Saturday, March 19, 2011

နွေဦးအလွမ်း

တပေါင်း တန်ခူး မိုးသားကျူးတဲ့
နွေဦးကာလ .. လေရူးထ ခိုက်
သစ်ရွက် လိုက်ကြွေ... ရှိုက်လေသလား..

တစ်ရွက်
နှစ်ရွက်
သုံး ..လေး ရွက်ပေါ့
လေ ဟုန်စီးရင်း မြေခင်းကိုသက်
အခက်မှာကျဲ .... ခွဲခဲ့ ပင်အို..
ရွက်ပျိုအတွက်.. နေရာဖယ်ပေး..
သူတို့လေးတွေ....

....
........
..............................
လွမ်းရွက်လေးတွေ
သဲသဲ ကြွေ ခဲ့.. အချစ်ရဲ့ ၇င်...
သခင်မြင်လှဲ့..
ရှာပေးသူမဲ့ .. ဝေးနေခဲ့ လို့
နွေဦး အနမ်း .. ကံကော်ပန်းတောင်
ယောင်လို့ မမွှေး.. ပန်းဖို့ ဝေး
ရင်ထဲ လှိုက်ငို....
နွေကြို.. ဥသြ.. လွမ်း သံနှောခိုက်....


....
..
လွမ်းလိုက်တာကွယ်....
ရွက်ကြွေလေးတွေ ပုံနေသလို..
ဥသြ ငှက်ကလေး ငို နေသလို..
ကျမ ရင်ထဲ လဲ.. အလွမ်း တွေ ပို....
ဆုံကြမဲ့ရက်.. တောင်းဆုချို........။

မမသီရိ
မတ် ၁၉၊ ၂၀၁၁

Wednesday, February 16, 2011

အချစ်ရေ

အချစ်ရေ
တို့ တွေ မခေါ်ကြရအောင်လို့
ခဏခဏ ပြောနေခဲ့တာ
တကယ်တော့ ခေါ်ချင်လွန်း လို့ ပါ


အချစ်ရေ..
မုန်း လိုက်တာ .. မုန်း တယ် လို့
 ပြောမိခဲ့တာ
တကယ်တော့ ချစ်လွန် လွန်းလို့..ပါ

အချစ်ရေ..
တို့ တွေ ဝေးကြပါ စို့ လို့
ခဏခဏ ပြောနေခဲ့တာ
တကယ်တော့ မဝေးချင်လွန်းလို့..ပါ

အချစ်ရေ..
ဒီ ဘ၀ မဆုံ ရရင်လဲ နေပါစေတော့
နောင်ဘ၀ မှာ ဆုံတာပေါ့ လို့ ပြောခဲ့တာလဲ
ဒီ ဘ၀ မှာ တင်ကို ချစ်ချင်လို့...ပါ

အချစ်ရေ......
.....
..........
အချစ်ရေ.........
............
..................
အချစ်ရေ...
..............
..............................
..........................................................လို့...ပါ
......................................................................လို့...ပါ
.......................................................................................လို့...ပါ

ဘာရနံ့ တွေ မှာ မရတော့တဲ့..ခါ.........

ဘာသံ မကြား ရတော့တဲ့ ခါ..
ဘာမေးလ် မှ မရတော့တဲ့ ခါ....
...................................................ခါ
...........................................................................ခါ
......................................................................................ခါ

အချစ်ရေ................
မငိုပါနဲ့ တော့.......
ရင် ထဲ က ကွယ်ပျောက်ခဲ့ ပြီး ဖြစ်လို့ပါ........................။


မမသီရိ

Friday, February 11, 2011

အလွမ်းသင့် ခရေ

အချစ်ဟာ ချိုမြိန်တယ်လို့

တယောက်ယောက် ကများ လှမ်း ပြောလိုက်လေသလား

အလွမ်းဟာ ရောင်စဉ်ဖြာ တတ်တယ်လို့ရော
တစုံတယောက်က သတ်မှတ်ခဲ့လေသလား

သူ့ တိမ်ပြာပြာတွေ ခိုစီးခွင့်ရသောနေ့များဟာ
အဖိုး မဖြတ်နိုင်သော ရတနာ

သူ့ ဂစ်တာကြိုးများပေါ်က
သံစဉ်တွေ ဖြစ်ခွင့်ရတာကိုက ရင်ခုန်ချင်စရာ

သူ့စာအုပ်ကြားက
ပန်းပွင့်ခြောက်လေး ဖြစ်ရတာက တမ်းမက်ဖွယ်ရာ

သူ့ဖန်ချိုင့်လေး ထဲက
ရွှေငါးကလေး ဖြစ်ရတာကြည်နူးစရာ..

သူ့လှောင်ကလေးထဲ က
ငှက်ဝါ၀ါ ကလေး ဖြစ်ရတာကိုက ဂုဏ်ယူစရာ..



တကယ်ဆို
အလွမ်းသင့်ခရေတွေ  ပို့ မယ် လို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး

မောင်.........
နှလုံးသားနဲ့ ခံစားတတ်သူမို့ ..
နေ့မှာလဲ ညမှာ လွမ်း
နွေမှာလဲ လွမ်း မိုးလဲ လွမ်း
ဆောင်းမှာလဲ လွမ်း ... အချိန် တိုင်း လွမ်း သမို့

ကျမ အဖြစ် ကလေး  မောင့် အသိပေးရအောင် လေ..
ဝေနေလဲ မွှေး...  ကြွေလဲမွှေးတဲ့  ..
အဲဒီ ခရေတွေ ပေါ့.. မောင့် ကို နေ့စဉ် စေနေမိတော့တာ..။


မမသီရိ








Monday, February 07, 2011

နေ့သစ်
















သောကကြောင့် ကြေကွဲ မှောင်မဲ နေသောသူ
မောဟကြောင့် မှောင်မိုက် လှောင်အိုက်နေသောသူ
ဒေါသကြောင့် အမှောင်ထဲ ဘာမှ မမြင်ရသူ
မာန်မာနကြောင့် မသဲကွဲ အလင်းမဲ့ နေရသူ
အလွမ်းတွေကြောင့် အမှာင်နဲ့ ကြေကွဲ နေရသူ..


အမှောင်ထဲရှိသူ
ဘယ်သူပဲ ဖြစ်ဖြစ်
နေ့သစ်တွေ ချစ်တတ်လာပြီဆို

ဘ၀ က နေပျော်စရာ ကောင်းတဲ့ အကြောင်း
အားသစ်လောင်းစရာ နေ့များစွာ ကျန်နေသေးတဲ့အကြောင်း
အဲဒီနေ့သစ်တွေထဲမှာ..

ပန်းတွေ ပွင့်မဲ့ ရွှင်လန်းမှုတွေ အကြောင်း

အဲဒီနေ့သစ်တွေထဲမှာ..
မိုးကောင်းကင်ဟာ ကြည်လင် လှပလွန်း တဲ့အကြောင်း

အဲဒီ နေ့သစ်တွေ ထဲမှာ
ပင်လယ်ပြင်ဟာ သိမ်မွေ့ ညင်သာလွန်းတဲ့အကြောင်း
အဲဒီနေ့သစ်တွေထဲမှာ

အဲဒီနေ့သစ်တွေထဲမှာ
ငှက်ကလေးတွေ တေးဆိုကြတဲ့အကြောင်း

ကောင်းကောင်းသိလာရမှာမို့

အဲဒီနေ့သစ်တွေဟာ  လူတိုင်း ပိုင်ဆိုင်နိုင်တာမို့
အဲဒီနေ့သစ်တွေဟာ Install လုပ်စရာ မလုပ်တာမို့
အဲဒီနေ့သစ်တွေဟာ လိုင်စင်လဲ ၀ယ်စရာ မလိုတာမို့
အဲဒီနေ့သစ်တွေဟာ ရေလောင်းပေါင်းသင် မြေသြဇာလဲ ကျွေးစရာ မလိုတာမို့
အဲဒီနေ့သစ်တွေ ဟာ အချိန်မှန် ဆားဗစ် လဲ ၀င်စရာ မလိုတာမို့
အဲဒီ နေ့သစ်တွေ ဟာ.. ပရိုဂရမ်အသစ်တွေ update လုပ်စရာ မလိုတာမို့


မှောင်မှောင် ညတွေ အတိတ်မှာသာ ထားရစ် ခဲ့...

နေ့သစ်တွေ ပဲ ချစ်ပါ့ မောင်.................။



မမသီရိ
၂၉.၁.၂၀၁၁


TAMMARA ရဲ့ ဓါတ်ပုံတွေ ကြောင့် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။


Friday, January 28, 2011

ဆောင်းခိုငှက်






မိုင်ထောင်ချီပျံခဲ့ပြီးပေမဲ့
ပြန်လမ်းမှတ်ခဲ့လို့ထင်ရဲ့..
သူတို့ကြည့်ရတာ သက်တောင့်သက်သာ...

တပြည်တရွာ
အနေမကြာပေမဲ့လည်း
တစိမ်းလိုတော့ ထင်ခဲ့ပုံမရ
ဆောင်းလာခိုကြတဲ့ ငှက်တွေ....

ဖေဖေ မေမေ.. ကိုကို မမ မမ
ဦးလေး ဦးကြီး.. ဘကြီး ဘထွေး
ဒေါ်လေး ဒေါ်ငယ်..
တူ .. သား .. မြေး မြစ်..
မြီးကောင်ပေါက်.. ကြင်စဦး..
ဝေးဝေး မြင့်မြင့် ပျံနိုင်သူတွေ ..အကုန်လုံး..
တရုန်း ရုန်း ချီတက်လာခဲ့ကြတာ..
မြင်ရသူ တို့ ကြည်နူးဖွယ် ရာ......


လူမမြင် သူမမြင်
ခိုးဖမ်းချင်သူတွေက လွဲပြီး..
အားလုံး ၀ိုင်းချစ်ကြတာမို့..
သူတို့ လွတ်လပ် လုံခြုံ ပျော်ရွှင်လို့..

ရေကူးတယ် ..
ရေငုပ်တယ်..
ထ ပျံတယ် .. အုပ်လိုက်ကြီး... မြစ်ထဲမှာ.. ၀ဲ ကာ ဝေ့ ကာ....
တကောင်ချင်း နှစ်ကောင်ချင်း
တွတ်ထိုး တယ်.. ကြည်စယ်တယ်..
ရေကူးတယ်..
ရေငုပ်တယ်...
ထပျံ တယ်.......
အပူ အပင် ကင်းမဲ့ လွန်းတယ်..
ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ လို့...

မြစ်ကမ်းစပ်က လယ်သူမကလေး..
လွမ်းတေး ပုဒ် ကောက်ကာ ငင်ကာ အော်ဆို..


......သူတို့ရောက်လာတယ်..
သူတို့ပြန်ကြမယ်..
ရောက်လာတဲ့အခါ ပျော်ရတယ်..
ပြန်သွားတဲ့အခါ လွမ်းကျန်မယ်..
ဆုံကြဖို့ရာ.. နောက်တနှစ်စောင့်ရမယ်.......တဲ့....

ဆိုင်ဆိုင် မဆိုင်ဆိုင်
လက်ပံသား ဓါးနဲ့ချိုင်..
ဆိုင်ဆိုင် မဆိုင်ဆိုင် ချော်လဲ ရောထိုင်..
ဆိုင်ဆိုင်မဆိုင်ဆိုင်.. 
မစွန်းရင်းကလဲ ရှိ.. ကန်စွန်းခင်းကလဲ ငြိသမို့..

ငိုချင်ရက် လက်တို့..
လွမ်းလက်စ နဲ့ မျက်ရည်စို့..
မောင်... ဆောင်းခိုငှက်လေး ဖြစ်လိုက်ပါလား..
... ဒီဆောင်း အမီ.. ကျမ ဆီ မောင်ရောက် လာခဲ့ နိုင်အောင်.....။


မမသီရိ
၂၇.၁.၂၀၁၁

Photo Credit to "TAMARA" 






Sunday, January 23, 2011

SUNDAY MOOD

ဆန်းဒေးမုဒ် (Sunday Mood) က
ကျောပိုးအိတ်ထဲ လေးလံ လွန်းနေတယ်...


အိပ်ယာထဲ
နှင်းအေးအေး နဲ့ ကွေးရင်း
ချစ်သူ ကို လွမ်းနေရမှာ ကို....

မောနင်းကော်ဖီတွေ
တခွက်ပြီး တခွက် သောက်ရင်း..
အလုပ်လုပ်နေရတဲ့ အဖြစ်က
သိပ်မဟုတ်သေးပါဘူး ကွယ်....


စကားတွေ များများပြောနေရတယ် ..
ကိုယ် တကယ်ပြောချင်တာ က ချစ်သူနဲ့
ကိုယ့်ချစ်သူက ကိုယ့် အနားမှာ မရှိ နိုင်..

မျက်နှာတွေ များများ ကြည့်ရတယ်..
ကိုယ်တကယ် မြင်ချင်တာက ချစ်သူ့ မျက်နှာလေး..
အဲဒီမျက်နှာကလေး က ဒီအထဲ မပါနိုင်..


အပြုံးတွေ တပွင့်ပြီး တပွင့် ပွင့်ပြရတယ်..
ကိုယ့်ပန်းအိုး အတွက်လဲ မဟုတ်ပဲနဲ့ ..
ပန်းအိုးကလေး က အဝေးဆီမှာ...

သနပ်ခါးမှုန်မှုန်ကလေး ထုံနေအောင် လိမ်းရတယ်..
အမြတ်တနိုး မွှေးမဲ့သူ လဲ မရှိပဲ နဲ့..
သနပ်ခါး ချစ်တတ်သူလေးက ဟိုး တနေရာ...

Dior အနီရာင် နှစ်စက် သုံးစက် ဆံပင်ရင်းနား တို့ခဲ့တယ်.
မွှေးလိုက်တာလို့ပြောမဲ့သူ လဲ မရှိပဲနဲ့
စူးစူးနစ်နစ် ရှိုက်မက်မဲ့သူကလေးနဲ့က မနီးစပ်နိုင်..

အဖြူရောင်အသစ်ကလေး ထုတ်ဝတ်တယ်..
လှလိုက်တာလို့ မြှောက်မဲ့ သူလဲ မရှိပဲနဲ့..
အလှတရား တကယ်ခံစားတတ်သူကလေးနဲ့က ကမ္ဘာခြားနေ...

အိုး.... အတူတူ ရှိချင်လိုက်တာ.. ဆို....

ဘုရားကျောင်းက ခေါင်းလောင်းသံ ချိုချို
စိုစွတ်အောင်ငိုလို့..

အဲဒီ တနင်္ဂနွေမှာ....

သူ့ ခါး ကလေးပဲ ဖက်ထားမိချင်လို့ ..  ဒီ တနင်္ဂနွေမှာ ..
ကျမလက်လေး နွေးနေအောင် သူ့အကျီင်္ကြားကပ်ထားချင်လို့ .. ဒီ တနင်္ဂနွေမှာ
သူနဲ့ တူတူ ကော်ဖီသောက် ချင် လို့ .. ဒီ တနင်္ဂနွေမှာ...
ပဲပြုတ် ထမင်း ကျော် အတူတူ ကျော်စား ချင်လို့ .. ဒီ တနင်္ဂနွေမှာ...
သူ့ အ၀တ်ကလေးတွေ လျှော် ပေးချင်လို့.. ဒီ တနင်္ဂနွေမှာ...
သူ့ ဂစ်တာသံ တိုးတိုးဖွဖွ နားထောင်ချင် လို့ .. ဒီ တနင်္ဂနွေမှာ...
သူ့ ခေါင်းကလေး လျှော်ပေးချင် လို့ .. ဒီ တနင်္ဂနွေမှာ...
သူနဲ့ အတူတူ လမ်းလျှောက်ချင် လို့.. ဒီ တနင်္ဂနွေမှာ...
သူနဲ့... သူနဲ့...
သူနဲ့...အတူတူ ...
အတူ တူ.. အဲဒိ မုဒ် ..နဲ့ပဲ..  ထူထူ မှုံမှုံ လေးလံ ရီဝေနေသော
ကျမရဲ့... ငြီးငွေ့ဖွယ်.ရာ. ဒီ တနင်္ဂနွေ ဟာ.............။

မမသီရိ
၂၃.၁.၂၀၁၁ (တနင်္ဂနွေ)







Friday, January 21, 2011

ငါ့ရဲ့ကဗျာဆရာလေး (၂)

ကဗျာ ဆရာ ဆိုတာ
မာယာ တွေ များတယ် တဲ့
ငါ့ရဲ့ ကဗျာ ဆရာ ကလေးရေ... ..

စကားလုံးတွေ လှအောင်ဖွဲ့
လူတွေရဲ့ နှလုံးသား ကို ဖြားယောင်း
အသုံး အနှုန်း အဟောင်း တွေ တောင် ပြောင်လို့ လက်လို့လင်း
ကဗျာ ဆရာ ရဲ့ ကဗျာ အတွင်းမှာ..

သူများတွေတော့ မသိ
မင့် နှလုံးသားလေးပဲ ကွက်ကြည့်မိတဲ့ ကျမ
အနက်ရှိုင်းဆုံး တူးဆွ
မင်း ရဲ့ ကာရံတွေမှာ ပဲ အလဲလဲ အကွဲကွဲ..

မင်း ရဲ့ ရေကြည်အိုင်လေးထဲ
ကျမ နှစ်လိုစွာ ကူးခပ် ဆဲ

မင်း ဥယာဉ် လေးထဲ
ကျမ ခုံမင်စွာ ပျံ ၀ဲ ဆဲ

မင်း ရဲ့ အိမ်လေး ထဲ
ကျမ ကြည်နူးစွာ အိပ်စက်ဆဲ..

မင်း စိတ်ကူးပုံရိပ်တွေ ထဲ
ကျမ ရှိနေတယ် ဆိုတာ ယုံကြည်မြဲ..

မင်းရဲ့ နှလုံးသားထဲ..
ကျမရှိနေတယ်လို့ ယုံကြည်ဆဲ..

မင်းရဲ့ ကဗျာတွေ ထဲ
ကျမ ရှိနေတယ် လို့ သေချာဆဲ..

မာယာများတယ် ဆိုတဲ့ လူတွေ ရဲ့စကား..
ကျမ သိမ်းမထားပါဘူး ကွဲ့ ကျမ ရဲ့ ကဗျာ ဆရာလေး ရေ.....


မင်းကသာ ချိုတယ်ပြော
ပင်လယ် ရေ က ဆားကြောတွေ အကြောင်း ကျမ ငြင်းမှာမို့...
ညာချင်ရင်တောင် ညာလိုက်ပါအုံးကွဲ့..
အချစ်ကြောင့်ပဲလား...... 
မောင့် ကဗျာတွေ .... ကျမ ကတော့ ဆက် ယုံချင်...။

မမသီရိ

Wednesday, January 19, 2011

အစိမ်းရောင်

ခုတလော
လမှာ အစိမ်းရောင်အလင်းတန်းတွေစီးနေတယ်လို့..
မီဒီယာတွေ ကအဆက်မပြတ် ကြေငြာချက် ထွက်နေတဲ့ ရက်တွေ မှာ..

ညက ဆွေ့ဆွေ့ ခုန်အောင်လင်းနေတဲ့ လပြည့်ချိန်

သူက..
အမှတ်သည်းခြေ ကို မရှိဘူးလို့..
ပုဏ္ဍရိတ်ပန်းတွေ က အချင်းချင်း အတင်းစကားပြောကြတယ်..


ဆောင်းခို ငှက်တွေ တစီတတန်းကြီး ကတော့

သတင်းစကား ပါးလိုက်သလား မေးမှာစိုးလို့ ထင်ပါ့
ခေါင်း ကို ယို့ .. ဟိုး မြင့်မြင့်ကပဲ ပျံ..

အချစ်ဆိုတာ ဦးတာ နှောင်းတာ နဲ့ ဆိုင်သလား..
ကာလ အတို အရှည်တွေ နဲ့ ဆိုင်သလား
ကြည့်ပျော် ရှုပျော် ရှိတာ မရှိတာ နဲ့ ပတ်သက်သလား..
အသံချိုတာ မချိုတာနဲ့ အချိုးကျသလား
နီးတာ ဝေးတာ နဲ့ ရော ထိစပ်နေသလား..

အကောင်အထည် ပြစရာ မရှိပါဘူး ဆိုပါမှ..

မှော်ဝင်နေတဲ့ နှင်းတွေ က
လှောင်ပြောင်ရီမော သောသော ညံ လို့....
ဆောင်တော်ကူး အရွက် မှောင်မှောင်တွေတောင်
အမှောင်ရိပ်ထဲ နှင်းစက်ကြောင့် လက်လက်ပြောင်..
သူတို့ကတော့ ပြောအား ရှိပေမပေါ့..
ညရီ မိုးချုပ်တာနဲ့ မွှေးချင်တိုင်းမွှေးခွင့်ရတာကို.. 


အလွမ်းတွေ နဲ့ ပဲ ခဏခဏ ခြေချုပ်မိနေသူ..
အကြောင်းမဲ့ အကျိုး မဲ့
လှိုက်ကနဲ လှိုက်ကနဲ
ချစ်ချင် သလို ချစ်လို့ရတာ မဟုတ်ပဲ နဲ့
ရင်ထဲ က သိမ့်သိမ့် တုန်တဲ့ထိ ချစ်နေမိ သူကလေး..

လရောင်က ချို
နှင်းတွေက စို..
သူမကလေး အလွမ်းတွေ နဲ့ ပဲ ငို...........။



မမသီရိ

Tuesday, January 18, 2011

I can't help Falling in love with you

 (words & music by george weiss - hugo peretti - luigi creatore)

Wise men say only fools rush in
But I can't help falling in love with you
Shall I stay
Would it be a sin
If I can't help falling in love with you

Like a river flows surely to the sea
Darling so it goes
Some things are meant to be
Take my hand, take my whole life too
For I can't help falling in love with you

Like a river flows surely to the sea
Darling so it goes
Some things are meant to be
Take my hand, take my whole life too
For I can't help falling in love with you
For I can't help falling in love with you


နောက်ဗားရှင်းတွေ အသစ်တွေနဲ့ နာမည်ကြီးတွေ ဆက်ဆိုကြပေမဲ့ အဲလ်ဗစ်ဆိုတာလေး ကိုပဲ ပို သဘောကျမိတယ်...I can't help Falling in love with you.


မမသီရိ

Monday, January 03, 2011

နှင်းတွေထဲမှာ


မင်း အိမ်တံခါး အရှေ့..
ငါ ရပ်နေခဲ့တာ အကြာ ကြီး..
ငါ့ ရင်ခွင် မှာတော့
သဇင်တွေ တပွေ့ တပိုက် နဲ့..

နှင်း....... တွေ က
ငါ့ .. ဘေး ...  ဘယ် ...ညာ..
ပုခုံးပေါ်မှာ..
ခေါင်းပေါ် မှာ..
ခြေရင်းနားမှာ...
နေရာ တကာ...
ကဗျာ ၀ိဥာဏ်တွေ ကလဲ
နှင်း တွေ ထဲ.. 
လင်း ကနဲ.. လက် ကနဲ...
သေချာ ခဲ့တာကတော့..
ရင် ကွဲ အောင် အေး စက်တဲ့ နှင်း... 

ငါ့ လက်တွေ အေးခဲ ကျင်စက်လို့ နေပြီ..
ခြေဖျားတွေ ကလဲ နှင်းတွေ ထဲ နစ် ၀င်လို့..
အနွေး ဓါတ် အလင်းရောင် ကလေး..
မျှော်လင့် ချက် မဝေးခဲ့ဘူး ထင် ရင်း.. 
အဲဒီ နှင်းတွေ ထဲမှာပဲ..
မင်း အိမ် တံ ခါး ရှေ့..
ငါ..................... ရပ်နေခဲ့ မိတာ....
စက္ကန့်တွေ..
မိနစ်တွေ..
နာရီတွေ..
ပျံသန်းသွား....

ဝင်ရိုး စွန် အလင်းတန်း ရောင်ခြည်တွေ
တဖြည်းဖြည်း အားနည်းလာ... 
ရင် မှာ မှောင်လာတဲ့ အရောင် က ပို နက်ခဲ့...
မင်း အိမ်ကလေး ထဲမှာတော့..
မီးရောင် မှိန်ဖျောဖျော့..
ဘယ် အခန်း တခု ထဲ .. မင်း ရှိနေလေ မလဲ
ငါပဲ မသိတတ်နိုင်လေတယ်....


ခွင့် ပြုပါကွယ်...
ပြီးတော့... ခွင့်လွှတ်ပါအုံး...
မင်း ပျော်ရွှင် မယ် ထင်လို့.. 
တိတ် တဆိတ် ထားခဲ့ ပါရစေတော့..

မင်း နိုး ထလာမဲ့..
မနက်ခင်း တခုမှာတော့....
သဇင် ရုပ်ကြွင်းတွေ လေ....
မင်း..... အိမ်ရှေ့မှာ တွေ့ လိမ့်မယ်.......။

မမသီရိ
 31.12.2010

Thursday, December 30, 2010

မင်းခြေရာတွေ ငါတွေ့တယ်..

လှစ်ကနဲ .. တွေ့လိုက်မိသလိုပါပဲ
နောက်ကလိုက်ကြည့်တော့ ပျောက်သွား ပြီ...

သဲသောင်ခုံ မွမွ ပေါ်မှာတော့
လွမ်းစရာ့ သူ့ ခြေရာတွေ ထင်လျှက်ကျန်နေ..

ပုန်းညက်တွေမွှေးတာ ကို
မွှေးတဲ့ အကြောင်းပြောဖို့ ..
စဉ်းစား ရမယ်လို့ ထင်နေသူကလေး..

 တိမ်ပြာပြာတွေ နှစ်သက်တာ ..
နှစ်သက်တဲ့အကြောင်း ပြောပြ ဖို့
ခဲခဲယဉ်းယဉ်း လို့ ထင်နေသူကလေး..

ချစ်သူ့ လက်ကလေး.. ဆွဲယူ ထွေးပွေ့ ဖို့အရေး
ဘာတွေကြောင့် ဘယ်လို တုန့်နှေး..
အဝေး ကို ထွက် ထွက် ပြေးရတာလဲ..

အုန်းလက်ညိုညို .
အကြို အကြား အနောက်ဖက်ဆီက
အပြာရောင် အရိပ်ကလေး ရေ...
မင်း မျက်နှာ မမြင်ရအောင်..
မင်း ပုန်းရှောင်နေပေမဲ့...
မင့် အသက်ရှူသံ သဲ့သဲ့ က တော့
မင့် ချစ်သူ့ ရင်... လာ လာမှန် တယ် ရှင်.... ။

မမသီရိ
၁၀.၁၂.၂၀၁၀

Thursday, December 23, 2010

ထောင့်ချိုးအကွယ် ...

ပြာပြာလွှင် နေတဲ့
ကောင်းကင်ကြီးရဲ့ အောက်မှာ ..
တောင်စဉ် ညိုပြာပြာတွေ ရှိတယ် ..

တောင်စဉ်ညိုတွေရဲ့အနောက်
မိုးကုပ်စက်ဝိုင်း အကြားမှာ ပင်လယ်တစင်း ရှိတယ် ..

အဲဒီ ပင်လယ်ရဲ့ ဘေးအစွန်းနားမှာ
အနောက်ဖက်ကမ်းခြေ ရှိတယ် ..

အနောက်ဖက်ကမ်းခြေ အလွန်မှာ ..
ချစ်သူ့ မြို့ကလေး ရှိတယ် ..
 
အဲဒီ မြို့ကလေး အစွန်မှာ ..
တောင်ကုန်းကလေး တခု ရှိတယ်

အဲဒီတောင်ကုန်းလေး နံဘေးမှာ..
ပန်းခြံကလေး တခု ရှိတယ်..

ပန်းခြံကလေး မနီး မဝေးမှာ..
ရေကန်ကလေး တခု ရှိတယ်..

အဲဒီရေကန် လေး အဆုံးမှာ
လမ်းသွယ်ကလေး တခု ရှိတယ်

အဲဒီလမ်းသွယ်ကလေး ထဲမှာ
ချစ်သူ့ ကားကလေး ရှိတယ်..

အဲဒီ ကားကလေးထဲမှာ..
Music Player ကလေး တလုံးရှိတယ်..

အဲဒီ Music Player ကလေးထဲမှာ
ကဗျာကလေးတွေ ရှိတယ်..

အဲဒီကဗျာတွေ ထဲမှာ ..
ကဗျာ ဆရာ ရဲ့ ချစ်သူ ရှိတယ်..

အဲဒီ အမျိုးသမီးကလေးရဲ့ ရင်ထဲမှာ ..
သူ့ ချစ်သူ အမျိုးသား တယောက် ပဲ ရှိတယ်..

အဲဒီ အမျိုးသား ကလေး ရဲ့ ရင်ထဲမှာတော့
ဘယ်သူ ရှိသလဲ ဘယ်သူ မှ မသိနိုင်တယ်....။

မမသီရိ
၂၂.၁၂.၂၀၁၀

Wednesday, December 15, 2010

အဲဒိလက်ကလေးတွေ

နူးညံ့နေမလားဆိုတာ
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေတဲ့
အဲဒီ လက်ကလေး တစုံ..

ကျမအတွက် ပန်းတွေ.. သူ..
အဲဒီ လက်ကလေး နဲ့..
စိုက်ထားပေးခဲ့ဖူး ...

ကျမအတွက် လမ်းတွေ .. သူ..
အဲဒီလက်ကလေး နဲ့ ..
ဖောက်ထားပေးခဲ့ဖူးတယ်..

ကျမ အတွက် သီချင်းတွေ .. သူ..
အဲဒီလက်ကလေးတွေနဲ့ ..
တီးခတ် သီဖွဲ့ပေးဖူး...

ဝက်သစ်ချပင်တွေ စီတန်းနေတဲ့
ကျူးလစ်ပန်းခင်းကြားလမ်းကလေး ပေါ်
ကဗျာတွေစီရင်း လမ်းလျှောက်နေတတ်သူကလေး ရဲ့
အဲဒီလက်ကလေးတွေ..

နူးညံ့နေမလားဆိုတာ..
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေလို့..
အဲဒီ.... လက်ကလေးတွေ.......
တနေ့နေ့တော့.. ကျမ ပါးပြင်.. ဆွဲယူ ကပ်ထား ချင်သေးတယ်..။


မမသီရိ

Monday, December 13, 2010

ရင်ရိပ်အဝေးဆီမှာ

ဖောချင်း သောချင်း
လင်းချင်တိုင်း လင်းနေတဲ့ တန်ဆောင်မုန်း ရဲ့ လ အရောင်..

နှင်း မှုန်မှုန်တွေ ကလဲ
အင်တိုက် အားတိုက် ပါပဲ
ခရမ်းရောင် ရင့်တဲ့ထိ ဖြိုက်ဖြိုက်ကျ လို့...

သဇင်အဦးတွေ
နတ်တော် ပြာသို ကူးအမီ
ပွင့်ဖို့ အားယူ ဖူးကြပြီ ...

အေးစက်စက် ဆောင်းလေ..
အလွမ်းတွေ ချွေချွေ ချ..
အညှိုးကြီးလှချည်ရရဲ့...

(ဒင်း တို့ တတွေ.. )
နေနှင့် အုံး...

ချစ်သူ့ ရင် အလွှာ.. ခြုံပ၀ါ ခြုံ ရတဲ့ ည
နှစ်လွှာ တစ်ရွက် တူစုံ ဖက်ရတဲ့ ည
ရောက် ကို ရောက်ရအုံး မှာ ကွဲ့...

ခေါင်းမော့ လို့ တေး...
အေး ထား နှင့် အုံး..  အေး ချင် သလောက် အေး ပါလေ့..
လမင်း ရေ.. လင်းချင်သလောက် လင်း ပါလေ့..
ရင်ငွေ့ အလှုံ ယုံကြည်ချက်ကလေး မပျက်သရွေ့ ..
ရင်ရိပ်အဝေး မှာပေမဲ့.. အားတင်း ခေါင်းမော့.. အလွမ်းတွေ ကိုချော့ ..
ဒီ ဆောင်းညကျော့ကွင်း မှာ .. ကျမ အမိ မခံတော့... .


မမသီရိ

Monday, December 06, 2010

မင်းသိထားဖို့












ဘယ်လို အကြောင်းမျိုးနဲ့မှ
မင်း ကို ငါ မဖြားယောင်းခဲ့ဖူး..

ရူးမတတ် လွမ်းနေခဲ့တာတောင်..

ချစ်တဲ့ အကြောင်းတွေ
ထောင်သောင်းဖွဲ့ ပြောပြောနေခဲ့တာ
အဲဒါ အချစ် သက်သက်..

မင်း လမ်း ကို မင်းလျှောက်တယ်
မင်းပုလင်းကို မင်းဖောက်တယ်..
မင်း အပင်တွေ မင်း စိုက်တယ်..
မင်း တံ လျှပ် ကို မင်း လိုက်တယ်..
မင်း တံခါး ကို မင်း ပိတ်တယ်..
မင်း အခန်းမီး မင်း မှိတ်တယ်..

မင်း မွန်းကျပ်မှု မင်းလှောင်တယ်
မင်း အတ္တတွေ မင်းမွေး မြူတယ်..

မင်း ဆက်ထုံး တွေ အကြောင်း မင်း ဆွေးမြေ့တယ်..
မင်း ရိုးသားတဲ့ အကြောင်း မင်း အရောင်တင်ဖို့ ကြိုးစား တယ်..
ဒီလိုနဲ့ပဲ ငါ က မင်းကို မချစ်ရရိုး တဲ့လား... 
ဒီလိုနဲ့ပဲ ငါ က မင်းကို မလွမ်းရရိုး တဲ့လား... 


မှတ် ထားလိုက်ပါ့ ကွဲ့ ...

ငါ (မင်း ကို) လွမ်း တယ်.... လွမ်း ရုံ သက်သက်..
ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..
ငါ (မင်း ကို) သတိရတယ်.. သတိရ ရုံ သက်သက်..

ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..

ဆူးတွေ ၀ှက်ထားသူ ကို လာလာ မနှဲ့ ပါနဲ့
နောင်တ.. မှာ အုပ်ထိမ်းသူ မဲ့ တယ်..............။

မမသီရိ