတ်လား..
စကြာဝဠာကြီး ထဲ ပျံ့လွင့်ပဲ့တင်လာမဲ့
ကျမ ရှိုက်သံ တွေ မင်း ခံနိုင်ရည်ရှိမယ် ထင်လို့လား...
ပေါ့ပေါ့ ပါးပါး.. ရီမော လိုက်ပါ့ ကွယ်..

ချစ်လိုက်ရတာ ကြယ်ကလေး ရယ်..
သတိရတဲ့ အကြောင်းတွေ မင်းဆီရောက်ဖို့
အလင်းနှစ် တွေအတော် အတန်  ဖြတ်သန်း ရပေဦးမယ်..
ကျမ ရဲ့ လွမ်းမောခြင်းတွေ မြေကမ္ဘာ မှာ ငြိတွယ် ရှင်သန်နေတဲ့အခါ..
နှင်းဆီဖြူတခက် ကိုက်ချီထားတဲ့ ခိုကလေး တကောင် ကျမဆီ ရောက်အောင်ပို့ပေးပါ..
ကမ္ဘာချီ ကွားခြားလွန်းတဲ့ ခရီးမိုင်တွေ ဘယ်လောက်ရှိနေလဲ..
ကြယ်ကလေး ...  မင်း.... ကျမ ရင်ထဲ အမြဲ ရှိနှင့်ပြီးမို့..
ကျမ ရဲ့ အနမ်းတွေ .. နှင်းဆီပွင့်ချပ်ကလေး နဲ့ ထုပ်..
အဲဒီ ခိုကလေး ပဲ ပြန်အပို့ ခိုင်းမလို့..
မပုပ် မသိုးခင်... မင်း..ကို နမ်း ခွင့် ရစေချင်...လိုက်တာ. ဆို..။


မမသီရိ
၆ - ၁၃.၇.၂၀၁၁

Thursday, July 21, 2011

ပြန်လျော်ပေး

ဒီမိုးဦးအကျမှာပဲ..
ငါ ထွန်ယက်စိုက်ပျိုးခဲ့တဲ့..
အမုန်းပျိုးစေ့တွေ..
အတ္တ တီစူပါ... မာန ယူရီးယား..
အားကူလို့ပေါင်း.. သြဇာတွေ ထပ်လောင်းတာတောင်မှ..

မျိုး မမှန်တာလား..
မိုး ပဲ မမှန်တာလား..
တလွဲ ပေါက်လာလိုက်တာများ ဆို...
ပိန်း ပိတ်အောင် တောထ.. လို့...

အချစ်..
မင်း ကို.. ချစ်ရတဲ့ အချစ်တွေ သာ.....။


မမသီရိ
၁၄.၇.၂၀၁၁ 
၀၀း၂၀







ခရီးထွက်ရမှာမို့ schedule လုပ်ပြီးတင်ထားခဲ့တာပါ .. လာလည်ကြတဲ့ဧည့်သည်တွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေ..

Thursday, July 14, 2011

အနိစ္စ....ဒုက္ခ... အနထ္တ..

ခုန ချစ်တယ်လို့ပြောခဲ့တာ ဒီတယောက်
ခဏ နေကြာတော့..
ကျွန်တော်ချစ်နေတာ နောက်တယောက် တဲ့..
ကိုယ့် ဘ၀လေး ထဲက သူ ထွက်ပြေးခဲ့ပြီ..
ဘယ် အရာမှ မတည်မြဲ ပါလားနော်..
အော်.. အနိစ္စ .. အနိစ္စ.. အနိစ္စ...

နောက် တယောက် ကောက်ချစ်မယ် ဆို..
ချစ်လို့ ဖြစ်မှာ တွေ တပုံ တခေါင်း ပေါ့..
ခက်နေတာ က ဒီ တယောက်ထဲ စွဲစွဲ မြဲမြဲ ချစ်နေမိတာ
ဆင်း ရဲ ခြင်းမကင်း ၀ဋ် ကျင်းထဲ ခုံ ဆင်းလိုက်ပုံ များ ဆို..
အော်... ဒုက္ခ .. ဒုက္ခ... ဒုက္ခ....

နေမင်း တစင်း ပွင့်တဲ့ နေ့ တွေမှာ..
ငါ ဟာ ငါ မဟုတ်..ငါ့ ကိုယ် ငါ မပိုင်..
ဆိုင်တာတွေ အကုန်လုံး သူကြောင့်ချည့်
အတွေး တွေ ချည်တိုင် ပြန်မရောက်တာလဲ ဘယ်လောက်ကြာပြီလဲ
အစိုး မရခြင်း.. မပိုင်ဆိုင်ခြင်း မကင်းလိုက်တာများ ဆို...
အော်.. အနတ္တ.. အနထ္တ... အနထ္တ....။


မမသီၤရိ
၁၄.၇.၂၀၁၁




Note: မနက်ဖြန် ၀ါဆိုလပြည့်နေ့ဆိုတော့..

Sunday, July 10, 2011

ညီမလေး သို့..... စကားပွင့်အကြွေတွေဖွေးဖွေးလှုပ်နေတဲ့နေရာ..

(အော).. ကုသိုလ် ကံကိုက
ကိုယ်က ချစ်ရဖို့ပဲ ဖြစ်လာတာ
အချစ်ခံ ရသူတွေ လိုက် လိုက် မနာလို မဖြစ်ပါနဲ့လား..
ညီမလေး ရဲ့..

တနေ့နေ့ တချိန်ချိန် တနေရာရာ
မင်း ကို အမှန်တကယ် ချစ်လာသူလေး တယောက်
မင်း ရှေ့မှောက် ရောက်မလာဘူး လို့ ဘယ်သူ ပြောမလဲ

လွမ်းစရာ ရှိတာ လွမ်းလိုက်ပါ
နာစရာ ရှိတာ နာလိုက်ပါ
ကြေကွဲ စရာ ရှိနေတာ အကြွေးမထားကြေး
ကြေကွဲပစ်လိုက်ပါ.. ခပ်အေးအေး..
အူတိုရကောင်းမှန်း မသိလောက်အောင်ကို
အရာရာနားလည်ပေးဆပ်ချစ်ခဲ့ရသူမို့..
ယူကြုံးမရ ဖြစ်နေရသတဲ့လား  ညီမလေး..
သူ့ အချစ်ရိပ်ငွေ့တွေဝေ့၀ဲသယောင်လှပ
ကြွေရောင်တောက်ကြွ
စကားလုံးလေးတွေများ
လတ်လတ်ဆတ်ဆတ်ကြီးကို ရှိနေတုန်းပဲ တဲ့လား ညီမလေး..

အချိန်တွေ ဟာ နှမျောစရာ ကောင်းလွန်းတယ်
ဒီမြေကမ္ဘာအပေါ်မှာ
ငါတို့ အလည်အပတ်ရောက်တာ ကာလ က တိုတို ရယ်..
ဘ၀ ဟာ.. အချစ်တခု တည်း မဟုတ်မှန်း
မင်းရှာဖွေတွေ့ရှိမဲ့ အခိုက်အတန့်ကလေးမှာ..
ပြီး.တော့.. နေမင်းကြီးနဲ့လွဲခဲ့ပြီး လို့ ၀မ်းနည်းနေမယ်ဆို
ကြယ်တာရာတွေ နဲ့ ထပ်ဝေးရမဲ့ အကြောင်း
 ကောင်းကောင်း သိလာမဲ့ တနေ့.. မှာ....
ဒီကမ္ဘာ ကြီး ဟာ.. ပျော်စရာတွေ ဖွေးဖွေးလှုပ်နေကြောင်း..
ဘယ်သူတဦးတယောက် မောင်းခတ် မကြေငြာ သော်လည်းပဲ
မင်း.. သိလာမှာ အသေအချာ...
အဲဒီ.. စကားပွင့်အဖြူရောင်တွေ
အဆုပ်လိုက် အခိုင်လိုက် မွှေးနေတဲ့နေရာ..မှာ
ငါ ရှိနေနှင့်ပြီး မို့...
အလွမ်းတွေ အကြောင်း ကော်ဖီ ထဲ ထည့်ဖျော်သောက်ကြဖို့
ငါတို့ အဲဒီမှာ ဆုံ ကြရအောင်ပါ.....။

မမသီရိ
၁၀.၇.၂၀၁၁

Saturday, July 09, 2011

အသဲကွဲခြင်းမှတ်တမ်း

အသဲ ကို စံနစ်တကျ ကွဲရအောင်လို့ဆိုပြီး
စဉ်းစား လိုက်ရတာများဆို.. တနေ့ နဲ့ တည...

စီးကရက် ကို မီးညှိ .. စတိုင်အပြည့်နဲ့ ကွဲ ရမလား...

ကော့တေးတကြိုက် ..
ရှန်ပိန် တငုံ .. ရီဝေ မှိုင်းမှိုင်း မှုန်စွာ အသဲကွဲ ရမလား..

ဆံပင် ခွေခွေ လိပ်လိပ်.. မဖြီး မသင်..
ရှုပ်ပွ အောင် တမင် ဆင် လို့ ကွဲ လိုက်ရမှာလား..

မျက်တောင် ကလေး ပုတ်ခတ် ပုတ်ခတ်..
မျက် ရည် ဝေ့ဝေ့ ကျလု စပ်စပ်.. ငို့မဲ့မဲ့ ကလေး နဲ့ များ ကွဲ ရမလား...

စန္ဒယားခလုတ်တွေ အပေါ်
ကြွက်လျှောက်ပြေးသံ အော်အောင် နှိပ်လို့ ..
အဆက်မပြတ်တီးပေးရင်း .. ကွဲလိုက်ရတော့မလား..

ဒါမှမဟုတ်..ပဲ... ရှေ့တွေ့ တဲ့ ခဲ တလုံး
ခြေသဲကလေး တချောင်း အဆုံးခံ ..ကန်ပြီး အသဲ ကွဲ ပြလိုက်ရမလား...

ဒါမှမဟုတ်..
ဇာတ်လမ်းတွဲ ထဲက ကောင်မလေးတွေလို
ရေချိုးခန်းထဲ . ရေပန်းအောက်မှာ ၀င်.ခို.. .
ခေါင်းမော့ ပြီး.. အော်ဟစ် .. အသဲ ကွဲ ပစ် ရမှာလား...

ခေါင်းတွေ ရှုပ်ပါပေါ့ ..
အဖြေရှာ မရတဲ့အဆုံး
ဘေးနား က ကတုံး ဆံတောက်မကလေး .. ကော်ဖီ ဖျော်ပေးခိုင်းလိုက်ပြီး ခဏ....
အိတ်စ်ပရက်ဆို.. ကော်ဖီမွှေးမွှး တခွက်နဲ့ ပဲ.. အသဲ ကွဲ ခြင်း အမှု ကိစ္စ ပြီး ဆုံးသွားရလေတော့တယ်....။

မမသီရိ
၈.၇.၂၀၁၁

Saturday, July 02, 2011

ကြယ်တံခွန်...

ရေကြည်တပေါက်
သောက်ခွင့်ရမဲ့ အရေး
ရေတွင်းကလေးတွေ ဘယ်လောက်ထိ တူးရမှာလဲ ကွယ်...

လေပြေ တကြိုက်
ရှုရှိုက်ခွင့်ရမဲ့ အရေး
တောင်တွေ ဘယ်လောက်မြင့်မြင့် တက်ရမှာလဲ ကွယ်...

အနမ်းတပွင့်
လန်းစွင့်ဖို့ အရေး...
ဘယ်လို အရာတွေများ ထပ်ပြီး ပေးဆပ်ရမှာလဲ ချစ်သူ ရယ်...

ရေကြည်တွင်း တွေ ရာ ထောင်မက ကိုယ် တူးရလဲ ဖြစ်ပါတယ်..
တောင်တန်းတွေပေါ် မိုင်ထောင်ကျော် ထိ ကိုယ် တက်ရလဲ ဖြစ်ပါတယ်..
မင်း... နဖူး ကလေး တချက် နမ်းခွင့် ရဖို့ ရယ်..
မင်း ဆံ ပင်ကလေးတွေ့..  ထိတွေ့ ခွင့် ရဖို့ရယ်....
မင်း လက်ကလေးတွေ ပါးမှာ အပ်ထား ခွင့် ရယ်....
မင်း ရင်ခွင်ထဲ .. ခဏ လောက် မှေး စက်ခွင့် ကလေး ရယ်....
ခက်လိုက် တာများ ဆို...
ကြယ်တံခွန်တွေ လိုက်.. လိုက် .. ဖမ်းတာ မှ လွယ် လိမ့်အုံး မယ် ထင်ပါတယ်.....။


မမသီရိ
၂.၇.၂၀၁၁