Sunday, October 24, 2010

မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော အလံများ

အောက်မှာတွေ့ရတဲ့ အလံတွေကို တော့ မြန်မာနိုင်ငံ ရှေးဟောင်းအလံများ ခေါင်းစဉ်နဲ့ http://fotw.fivestarflags.com/mm-hist.html  ဆိုဒ်မှာတွေ့ရတာပါ .. သုတေသီရဲ့ အဆိုအရတော့ မြန်မာအလံတွေရဲ့ အကြောင်းကစိတ်ဝင်စားစရာ ကောင်းပေမဲ့ ခုချိန်ထိ ပြည့်စုံစွာ မစုဆောင်းနိုင်သေးဘူး လို့ ဆိုပါတယ်..


အပိုင်း (၁)

ဒီအလံ ၆ ခု ကတော့ ဗြိတိသျှ လက်အောက် မကျရောက်မီက မြန်မာနိုင်ငံတော် အတွင်း အသုံးပြုခဲ့သော အလံတော်များပါတဲ့ ..

(၁) ရွှေဟသာင်္ အလံ တော် ( ၁၃၀၀ - ၁၅၀၀ အကြား)


(၂) သူရဲကြီး အလံ (၁၃၀၀ - ၁၈၈၅ အကြား)


(၃) ကုန်းဘောင်ခေတ်အလံ (၁၇၀၀ - ၁၈၈၅)
 (၄) ၁၉ ရာစု အလယ် မင်းတုန်းမင်း ခေတ်အလံ

(၅) ဒေါင်းအလံများ



အပိုင်း (၂)


 (၁) Uncertain flag, 1937-1939

 (၂) 9 February 1939 (introduced 6 February) - 1941

 (၃)  Governor's Flag 1939-1941

(၄)  1940 - 1945: Japanese rule

(၅) 1942 Synyethe-Wunthann party

 (၆) Japanese puppet state 1 August 1943 - 1945

(၇) Anti-Japan movement 1943 - 1945





(၈)  1948-1974 Flag of Burma

(9)  1974 - 2010


(၁၀) ၂၀၀၆ - ၂၀၀၇ မှာ အဆိုပြုပြီး အတည်မပြုနိုင်ခဲ့သော အလံ

 http://flagspot.net/images/m/mm-pro07.gif

 

(၁၁) အသစ်စက်စက် အလံတော်

 

အပိုင်း (၃)

၃ ရောင်ချယ် အလံများနဲ့ ပတ်သက်လို့ ၀ီကီထဲမှာ တွေ့ရတဲ့ ပုံတွေ

[edit] Green, red, and yellow

[edit] Horizontal tricolors


အပိုင်း (၄)

အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နဲ့ ကြီးပြင်းလာခဲ့ရတာမို့ အဲဒီအလံတွေမီးရှို့ရမယ်လို့ရုတ်တရက်ကြီး ကြားလိုက်ရတော့ အလန့်တကြား ဖြစ်မိရပါတယ်..။

အနီရောင်သည် ရဲရင့်ခြင်း၊ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်၊ အဖြူရောင်သည်သန့်စင်ခြင်း ရိုးသား ခြင်း၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး သည် ပြည်နယ်နှင့်တိုင်း ၁၄ ခု အား တန်းတူညီမျှသည်ဟု ကိုယ်စားပြုခြင်း၊ စပါးနှံ နှင့် စက်သွား သည် မြန်မာပြည်၏ အခြေခံအင်အားဖြစ်သော အလုပ်သမား နှင့် လယ်သမားထုအား ကိုယ်စားပြုခြင်း.................ဤသည်တို့ မှာကား.. ကျမ တို့ ငယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရသော ပြည်ထောင်စု နိုင်ငံတော် အလံ အကြောင်းပင်ဖြစ်ပေသည်။


ကြာသပတေးနေ့ က ရုတ်တရက်ကြီး သင်္ခါ ရသဘောတရား နဲ့ မီးလောင်တိုက်သွင်းခံလိုက်ရသော ကြယ် ၁၄ ပွင့်ရံ နိုင်ငံတော် အလံ ၏ အကြောင်း အား အကြောင်းကြောင့် ကျမ စနေနေ့ ညနေက မှ သိခဲ့ရပြီး.. စိတ်ပျက် လက်ပျက် ဖြစ်နေသော ကျမ . ကို ကျမတို့ PD က မင်း နှယ် . မင်းတို့ တိုင်းပြည်မယ် အစိုးရသစ် ပါလီမန်ဖွဲ့ပြီးတဲ့ချိန် ပြန်ပြင် ရင် ရတဲ့ ကိစ္စတွေပဲ Take it easy. လို့ ပြောလိုက်တာမို့ .. ဟုတ်သား ပဲလေ.. လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်မိပါတယ်. ...ဒါပေမဲ့..  ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အခြေအနေက ဘယ်လိုမှန်း မသိ နိုင်သေးတာကတော့ တပိုင်း ပေါ့လေ... ပြီးတော့ .. အလံ အသစ်လဲ တာနဲ့ အလံ အဟောင်းက မီးရှို့ စရာ လိုလို့ လား...

လာမဲ့မျိုးဆက် သစ်က လူငယ်လေး တွေ သူတို့ အလံ တော်ကို ဘယ်လို ပုံ ဖော်ကြမလဲ.. ဆက်လက်တွေးတောနေမိပါတယ်.

အားလုံးကိုခင်မင်လေးစားတဲ့


မမသီရိ






Tuesday, October 19, 2010

ဗွေး


ဗွေးရေ..
မင်းဆီမှာ ဆန်း နေတဲ့ လက
ငါ့ညတွေကိုလဲ ဖြတ်သွားတယ်ကွဲ့..
ညမွေးပန်းတွေ  မွှေးတာကလဲ
နေရာမရွေးပါလား ဗွေးရေ…
မိုးလေ ကင်းလွတ်တော့မဲ့ နှင်းအရိပ်တွေ ပုန်းလျှိုးကြည့်လာတဲ့ ဆောင်းကြိုရက်တွေမှာ…
ရွာနဲ့ဝေးတာကြာပေမဲ့.. အလွမ်းတွေက လတ်ဆတ်ဆဲပါ ဗွေး…

ရွာထိပ် သိမ်တော်ဝင်းထဲမှာ ထွန်းညှိချိတ်ဆွဲထားမဲ့ ရောင်စုံမီးပုံးတွေ..
ရွာလယ်ချောင်းကလေးမှာ.. မျှောကြမဲ့ ဖောင်ဆီမီးကလေးတွေ..
ယုန်နားရွက် မီးပုံးကလေးတွေနဲ့ စီတန်းခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ..
လက်တွန်းမီးပုံးကလေးတွေ နဲ့ ရွာပတ်ခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ…

တောင်ခြေနားဆီက လယ်ကွင်းတွေကလဲ 
ရွှေရောင်ဝင်းနေလောက်ပြီပေါ့..
ဝါကျွတ်တော့မှာမို့..
အင်္ကျီ အသစ်တွေ ချုပ်ထားပြီလား ဗွေး..
ငါကြိုက်တဲ့ အပြာရောင်ပဲ နင် ၀ယ်မယ်ဆိုတာ ငါက သေချာနေပြန်သေးသကွဲ့..
ဟိုကောင် လူအေး က မိန်းမရပြီ လို့ ငါ ကြားရဲ့…
တရန်အေးပေမဲ့..
အပျိုကြီးဖားဖား မင်းအနား ..
ဘယ်အကောင်တွေများ ကပ်ပါးချောင်းမြောင်း နေမလဲ.. ငါမတွေးရဲ
ငါ မတွေးချင်…
ငါတို့ ရင်ချင်းအပ်ခွင့်. တနေ့ကတော့ 
အသင့် စောင့်ကြိုနေတယ်
ဘယ်ဆီ ဘယ်ဝယ်.. သေချာတယ်လားလို့ မမေးလာပါနဲ့အုံး ဗွေးရယ်…
အဲဒီ တခုသော ၀ါအကျွတ်… ငါတို့ ဆက်စောင့်ကြစို့ ရဲ့……
ငါ ရှိမနေနိုင်သေးတဲ့ ဒီဝါ အကျွတ်မှာ တော့.. ငါ့ ကိုလွမ်းရင်း နဲ့ ပျော်ပေါ့ကွယ်…………….။


မမသီရိ
၁၄.၁၀.၂၀၁၁

Friday, October 15, 2010

ဟိုက ဒီက ပို့ကြတယ် .... THIS IS wonderful..

ဟိုတနေ့က အာရှနိုင်ငံတခု မှာဆုံခဲ့မိတ်ဆွေမလေး တယောက်က မေးလ် တစ်စောင်ပို့လာတယ်.. ဖော်ဝါ့မေးလ် တွေဆိုတာ ဟိုကပို့ ဒီကပို့ နဲ့ သိသင့်တာလေးတွေ ဝေမျှချင်တာလေးတွေ ခံစားချက်တွေ ကို မိတ်ဆွေတွေကြားထဲမှာ မျှဝေကြတာမျိုးမဟုတ်လား..။ မဆန်းဘူး ဆိုပေမဲ့.. အကြိမ်ပေါင်း များစွာမှာတော့ အတော့်ကို အဓိပါယ်လေးနက်ပြည့်ဝပြီး ဘ၀ အတွက် ယူတတ်ရင် ရတဲ့ အတွေးအခေါ်တွေ ခံစားမှုတွေကိုရစေပါတယ်... .. ဒီလို အကြောင်းအရာလေးတွေကို တချို့ဆို တကယ့်ကို အချိန်ယူပြီး တည်ဆောက်ထားကြတာမျိုးမို့ အံ့သြရတာလဲ မနည်းတော့... ရှာရှာဖွေဖွေ ကြံကြံဖန်ဖန်တွေ. .စေတနာတွေ.. စိတ်ကူးတွေ... ဖန်တီးမှုတွေ.. တကယ်တော့ အပြောကျယ်လှတဲ့ သတင်းနဲ့ နည်းပညာ သမုဒ္ဒရာကြီးထဲမှာ စိတ်ကူးအတွေးအခေါ်တွေကို စိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ်ကြီး ကွန့်မြူး ထားကြတာတွေ မနည်းမနော ပါ... 

ရံဖန်ရံခါ စိတ်ဓါတ်ကျနေတုန်း စိတ်အားတက်ကြွဖွယ် မေးလ်တွေ၊ စိတ်ကြည်နူးစရာလေးတွေ ဖတ်လိုက်ရရင် စိတ်အပြောင်းအလဲလေးတွေဖြစ်ပြီး စိတ်သက်သာရာရဖူးတဲ့ အကြိမ်တွေလဲများခဲ့ပါပြီ..။ စာဆိုရင် စာအုပ်ကလေးကိုင်ပြီး အိပ်ယာပေါ်လှဲဖတ်ရတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်သေးပေမဲ့.. တနေ့ ပြီး တနေ့ အချိန်တွေ လုံးပါးပါး ပါးခဲ့တဲ့ နောက်ပိုင်းမှာတော့ ဖန်သားပြင်ပေါ်က စာမျက်နှာတွေကိုသာ အချိန်လု ဖတ်ရတဲ့ အဖြစ်ကို ရောက်လာနေပါတော့တယ်....
 
ဟိုနေ့က ရတဲ့ဖောဝါ့မေးလ်လေးဆို တကယ့်ဂန္တ၀င် .. အောင့်သက်သက် မျက်နှာပူပူနဲ့ ရီလိုက်ရတာ အူတွေ ကို နာတဲ့ထိ.. မြန်မာရာဇ၀င်ထဲမှာ ဆင်ဖြူပိုင်တဲ့မင်းတွေဟာ တန်ခိုးထွားတယ်.. ဆင်ဖြူရှိတဲ့နိုင်ငံက  မိုးကောင်းပြီး ဆန်ရေစပါး ပေါကြွယ်တယ် ဆိုတာမို့လား.. ကျမတို့ဘကြီးတယောက် က ဆင်ဖြူတွေကို အင်မတန်မှ စွဲလမ်းတယ်လေ.. ငါးစီးရှင်ဖြစ်ဖို့ တစီးပဲ လိုတော့တာမို့.. .ရွှေဥာဏ်တော်စူးရောက်သူ သကောင့်သားကလေးတယောက်က ဆင်ဖြူတကောင် လုပ်ပေးတာ.. မေးလ် အကြောင်းအရာက ဆင်ဖြူ နောက်တစီးရပြန်ပြီ.. ဆိုလို့.. စိတ်ဝင်တစား..နဲ့ တွဲထားတဲ့ပုံကလေး ကို အားတက်သရော ဖွင့်လိုက်တာ..
ဘာတွေ့တယ် ထင်သလဲ.... အသားဖြူလူမျိုး (ဘကြီးရဲ့ အမျိုးပေါက်ဖေါ်လဲ ဖြစ်ချင်ဖြစ်နိုင်တယ်..း) ယောင်္ကျားတစ်ယောက်ရဲ့ ငယ်ပါကလေးမှာ.. နားရွက်တပ်.. မျက်လုံးနှစ်လုံးတပ်ထားတာ..

ခုနက မိတ်ဆွေမလေး အကြောင်းဆက်ပြောရရင် သင်တန်းကာလ ၁ လလောက်မှာ ဆုံခဲ့တဲ့ လူ ၁၀၀ ကျော်လောက်ထဲမှာ သူမက ထူးထူးခြားခြားကလေး...။

ဆိုဟယ် ကဟယ် နဲ့ အမြဲပျော်ရွှင်တက်ကြွနေတတ်တာ.. သူတင်ပျော်တာမျိုးမဟုတ်ပဲ သူ့နံဘေးနားက လူတွေကိုပါ ဆွဲဆွဲ ခေါ် ပျော်တတ်တဲ့သူ.. တိုက်ကပ်နွယ်ပင်ကလေး လို့ အမည်ရတဲ့ သူမက ကိုယ့်အပေါ်မှာ လဲ အတော်ဖေးဖေမမ ရှိရှာတာပါ..။.. သူ့ဆီက ပဲ သူတိုနိုင်ငံရဲ့ စာမျက်နှာတွေမှာ မတွေ့ နိုင်တဲ့အတွင်းကျကျ ယဉ်ကျေးမှုတချို့ကို သိခွင့်ရခဲ့ရသလို.. မြန်မာလူမျိုးတွေလိုပဲ ပျော်စရာကို ရှာကြံပျော်တတ်တဲ့ ဓလေ့ စရိုက်လေးတွေကိုလဲ မြည်းစမ်းခွင့်ရခဲ့ပါတယ်.. အဲဒီ အမျိုးသမီးလေးက .. မကြာခဏ ဆိုသလိုကပဲ မေတ္တာ တရား နဲ့ နွေးထွေးခြင်း၊ မိတ်ဆွေ၊ ဘ၀ နဲ့ နေပျော်ခြင်း၊ ငြိမ်းချမ်းရေး နဲ့ ဆိုင်တဲ့ မေးလ်ကလေးတွေ ပို့ ပေးတတ်ပါတယ်..

ခုတလောမှာ.. အလုပ်တွေ အရမ်းများပြီး.. လူက စိတ်ဖိစီးမှုတွေ ရှိနေပုံ ရပါတယ်.. အရာတော် တော်များများကိုစိတ်တိုလွယ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်.. ကိုယ့်အပေါ် ကောင်းလွန်းသူတွေနဲ့ ကိုယ့်အဖေအရင်းနဲ့ ထပ်တူကောင်းလွန်းတဲ့ကိုယ့်အထက်အရာရှိကိုတောင် ကလန်ကဆန်ပြန်ပြောမိတဲ့ထိ ဖြစ်နေလို့အမြဲပဲ သတိထားနေရတဲ့အပြင်.. ဘာမဟုတ်တာလေးတွေကို ၀မ်းနည်းချင်တဲ့စိတ်တွေ ဖြစ်ဖြစ် လာလို့ အားတင်းရတဲ့ ရက်တွေမှာ .. ဒီမေးလ်က ဓါတ်ပုံတွေ ကြည့်ပြီး စာတွေ ဖတ်လိုက်ရတော့.. အတော်အတန် စိတ်သက်သာရသလိုတွေ့မိတာမို့.. ကိုယ့်ဘလော့လေး မှာ သိမ်းလိုက်ပါတယ်... .. ဓါတ်ပုံ ရဲ့ အောက်မှာ ပါတဲ့ စာတွေကတော့ မကြာခဏ မြင်ရဖတ်ရပေမဲ့.. ဓါတ်ပုံတွေ ကြည့်ပြီး နောက် ခု တကြိမ်ပြန်ဖတ်တော့ အရသာက ပိုလေးနက်သလို တွေ့မိတယ်... ဓါတ်ပုံတွေကိုလဲ တကယ် နှစ်သက်မိတယ်..(အသက်ကြီးလာလို့ထင်ရဲ့ အသက်ကြီးကြီး ပုံတွေနဲ့ ကလေးပိစိ ပုံတွေ ပို နှစ်သက်လာသလိုလို..း).
မြန်မာလိုရေးထားတဲ့ ဒီစာတွေကို မိတ်ဆွေမလေးဖတ်တတ်မှာ မဟုတ်ပေမဲ့.. ကျေူးဇူးပါ Ivy ရေ...
































































































Never look down on anybody, unless you're helping them up.
Read quietly then send it back on its journey

To realize
The value of a sister/brother
Ask someone
Who doesn't have one.

To realize
The value of ten years:
Ask a newly
Divorced couple.

To realize
The value of four years:
Ask a graduate.

To realize
The value of one year:
Ask a student who
Has failed a final exam.

To realize
The value of nine months:
Ask a mother who gave birth to a stillborn.

To realize
The value of one month:
Ask a mother
Who has given birth to a premature  baby..

To realize
The value of one week:
Ask an editor of a weekly newspaper.

To realize
The value of one minute:
Ask a person
Who has missed  the train, bus or plane.

To realize
The value of one-second:
Ask a person
Who has survived an accident.

Time waits for no one.
Treasure every moment you have.

You will treasure it even more when
You can share it with someone special.

To realize the value of a friend or family member:
LOSE ONE.

Remember....

Hold on tight to the ones you love!



Audrey Hepburn

အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ

Sunday, October 10, 2010

စကားလုံးမဲ့စွာ

(၁)
အဲဒီရက်တွေတုန်းက ၁၀ တန်းစာမေးပွဲကြီးနီးလာလို့.. စာတွေ နင်းကန် ဖတ်နေရတဲ့အချိန်.. မတ်လ ဆန်း စ ရက် တရက် ... ။ တက်ခဲ့ရတဲ့ ကျောင်းက တွဲဖက်ကျောင်းဆိုတော့ .. ၁၀ တန်းဖြေဆိုမဲ့ကျောင်းသူ ကျောင်းသားတွေက အထက်တန်းကျောင်းရှိတဲ့ စာစစ်ဌာနဆီမှာ စာမေးပွဲသွား ဖြေကြရပါတယ်.. နောက်နေ့ဆို စာမေးပွဲဖြေရမဲ့ ဆီ ၂ ပတ်လောက်သွားနေရမှာ မို့ အမေကြီး နဲ့ မေမေ က မီးဖိုထဲမှာ ကြော်လှော် ချက်ပြုတ်နေကြခဲ့တယ်. . ဖေဖေ က အဆုတ်ထဲ မှာ အနာဖြစ်လို့ဆိုပြီး ဆေးရုံမှာ ၃ လ ကျော် နေခဲ့ရာ က ဆင်းစ .. ကင်ဆာ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ပြောလိုက်တာမို့ အိမ်သားတွေ စိတ်လေးလံ ၀မ်းနည်းနေကြရတဲ့ အချိန်..။ ခြံထဲက နေ.. မမ ရေ.. ဒီမှာ ဆီးသီး တွေ လာယူအုံး လို့ ခေါ်နေတာမို့ ဖေဖေ့ အနား လူနာစောင့်ရင်း စာဖတ်နေတဲ့ဆီက ဘိုးဘိုး ရှိရာ ဒုန်းစိုင်းပြေးဆင်းခဲ့ပါတယ်..။ မိသားစုထဲမှာ မြေးဥိးမို့.. ဘိုးဘိုး က အချစ်ဆုံး လို့ တခြား မောင်နှမ၀မ်းကွဲတွေ က မကြာခဏ မနာလိုဖြစ်တာ ခံရပေမဲ့ .. ဘိုးဘိုး ကတော့ သူ့ မြေးချစ် ကို ဦးစားပေးမပျက်ခဲ့.. အငယ်တွေ ထက်ကို .. အရေးပေးခဲ့တာပါ.. .ပန်းချီဆွဲ တဲ့ ဗီဇကလဲ  ဘိုးဘိုး ဆီက ပဲ ရခဲ့တာ ဖြစ်မှာပါပဲ.. ဘာလို့လဲ ဆိုတော့ ဆွေထဲမျိုးထဲမှာ ဘိုးဘိုး က လက်စခြေစ နဲ့ မြေးတွေကို ပုံတွေဆွဲပြခဲ့တာလေ..။ ဘိုးဘိုး ဆွဲ ပြတဲ့ တိရိစ္ဆာန်ပုံတွေ ဆို ဘယ်သူမှ လိုက်မမီဘူးလို့တောင် ထင်ခဲ့တာ..။ အသက် ၆၀ နား နီးပေမဲ့ သန်မာ ဖြတ်လတ်ဆဲ.. ဘယ်အလုပ်လေးပဲ ဖြစ်ဖြစ် ကိုယ်တိုင်ဝင်ပါလိုက်ရမှ ကျေနပ်တတ်သူ ဘိုဘိုး ပါ...။ အဲဒီနေ့ မနက်ထမင်းစားပြီးနောက်နေ့လည်တရေး တမော အိပ်ပြီးတဲ့ နေ့လည်စောင်းချိန်မှာ ဘိုးဘိုး က လယ်ကွင်းတွေဆီ ထွက်သွားခဲ့တယ်... ညနေ ၄ နာရီ ခွဲကျော် လောက်မတော့ ရွာအစွန်တောင်တန်းတွေ ဆီကနေ... မမ တို့ .. ဘိုးဘိုး. သစ်ပင်အောက်မှာ မူးလဲနေတယ် လို့.. အော်ဟစ်ပြောလာသံ တွေ နောက်မှာတော့.. လူတွေ ၀ိုင်းမချီပွေ့လာတဲ့ ဘိုးဘိုး က သတိ မရှိတော့ပါဘူး..
နောက် ၁ နာရီကျော် လောက်ကြာတော့ ဘိုးဘိုး ပြန်လှုပ် လာတယ်.. ဘိုးဘိုး.. ဘိုးဘိုး ရေ.. လို့ ခေါ်လိုက်ရင် အင်း လို့ ပြန်ထူး နိုင်ပြီး.. မမ ခေါ်နေတယ် ကြားရဲ့လား.. မမ လေ.. မမ ကို သိရဲ့လား လို့ မေးရင်.. အင်း လို့ ပြန်ပြောနိုင်ပေမဲ့.. တခြားသား သမီးတွေ ခေါ်ရင်တော့ တိတ်နေတာက်ုကြည့်ပြီး.. စကားမပြောနိုင်အောင် ရင်တွေ ဆို့ နစ်နေခဲ့ရပါတယ်.. .. ဘိုးဘိုးဘေးနား ဘိုးဘိုး .. ဘိုးဘိုး ရေ.. အဆက်မပြတ် ခေါ် နေခဲ့ ကြားမှာ ပဲ အဲဒီနေ့ ည သန်းခေါင်ကျော်မှာ ဘိုးဘိုး တယောက် တမလွန်ကို ထွက်သွားခဲ့ပါတော့တယ်.. .. နောက်နေ့မနက် အသုဘ လာမေးသူတွေက ဆေးရုံက လက်မခံ လို့ ဆင်းလာတဲ့ ဖေဖေ ဆုံးတယ်ပဲ ထင်နေခဲ့ကြတာပါ.. ကျန်းကျန်းမာမာ သန်းသန်စွမ်းစွမ်း ဖိုးဖိုး တယောက် ဘာရောဂါမှ မယ်မယ်ရရ မဖြစ်ဖူး.. ခေါင်းကိုက်ပျောက်ဆေးတောင် မသောက်ဖူး ပဲ နဲ့.. ဘ၀ တပါး ကို ရောက်ခဲ့ရပေမဲ့.. ဆေးရုံ က အဆုတ်ကင်ဆာ ဖြစ်မယ် လို့ပြောပြီး ပြန်လွှတ်လိုက်တဲ့ ဖေဖေက နောက် နှစ်ပေါင်း ၁၆ နှစ်ကျော် ကြာတဲ့ လူ့ လောကကြီး ထဲ ကျန်ူကျန်းမာမာနဲ့ အသက် ဆက်ရှင် ခဲ့ပါတယ်...


(၂)

သူက ကျမ ကို အမြဲတမ်း.. နေရာတကာ ပါလေရာမ.. ဟိုစပ်စပ် ဒီစပ်စပ် မရှပ်တေးမ.. လို့ အမြဲ ကျီစယ်ပြီး ပြောတတ်တဲ့သူ.. ကျမ က လဲ ကျမ.. ဘယ်အရာမဆိုသိ.. ဘယ်အရာမဆို တတ်.. ကိုယ်နဲ့ ဆိုင် မဆိုင် မသိ မျက်စိထဲ အမြင်မတော်တာတွေ့ ရင် ပြောချင်ပြီး.. သူများ လုပ်တာ နေရာမကျ မြင်တာနဲ့ ကိုယ်တိုင် ၀င်ပါချင်တဲ့သူ ကို.း... ကျောင်းဆရာမ ဘ၀ ကိုကျောခိုင်းပြီး INGO လောကထဲ စ၀င်တဲ့အချိန်မှာ အဲဒီ အကိုနဲ့ ရှေ့ဆင့် နောက်ဆင့် ... သူ့ ညီမ နဲ့ က ကျောင်းဆရာမလုပ်တုန်းက အတူသွား အတူစား အတူ တာဝန်ကျတာမို့. ကျမ ကလဲ သူ့ ညီမ တယောက် ဖြစ်ခဲ့ရတာပါ.. ကျမ ကို ရှေ့မှာ ဘယ်တော့မှ ချီးမွမ်း စကားမပြောဖူး ပေမဲ့.. အိမ်မှာ သူ့ သားသမီး တွေ ကို ဆုံးမ တဲ့ခါ .. ကျမ ဟာ သူတို့ စံပြ ဖြစ်သင့်တယ် လို့ အမြဲ ပြောတဲ့ အကြောင်း သူ့ မိန်းမ နဲ့ ကလေးတွေ ဆီ က နောက်တော့ ပြန်သိခဲ့ရတဲ့ အကို တယောက် .. အသား မဲမဲ ကြံ့ကြံ့ခိုင်ခိုင် သူ့ ကို ကျမ နဲ့ ကျမ ၀န်ထမ်းတွေက ပေါင်ချိန်လို့ သူ့ နောက်ကွယ်မှာ နောက်ပြီး ခေါ်လေ့ ရှိကြတယ်..။ သူနဲ့ ပြောင်းပြန် ဖြစ်တဲ့ ကျမ ကတော့ အသက် ၂၀ ကျော် ထဲ က မကြာခဏ သွေးတိုး ရတာနဲ့.. ရင်ဖတ် အောင့်ရတာနဲ့ မို့ နေ့စဉ် ဆေးတွေ သောက် ပြီး နေရတာ အသက် ၃၀ ကျော် ကတည်းက...ကျမကို ရောဂါ ထူမ လို့ လဲ မကြာမကြာ မဲ့ကာ ရွဲ့ ကာ ခေါ်တတ်သေးတာ ။ သူက အင်ဂျင်နီယာ ဌာန မှာ.. ကျမ က ရပ်ရွာ လူထု နဲ့ အမျိုးသမီး များ ဖွံ့ဖြိုး တိုးတက်ရေး ဌာနမှာ... ဌာန မတူပေမဲ့.. ကျမ တို့တွေ တကဲ့ မောင်နှမတွေလို ချစ်ခင်ခဲ့ကြတာပါ.. အဲဒီ အဖွဲ့ အစည်းမှာ ၇ နှစ်လောက် လုပ်ပြီးတော့ ကျမ နောက် အဖွဲ့ အစည်း တခု ကို ပြောင်းခဲ့ ပေမဲ့ လဲ.. သူနဲ့ ရော သူ့ မိသား စုနဲ့ပါ ရံဖန်ရံခါ ဆုံ မြဲ.. သူ့ အိမ်က အလှူ တွေဆိုလဲ ရောက်မြဲ... လွန်ခဲ့တဲ့ ၄ နှစ် ကျော် ဒီဇင်ဘာလဆန်း ရက် တရက်မှာ ကိစ္စလေး တခု နဲ့ အရင်က လုပ်ခဲ့တဲ့ ရုံးဆီရောက်ခဲ့ပါတယ်.. အဲဒီ အကို နဲ့ ဆိုက်ဆိုက်မြိုက်ြိမုက် တွေ့တာမို့ နောက်တပစ်အကြာမှာ ဂျပန်သွား စရာ ရှိနေတဲ့သူ့ ကို. ဘလူးတုဒ် လေး တခု ၀ယ်ခဲ့ပေးဖို့.. မ၀ယ်ခဲ့ရင် တွေ့မယ်.. ဘာမယ်..ထုံးစံအတိုင်း ကြိမ်းကြိမ်း မောင်မောင်း တင်တင်စီးစီး လေး ပြောခဲ့ ပြီး.. နောက် ဌာန ရုံးခန်း ထဲ တခု ထဲ ဆက်ဝင်ခဲ့ ပြီး လို့ ၅ မိနစ်လောက် နေတော့.. လူတွေတချို့ သူ့ကို မပြီးထမ်းကာ ကား ဆီ သယ်ထုတ်လာတာ တွေ့လိုက် ရပါတယ်.. ခုနကပဲ စကားပြောနေခဲ့ တဲ့ လူတယောက်.. ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း ကြီး... ကျမ ကျောခိုင်းတဲ့ ၅ မိနစ်ကျော်မှာ.. သတိ မရှိတော့ပါဘူး.. ဆေးရုံ ရောက်ပြီး နောက် ၅ မိနစ်လောက် မှာ သူ့ ချစ်တဲ့ သားသမီး ၃ ယောက် ဇနီး၊ သူ့ အလုပ်နဲ့.. မိတ်ဆွေတွေ .. ညီ၊ ညီမ တွေ ခွဲ ခွာ သွား ခဲ့ ပါတယ်... ကိုယ့်မျက်စိ ရှေ့မှာ ဖြစ်ခဲ့တဲ့ အဲဒီ အဖြစ်ကြောင့် ကျမ လတွေ အတော်ကြာတဲ့ ထိ.. အဲဒီအကို ကွယ်လွန်ခဲ့တာကို မျက်စိထဲက မထွက် ဖြစ်ခဲ့ရတယ်... သင်္ခါ ရ ဆိုတာ ဒီလိုပါလား .လို့. နက်နက်နဲနဲ စတင် တွေးတောခဲ့ ရပါတယ်..

(၃) 
အဲဒီ မောင်နှမ ၄ ယောက်လုံးက ၅ တန်း က နေ ၈ တန်းထိ .. ဆက်တိုက် ကိုယ့် တပည့် ဖြစ်ခဲ့ပြီးတော့ .. အဲဒီထဲက ဒုတ်ယ မိန်းကလေးက သူ ၁၀ တန်းအောင်ပြီးတဲ့ နောက် ကျောင်းမပြီးခင်မှာပဲ ကိုယ့် ဌာနမှာ ၀န်ထမ်း ဖြစ်ခဲ့တာ.. သူတို့ ၄ ယောက် ရော သူ့ မိဘတွေက ပါ ကိုယ့်အပေါ်မှာ လေးစား ချစ်ခင် ပြီး.. အစစ အရာရာ ဂရုစိုက်ခဲ့ကြပါတယ်.. သူတို့ အဖေ က .. ရဲဘော်ဟောင်း တယောက် ဖြစ်ပြီးတော့.. တရက်မှာတော့ အဲဒီ ရပ်ကွက် ရဲ့ ရ.ယ.က ဥက္ကအဖြစ် ရွေးချယ် တင်မြှောက်တာ ခံရတာမို့.. သူတို့ အိမ်မှာ ဖုန်းတွေ ဘာတွေ လာတပ်.. လူတွေကလဲ စည် လို့ပေါ့... နောက် ၃ - ၄ လ လောက် ကြာတဲ့ အချိန်..ရ.ယ.က ရုံး မှာ အစည်းအဝေး လုပ်နေတုန်း.. ဗြုန်းဆို.. မူးလဲ လို့ ဆေးရုံး တင်ခဲ့ရပြီး.. ခြေတွေ လက်တွေ မလှုပ်နိုင် စကား လဲ မပြောနိုင်တော့တာမို့.. ဘယ်ချိန် သေမလဲ လို့.. အားဆေးလေး သွင်း၊ နှာခေါင်း ပိုက် လေး တပ်ရင်း စောင့်နေခဲ့ကြတာ.. ၁၀ ရက်ကျော် ကြာတဲ့ ထိ.. အခြေအနေက ပြောင်းလဲ မလာတာမို့ ဆေးရုံက သက်ဆိုင်ရာ ဆရာ ၀န်တွေ ကိုယ်တိုင်က အိမ် ကို ပြန်ယူ သွားတာပဲ ကောင်းမယ် လို့ အကြံပြုတာမို့ အိမ်ကို ပြန်သယ် ပြီး.. ရပ်ကွက် ထဲ လူတွေ နဲ့ စောင့်နေခဲ့ပေမဲ့.. နောက် ၄ နှစ်ကျော် ကြာတဲ့ထိ.. အိပ်ယာ ထဲ မှာ အဲ သလို ပက်လက် အသက်ရှင်နေလာ တာ ခု ထိ ပဲ လို့...ခုလောလော ဆယ် မှစင်္ကာပူ မှာ အလုပ်လုပ်နေတဲ့  သူ့ မိန်းမ ရဲ့ အရင် ပထမ ယောင်္ကျား နဲ့ ရခဲ့ သားအငယ် ဖြစ်သူက ပြောပြ လို့ အံ့သြ နေရတာပါ...
..............................................................

တကယ်တော့ သေခြင်းတရား ဆိုတာ ကျမတို့ မမြင်နိုင်သော အရာ သာ ဖြစ်ပါတယ်.. ဆရာဝန်က မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောပေမဲ့ .. မျှော်လင့်ချက်တွေ မဲ့ စရာ မလို သလိုပဲ... ကျန်းကျန်းမာ မာ ရှိနေပေမဲ့... ဘယ်နေ့ ဘယ်ရက် ထိ အသက်ရှိနေမယ်လို့ ဘယ်သူမှ အာမခံ နိုင်ပါဘူး...

ဒီစာ ကို.. ကျမတို့ အားလုံး ချစ်ခင်ရတဲ့ ချစ်သော အကိုကြီး ကိုကြီးကျောက် အတွက် ရည်ရွယ် ပါတယ်.. ရင့်ကျက်ပြီး.တည်ငြိမ်တဲ့ အကိုကြီး တယောက်.. အရာရာ ကို အေးဆေး စွာ နဲ့ ရင်ဆိုင်ကျော်လွှားမယ် ဆိုတာ ကျမ သံသယ မရှိပါဘူး...



ချစ်သော အကိုကြီး ရေ.. 
အားမငယ်ပါနဲ့ လို့လဲ အားမပေးပါဘူး..
စိတ်မပျက်ပါနဲ့ လို့ လဲ မတိုက်တွန်းပါဘူး..
မကြောက်ပါနဲ့ လို့လဲ မပြောပါဘူး... 
အားငယ်ပါ.. ဒါပေမဲ့ အားငယ်တာကို သိပါ
စိတ်ပျက်ပါ .. ဒါပေမဲ့ စိတ်ပျက်တာကို သိပါ
ကြောက်ပါ .. ဒါပေမဲ့.. ကြောက်တာကို သိပါ..
အရာရာ ကို သိနေတဲ့ ခါ.. အရာရာ ဟာ ကျော်လွှားပြီးသား ဖြစ်မှာပါ...

ချစ်တဲ့ညီမ

မမသီရိ



Wednesday, October 06, 2010

သူတို့ပျော်ကြသည်

သူတို့ပျော်ကြသည်..
သစ်ရွက်ကလေးတွေစိမ်းနေတာကြောင့် ပျော်ကြသည်
ကောင်ကင်ကြီးပြာနေတာကြောင့်ပျော်ကြသည်
မစားရသော လှလှပပ အစားများကို ကြည့်ရင်းပျော်ကြသည်
မ၀တ်ရသောလှလှပပ အ၀တ်များကို ကြည့်ရင်းပျော်ကြသည်
တယောက်မျက်နှာ တယောက်မြင်ရလို့ပျော်ကြသည်
အရည်မရ အဖတ်မရတွေ ပြောရင်းပျော်ကြသည်
နိုင်ငံအရေး လိုလိုတွေပြောပြီးပျော်ကြသည်
နိုင်ငံအရေး အစစ်တွေပြောပြီးပျော်ကြသည်
သာရေး နာရေး ဟိုအရေး ဒီအရေး ပြောပြီး ပျော်ကြသည်
သားရေး သမီးရေးပြောပြီးပျော်ကြသည်
နှလုံးသားအရေး  ခံစားချက်အရေး ပြောပြီးပျော်ကြသည်
ဝေးကွာနေသောမိသားစုတွေ ဆုံရလို့ပျော်ကြသည်
ဓါတ်ပုံလေးတွေ ရိုက်ရင်း ကြည့်ရင်းပျော်ကြသည်
ဝေဒနာမရှိသလို မေ့ပြီးပျော်ကြသည်
တချို့က ကြွားရလို့ပျော်သည်
တချို့ကလွမ်းရလို့ပျော်သည်
တချို့က ဝေဒနာတွေကြေငြာရလို့ပျော်သည်
တချို့က  ပျော်စရာ မကောင်းပဲနဲ့တောင်ပျော်ကြသည်
ပေါပေါလောလောရလို့ ဖြစ်ကောင်းဖြစ်မည်
တကဲ့ဘ၀ ကိုမေ့ချင်ကြလို့ဖြစ်ကောင်းဖြစ်မည်
စီးပွားရေးအရ ဈေးကွက်ချဲ့တာဖြစ်ချင်ဖြစ်မည်
ကိုယ့်ကုန်ပစ္စည်း ကြော်ငြာနည်းတမျိုး ဖြစ်ချင်ဖြစ်မည်
ဘ၀ အသစ်ရှာ ချင်ကြလို့ဖြစ်ကောင်းဖြစ်မည်
အလုပ်မရှိ အလုပ်ရှာ ပျော်နေကြတာဖြစ်ကောင်းဖြစ်မည်
အလုပ်ရှိ အလုပ်ထဲက ခိုးလို့ပျော်တာဖြစ်ချင်ဖြစ်မည်
ပျော်တာတော့ အမှန်ပျော်ကြသည်
ပုံရိပ်ယောင်နိုင်ငံတော် ထဲမှာ သူတို့ပျော်ကြသည်......................။


(ပုံရိပ်ယောင်နိုင်ငံတော် ဆိုသည့်စကားလုံးမှာ ဘလော့ဂါ မကေသွယ် ၏ မူပိုင်စကားလုံးဖြစ်ပါသည်။

အမှန်တကယ်ပျော်နေကြသောသူများ ကိုတွေ့မြင်ရပါသောကြောင့် မုဒိတာဖြင့်ကြည်နူးစွာရေးပါသည်)

မမသီရိ
၎.၁၀.၂၀၁၀

Friday, October 01, 2010

အစဉ်သာ

အလွမ်းတွေနဲ့ စီးချင်းထိုးတဲ့ည
ဒိုင်း ကာချိန် လဲ မရ
လွှား ကာချိန်လဲ မရ..
လှံချက်က တောက်လျှောက် စူးခဲ့တာ....

လရောင်ဆိုတာကလဲ ကိုယ့်ဖက်က မရှိ
ဆိုးလိုက်သည် အမျိုး..
သူ့ ရောင်စဉ် ရိုးရိုးလေးတွေထဲမှာပဲ
ချစ်သူ့ မျက်နှာ ကို အပြည့်ချိတ်ဆွဲ လို့
နှိပ်စက်ဖို့ အားယူ နေလိုက်ပုံ..

စံပယ်ရနံ့ အမျှင်အတန်းတွေရယ်
စီးမျော ဖက်တွယ် အားငယ်သူ ၀ါးကူလို့ ထိုး
အဖြူထည်ကလေး လွမ်းနေရုံ ပါကွယ်လို့
စကားပြေလေးနဲ့ လေချိုသွေးတာတောင်.....
.......
................
..........

ဆက်ရေး ရမဲ့ ကာရံတွေ သိပ်သည်းလွန်းတဲ့ အလွမ်းတွေကြောင့် အလိုလို ပိတ်ဆို့ရပ်တန့် သွား ရတယ်ရော..။ ခေါင်းထဲ က တဆစ်ဆစ် ထိုး ကိုက်ကိုက်လာတာမို့ ခေါင်းအုံးပေါ် အသာ အယာ ပြန်လှဲ ချလိုက်ရတော့တယ်..။
ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းလာခဲ့တဲ့ သက်တမ်းတလျှောက် တခါ တုန်းကမျှ ဒီလို မဖြစ်ခဲ့ ဖူးပေမဲ့ .. တနေ့ ည က တော့...............
တခြား မောင်းသူ တယောက်ရဲ့ နောက်မှာ လိုက်စီးနေခိုက် .. သူ နောက်လန် ပြုတ်ကျ ကျန်ခဲ့တာ..
ရုံး က လုပ်ဖော် ကိုင်ဖက်တွေက မသေကောင်း မပျောက် ကောင်း ဆရာ ရယ် လို့ မျက်လုံး ပြူး မျက်ဆန်ပျာ ပြောကြပေမဲ့.. သူကတော့ဒီ ပြုတ်ကျတာ လောက်လေးနဲ့ သေစရာလားလို့ တွေးနေမိသေး..
ပြုတ်ကျ လို့ ကတ္တရာလမ်းပေါ် ပက်လက်ကလေး ဖြစ်နေခိုက်.. အဲဒီပြုတ်မကျခင်လေးထိမှာ လဲ.. လရောင်မှုန်မှုန် ကို မော့ကြည့်ရင်း.. သူ့ မျက်နှာလေး မြင်ယောင်နေခဲ့တာပါ လို့ ပြောရင် သူမကလေး က ယုံမှာတဲ့လား.... ပုခုံးပေါ်စီးကျလာတဲ့သွေးတွေ ကို လက်နဲ့ အသာ အယာ စမ်းမိရင်း.. သူ့မျက်နှာလေး တွေ့ခွင့်မရခင်.. သူ့ နှုတ်ခမ်းလေး နမ်းခွင့်မရခင်.. မသေချင်သေး ဘူးလို့ .. တွေးနေမိတာ..
ဆေးရုံ အရေးပေါ် အခန်းမှာ နာ့စ်မလေးတွေ အနာ ကို အစိမ်းလိုက်ချုပ်တော့လဲ အော်ဖို့ သတိမရခဲ့ တာ.. သူ့ ကို လွမ်းနေခဲ့လို့ပဲပေါ့...

ခပ်ဟဟ ဖွင့်ထားတဲ့ ပြတင်းကြားက တိုးဝင်းလာတဲ့ လရောင်က အိပ်ဆေးတွေ သောက်ထားတာတောင် အိပ်ချင်စိတ်ကို ချုပ်နှောင်နိုင်တာ အံသြဖွယ်..

တဟုန်ထိုး.. တလိပ်လိပ်တက်လာတဲ့ လွမ်းစိတ်တွေ မချုပ်နိုင်တာမို့ ဘေးနားက ချထားတဲ့ စာရွက်နဲ့ ဘောပန် ကို ကောက်ကိုင်ရင်း ကဗျာတစ ချရေးမိတာ..... မချစ်ပါနဲ့တော့လားလို့ စိမ်းကား စွာ ပြောလာသူကလေး ကို အယူခံ မ၀င်ချင်တော့ပေမဲ့.. ရင်ထဲ ကို နယ်ကျော်လာတဲ့ အလွမ်းတွေ ကို ဘယ်လိုလုပ်ရမှာလဲ.. ငယ်ငယ် ကျောင်းသား ဘ၀ က ကူးထားခဲ့ဖူးတဲ့.. မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာ တပုဒ် ကို အသံ ထွက် ရွတ်ဆို မိတယ် ကောင်မလေးရေ..



အစဉ်သာ

မစီးနဲ့လေ.
ရေကိုတားနိုင်.. ဆို့ပိတ်နိုင်လည်း
မရွာနဲ့လေ
ရေငွေ့ရေမိုး.. စနေမိုးအား
ဘယ်သူတားမလဲ..
 
မလာနဲ့လေ
ဝေရီမှိုင်းခိုး ရနံ့ဆိုးများ
တံခါးသော့ချိတ်
အလုံပိတ်ကာ ထားနိုင်လည်း..
မတိုက်နဲ့လေ
ဟိုသည်မွှေနှံ့ လေပြေရူးအား
ဘယ်သူတားမလဲ..
 
မကြည့်နဲ့လေ
အနေစိမ်းစိမ်း တိမ်းဖယ်ရှောင်ချင်
ခင်နေနိုင်လည်း..
မမြင်နဲ့လေ
ဝေဒနာနွေး ခြေရာလေးထား
နှလုံးသားမှ .. ဆပွား ထောင်ရာ
သည်မျက်နှာ ကို...
ဘယ်သူတားလို့ ရမှာလဲ....


မောင်စိန်ဝင်း (ပုတီးကုန်း)


မချစ်နဲ့လေ..
ကိုယ်တိုင်တင်းခဲ့.တားဆီးခဲ့လဲ....
ကံအကြောင်းဆုံ.. ရေစက်ကြုံလို့
ရင်ခုန်ခံစား နှလုံးသားနဲ့
ရင်မှာ သိုဝှက် ..ရက်..လ များစွာ
နှောင်တွယ်လာခဲ့ ချစ်တဲ့ကြိုးတွေ...
ခိုင်မြဲနေပြီ..
ဘယ်လို ဓားနဲ့ ဖြတ်မှာလဲ..
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....
ဘယ်လိုအားနဲ့ ဖြတ်မှာလဲ....  ကွယ်....


မမသီရိ
၁.၁၀.၂၀၁၀

Saturday, September 25, 2010

အထွက်တိုး အလွမ်းများ

မိန်းကလေး တဲ့..
မာနဇာပုဝါ .. ခြုံထားတဲ့ ကြားမှာပဲ..
မယုံ နိုင်အောင် တိုး တိုး ထွက်လာတဲ့
အလွမ်း အစို့ အညှောက်လေးတွေ..

ဖြေသာသလို
ပြေရာပြေကြောင်းတရား
စဉ်းစားလိုက်တော့..
နေမသာဘူး ဆိုတာ .. နေမရှိတာ မဟုတ်..
လမသာဘူးဆိုတာ လမရှိတာမဟုတ်..

ကြယ်တွေကို မမြင်ရတာ ကြယ် မရှိလို့ မှ မဟုတ်ပဲ ကွယ်...
တိမ်ရိပ်တွေ ရယ်.. ဒါမှ မဟုတ် မြူ ရိပ်တွေ ရယ်
ဒါ မှ မဟုတ် နှင်း... .သိပ်သိပ် တွေ ရယ်...
ကွယ်နေလို့ မဟုတ်ပေဘူးလား....
သူ့မျက်နှာ မမြင်ရဘူး ဆိုပေမဲ့..
သူက ရင် ထဲ အမြဲ ရှိတာ ကို....

နေကြာအ၀ါ တွေ ထိန်နေအောင်ပွင့်နေတဲ့..
ကြည်ပြာရောင် ဥယာဉ်လေးထဲက
ဗီဇ ပြုပြင်မထားရသေးတဲ့
အလွမ်း အပင်ပေါက်ကလေးတွေ ရေ..
အလွမ်း အထွက်တိုးရေး..
အရွက်အားတိုးဆေး အပွင့်အားတိုးဆေး
သုံးပေးဖို့ မလို..
ဘိုင်အို မြေဆီတွေ မသုံး လဲဖြစ်နေမှတော့
ထွားချင်သလောက်သာ ဆက်လို့ ထွားနေလိုက်ပါတော့..
ရေလောင်းပေါင်းသင်
နေစဉ်ရက်ဆက် .. အရိပ်ကြည့်လျှက် ပျိုးမယ်...

အတွက်တိုး အလွမ်းတွေအတွက်..
အခွန်ဆောင်စရာ လဲ လိုမှာ မဟုတ်တာမို့.
ကျမက ဆက်လွမ်းမယ်လေ.. ဘာဖြစ်လဲ လို့ နော်......။


မမသီရိ
၂၄.၉.၂၀၁၀