Friday, August 13, 2010

အတွင်းကြေ

တကယ်တော့...
ပင်လယ်ကမ်းစပ်က လေနုအေး ရယ်
တောင်တန်းတွေပေါ်က လေပြေလေးရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
လတ်ဆတ်ခြင်းကတော့ အတူတူပါပဲ...

ပြီးတော့..
အိုအေစစ်ထဲက စမ်းရေအေးရယ်
ရိုးမပေါ်က စိမ့်ရေလေးရယ်
ဘာများကွာခြားလို့လဲ ကွယ်
ကြည်လင်ခြင်းကတော့ အတူတူ ပါပဲ

ကြည့်လိုက်အုံး...
ဆာဟာရက နှင်းဆီ ပွင့်ရယ်..
ဥရောပ က နှင်းဆီ ပွင့်ရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်..
မွှေးပျံ့ ရနံ့ က အတူတူ ပါပဲ...

တွေးကြည့်လိုက်တော့..
အချစ်ပုခုံး ပေါ်က လရောင်ရိပ်ရယ်..

အချစ်ပါးပေါ်က ရှက်ပြုံးလေးရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်...
ကြည့်နူးမှု ကတော့ တူခဲ့တာပဲ

အတူတူပါပဲ..
အာကာအစွန်အဖျားနားက တိမ်နုနုလေး တဆုပ်ရယ်
မှန်ပြတင်းတံခါး တခုနောက် ချစ်သူ့ အရိပ်ကလေးရယ်
ဘာများကွာခြားလို့လဲကွယ်
ထိတွေ့ ထွေးပွေ့ လို့မှ မရနိုင်တာပဲ..

ဒီလိုနဲ့ပဲ ..
မှိတ်ထားတဲ့ မျက်လုံးပေါ်က အိပ်မက်ကလေးရယ်
ပျော်စရာ ကောင်းတဲ့ အတိတ်ဘ၀ ဆိုတာရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
ဖမ်းယူ ဆုပ်ကိုင်လို့မှ မရနိုင်တာပဲ..

ရင်ထဲမှာ..
နာကျင် လွမ်းဆွတ်မှုတွေ နဲ့ ကြေကွဲနေပါတယ် အချစ်ရယ်.....။


မမသီရိ

Tuesday, August 03, 2010

အိပ်မက် နှင်းဆီ

နှင်းဆီ အိပ်မက် ဆူးတွေယှက်ရံ
...
အသံတိတ်ဆိတ် .. အိပ်နေတဲ့ ည
လောက အလှ မြင်မရမီ
မွှေးတဲ့ ရနံ့.. သင်းပျံ့ ချိုအီ..
ထုံကြည် ရီအေး... ပန်းကလေး ကို..
ရင်ဝယ် ထွေးပိုက်.. ခူးပစ်လိုက်ချင်
ရည်ရွယ် စိတ်ကူး အရူး အတွေး
လက်လေး လှမ်းအကြည့်..
ရှမိ တော့ မဲ့..
အိုး..... သူ့ဘေးမှာ ဆူး ကလေးတွေ...
.....
ရင်ဝယ် ရှိုက်မက် တသက်သက် နဲ့
နှင်းဆီ ရနံ့ သင်းပျံ့ပျံ့ ကို
နမ်းရှိုက်နေရင်း ပျော်ခင်းတွေစုံ
ပန်းသာ ဘုံနန်း လျှောက်တက်လှမ်း လို့..
သက်တန့် တံတား ဖြတ်သွား တဲ့ခါ..
ကြယ်တွေ နှုတ်ဆက် ဝှေ့ရမ်းလက်ပြ
ပန်းတွေ ကပျော်..
အော်သည့်ကျေးငှက် တောင်ပံယှက်လို့
သာယာတဲ့တေး.. ဖြည်းလေးစွာ ဆို..
အို... ဒီလောက  ပျော်စရာအလှနဲ့
သာယာလိုက်တာ
ဝေဒနာတွေ.. ဘေးကို ဖယ်ထွက်
ရင်ထက် အပျော် သိပ်ပျော်ပေမဲ့..
ဆူးတွေ နဲ့ ပန်း
လက်လှမ်းမရ.. နမ်းမ၀ တာ
ရင်ဝယ်တင်းကျပ် မကျေနပ်ဖူး
ပျော်ခွင့်တွေ ကြုံ ကမ္ဘာဘုံမှ
ရနံ့မွှေးမွှေး.. နှင်းဆီလေးကို..
မရမဖြစ် ပန်ပစ်လိုက်မယ်
ရည်ရွယ်လက်လှမ်း မျက်ကန်းအတွေး 
မဆုံးသေမီ....
...
..........................
ပန်းကလေးက 
တို့ဘေးမှာ ဆူး.. စူးနစ်ဥိးမယ်
မရူးစမ်းနဲ့ ကလေးရယ်..တဲ့
........
ရယူလိုဇော စိတ်မနော နဲ့
လှမ်းမိတဲ့ လက်.. လမ်းထက် ရပ်တန့်
ရင်မဆန့်အောင်
မွန်းကျပ်ခံစား ပန်းစကား က
မျှားကလေးသဖွယ် .. အသဲ ၀ယ်လာမှန်..
အပျော်ဟန်ပျောက်.. ရေကြည်နောက်ပြီ
ငှက်ကလေး ငို.. နေလဲ ညိုပြီ
အလွမ်းတာရာ ဝေဒနာ နဲ့
အိပ်မက် အပြင် လှမ်းထွက်ချင်တယ်
ဆူးတွေ ၀န်းယှက်
အိပ်မက်နှင်းဆီ
မပီ ၀ိုးဝါး
ဖြစ်သွားစေချင်
ရင်မှာ တိတ်ဆိတ်.. နိုးတ၀က်စိတ်နဲ့
နှင်းဆီ အိပ်မက်..
အိပ်မက်ပေါ်မှာ.
..
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
    နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.    


မမသီရိ

မှတ်ချက်။            ။ Draft နေ့စွဲပြန်ကြည့်မိတော့ ဒီကဗျာ ခေါင်းစဉ်တပ်ထားခဲ့တာ တနှစ်ကျော်ရှိခဲ့ပါပြီ.. ကဗျာစာကြောင်း တစ်ကြောင်းနဲ့ စထားတုန်း ရွာသားလေး(YTU) ဆီမှာ နှင်းဆီပန်းပုံတွေ တွေ့လို့ ဆူးပါတဲ့ နှင်းဆီ ပန်း ပုံ တွေလှမ်းတောင်းခဲ့တော့. သူကလဲ မတွန့်မတို ပို့ပေးခဲ့ပါတယ်.. ဒီ ဓါတ်ပုံ ရထားခဲ့တာလဲ တနှစ်ကျော် ကြာခဲ့ပါပြီ.. စတုန်းက ရေးဖို့စိတ်ကူးထားတွေပဲ ရေးဖြစ်သလားဆိုတာ မသေချာပေမဲ့ နောက်ဆုံး တော့ ခေတ်ဟောင်းပုံစံ ကဗျာလေး တပုဒ် ဖြစ်လာခဲ့ပါပြီ.. အမှန်တော့ ဒီကဗျာ ခေါင်းစဉ်ကလဲ ကျမ စိတ်ထဲ ကလေးဘ၀ ထဲ စွဲလမ်းခဲ့ဖူးတဲ့ ဒါရိုက်တာဦးဝင်းဖေရဲ့ အကယ်ဒမီလက်ရာ နှင်းဆီနီ အိပ်မက်.. ကို နှစ်သက်လွန်းလို့ ပေးမိတဲ့ အမည်လေးပါ.. 
ဓါတ်ပုံ အတွက် ရွာသားလေး ကို ကျေးဇူးမှတ်တမ်း တင်ပါတယ်။



Saturday, July 24, 2010

ဘာအကူအညီမှ မလို

စာစောင်တွေပေါ်
နေးလ် အတ်တ် (Nail Art) တွေ တွေ့တော့မှ
အော- လက်သည်းလေးတွေ ပြင်အုံးမှ လို့ တွေးမိ...

လှတ ပတ ကြွနေတဲ့
ကောင်မလေးတွေ မြင်မိ မှ
ငါ လဲ.. အလှပြင်ဆိုင် သွား အုံးမှ လို့ တွေးမိ

ကက်သရင်းဇီတာဂျူံး
ပြုံးနေတာ တွေ့တော့မှ
အော်.. အလှအပ တွေ ထိမ်း အုံးမှလေ.. လို့ စဉ်းစား မိ


ရေကူးဝတ်စုံ နဲ့
မော်ဒယ်လေးတွေ တွေ့တော့မှ
ခါး က အဆီ ပိုတွေ လျှော့အုံးမှ လို့ တွေး မိ

ကြော်လှော် ချက်ပြုတ်နံ့တွေ ရတော့မှ
တခုခု တော့ စားအုံးမှ ပဲလေ လို့ သတိရမိ

ပန်းရနံ့ တချို့
နှာခေါင်းနား လာတို့ တော့မှ
ရေမွှေးလေး တပုလင်းလောက် ၀ယ်အုံးမှ လို့ စဉ်းစားမိ..

ဘုရားကျောင်းဖက်ဆီက
ခေါင်းလောင်းသံတွေ ကြားမိမှ
အော်.. ဘုရား တရားလေးတော့ လုပ်အုံးမှ လို့ တွေးမိ

အဲသလောက်ထိ မှိုင်းမိမှုန်မှုန်ဝေနေခဲ့ပြီး မှ...
သူ့ ကို့ လွမ်းဖို့ အရေးကျတော့..
ဘာပဲ လုပ်လုပ် မလုပ်လုပ်
သတိရခြင်း သံပတ်တွေ တင်းနေတဲ့
တမ်းတ ဆွတ်ပျံ့ ခြင်းတွေ ပြည့်နှက်နေတဲ့ ရင်အုံ တအုံက..

ဘာကိုမှ
မြင်စရာ မလို..
ကြားစရာ မလို..
မွှေးစရာ မလို ..
ထိတွေ့ စရာ မလို..
အချိန်မရွေး
နေရာမရွေး
ရာသီမရွေး..
သူ့ ကိုချစ်ခြင်း တွေ နဲ့.သာ. လျှံ လျှံ စိမ်း စိမ်းစို........။


မမသီရိ

Sunday, July 18, 2010

မမေ့ပါနိုင်

မမေ့ပါနိုင် ဇူလိုင် ၁၉
မျက်ရည်မိုးစွေ 
နှစ်ရှည်လများ.. ကာလ ကား ရှည်..
ရာသီ တရွေ့ရွေ့.. နှစ်ဟောင်းရွှေ့လည်း..
ချစ်ခင်မြတ်နိုး .. အားကိုး အားထား.
ဇာနည်ဘွားတို့ .. သက်စွန့် ပြန်သွား 
ဤနေ့အားလျှင် ဘ၀င်စိတ်ထဲ
သွေးစိမ်းရှင်ဆဲ.. ထင်မြဲ ကို...။

မမသီရိ (၁၈.၇.၂၀၁၀)

အခဲမကျေသော၊ မွန်းကျပ်နေသော၊ ခြေကုန်လက်ပမ်းကျနေသော ခံစားချက်များအတွက်.. စာဖွဲ့ရန်အင်အား မရှိတော့ပါ .. စစ်မှန်ခဲ့သည်ဟု မဆိုသာသော်လည်း . အာဇာနည်များအား လွတ်လပ်စွာ ဂုဏ်ပြုခွင့်၊ တမ်းတခွင့်၊ လေးစားခွင့်၊ အားကျခွင့် ရှိခဲ့ဖူးသော လွတ်လပ်ခဲ့သော. အချိန်ကာလတခုဆီ ကို လှမ်းမျှေိာကြည့်မိသောအခါ.. အတိတ်ဆီမှာ မှုန်ဝါးဝါးမျှသာ။ အာဇာနည်နေ့ကို နတ်ဒေ၀ါ တွေကတောင် သိနေသလားမသိဘူးနော်.. မနက် ၁၀ နာရီပတ်ဝန်းကျင်ဆို နေဘယ်လောက်ပဲ သာနေသာနေ မိုးကလေးက စွေလာတတ်တယ်လို့.. ငယ်ငယ်တုန်းက မေမေ ပြောခဲ့တာလဲ သတိရမိပါသေး.. တဆက်တည်း ပဲ ရေဒီယိုက ဥသြဆွဲသံ ကို ရွာသားတွေကပါ လာရောက်နာခံပြီး ၀မ်းနည်းကြောင်း အသံတွေတိတ်ဆိတ်ပြီးငြိမ်သက်နေခဲ့ကြတဲ့ ငယ်ကာလတွေကို တမ်းတနေမိပါတယ်.. ညပိုင်း ၈နာ၇ီ သတင်းပြီးတဲ့အခါမှာတော့ ဗိုလ်ချုပ်ရဲ့ ထက်မြက်တဲ့ မိန့်ခွန်းများ ကို ရေဒီယိုကလေးဘေးနား ၀ိုင်းအုံ လို့ နားထောင်ကြ၊ 

ကဗျာဆရာလေး မိုးလှိုင်ည ဘလော့မှာ တင်ထားတဲ့ အာဇာနည်နေ့တို့မေ့သွားခြင်း ဆိုတဲ့ ကဗျာလေး ဖတ်မိတော့ ပိုခံစားရပါတယ်. အဲဒီကဗျာလေး က ဒီခေတ်လူငယ်လေးတွေရဲ့ အာဇာနည်နေ့ ခံစားချက်တွေ ကို မီးမောင်းထိုးပြနေသလားလို့...

ဒီနေ့ရက်ရောက်တိုင်း ဘယ်တော့မှ မရိုးနိုင်တဲ့ အဆိုတော် မေလှမြိုင် ရဲ့ အာဇာနည်နေ့ အမှတ်တရ တေးသီချင်းများ ကို ပြန်လည် ဖော်ထုတ်တင်ပြရင်း နဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုလိုက်ပါတယ်..။




အလေးပြုပါတယ်



အာဇာနည်နေ့ မမေ့အပ်ပေ


အာဇာနည်နေ့ တို့မမေ့


အားလုံးကိုချစ်ခင်လေးစားတဲ့ 

မမသီရိ

Monday, July 12, 2010

ချစ်ပန်းနေကြာ

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အလွန်တရာ လှပတဲ့ သမီးတော်လေး တပါး ကို မွေးဖွားထားတဲ့ ဘုရင်ကြီး တပါး အုပ်ချုပ်သတဲ့..။ ဘုရင်ကြီးဟာ သမီးတော်လေးကို မြတ်နိုးလွန်းတာမို့ သမီးတော်လေး စိတ်သဘော ဆန္ဒရှိတဲ့အတိုင်း လိုရာ ကို ဆောင်ကျဉ်း စီစဉ်ပေးတတ်တယ်။

သမီးတော်လေးဟာ ရုပ်ဆင်းရူပကာ ချောမောလှပတာနဲ့အမျှ နှလုံးသားကလဲ အင်မတန်မှ ဖြူစင်နူးညံ့သူလေး ဖြစ်တယ်.။ မင်းသမီးလေးက ပန်းပွင့်လေးတွေကို ချစ်မြတ်နိုးတယ်၊ လိပ်ပြာလေးတွေကို နှစ်သက်တယ်.. သစ်ပင်ပန်းမာလ်တွေရဲ့ အလယ်မှာနေရတာ နှစ်သက်သူလေးဖြစ်တဲ့အတွက်. သူမရဲ့ အချိန်တော်တော်များများကို သူမအတွက်ဖခမည်းတော်သီးသန့် ဆောက်လုပ်ပေးထားတဲ့ ဥယာဉ်လေးထဲ မှာပဲ ကုန်လွန်စေသတဲ့..

မင်းသမီးလေး ရဲ့ ဥယာဉ်လေးထဲမှာ.. ချစ်စရာကောင်းတဲံ့ ငှက်ကလေး တွေ က အမြဲ တေးသီချင်းတွေ ကို သီကြွေး နေတတ်ပြီးတော့..၁၂ လ ရာသီလုံး လိုလို အမြဲ မပြတ်ပွင့်နေတတ်တဲ့ ရောင်စုံပန်းပွင့် တွေ အမျိုးမျိုး အထွေအထွေ ရဲ့ ကြားထဲမှာတော့ လိပ်ပြာလေးတွေ မြောက်များစွားဟာလဲ လူးလာခေါက်တုန့် ပန်းဝတ်မှုန်တွေကို သောက်သုံးရင်းနဲ့ နေခြည်ဖြာ လင်းလက်တဲ့မိုးကောင်းကင်အောက်မှာ ပျော်ရွှင် မြူးတူး နေကြတာပေါ့..။ အဲဒီဥယာဉ်လေးထဲမှာသစ်သီးတွေကလဲ အပြွတ်လိုက် အခိုင်လိုက်သီးမှည့်နေပြီး ..တောသတ္တ၀ါလေးတွေကိုဘေးမဲ့ပေးထားတဲ့နေရာလေးဖြစ်လို့...သမင်ပေါက်စလေးတွေ၊ ယုန်ကလေး တွေ၊ ဒရယ်ကလေးတွေ အစ ရှိတဲ့ တော သတ္တ၀ါလေးတွေ အတွက် အလွန်အဆင်ပြေတဲ့ ဥယျာဉ်ကလေး ပဲ ပေါ့..။

မင်းသမီးကလေးရဲ့အဲဒီ  ဥယျာဉ်ကလေးကလေးဟာ.. အလွန်တရာကြည်လင်လှပတဲ့ ရေအလျင်တွေ တသွင်သွင် စီးနေတဲ့ မြစ်ပြင်ကျယ်ကြီး ရဲ့ဘေးနား တခု ဆီမှာ ရှိနေတာတဲ့... နံနက်တိုင်း နံနက်တိုင်း နေထွက်လာတဲ့ မနက်ခင်း နေခြည်နုနု အောက်မှာ မင်းသမီးလေးက ပန်းပွင့်လေးတွေနဲ့ စကားပြောတယ်.။ လိပ်ပြာလေးတွေ နဲ့ ငှက်လေးတွေ သမင်၊ ဒရယ်၊ ယုန်ကလေးတွေ ကို တော့ ပုံပြင်လေးတွေ ပြောပြတတ်သေးသတဲ့..။

နေရောင်ရင့်လာတဲ့ နေ့လည်ခင်း အချိန်တွေ ရောက်လာတဲ့ ချိန်မှာတော့.. သစ်သီးပင်တွေ အောက်မှာ .. အရိပ်ခိုရင်း.. သူမ ရဲ့ လေ့လာ သင်အံစရာတွေကို သင်ယူကျက်မှတ်တာ တဲ့... မင်းသမီးလေး ဟာ ဥာဏ်ကောင်းသူ လေးလဲဖြစ်တာမို့လို့.. ပညာရှိတွေ သင်ပေးတဲ့ ကျမ်းဂန်စာပေတွေကို လျင်မြန်လွယ်ကူ စွာ သင်ယူတတ်မြောက်လေ့ ရှိသတဲ့..။ မင်းသမီးလေး ထိုးထားတဲ့ အနုလက်ရာ ပန်း နဲ့ ပန်းချီ တွေဟာ ဆိုရင်လဲ ပြိုင်စံရှား သတဲ့... ။ မြစ်ပြင်ကျယ်ကြီးရဲ့ ကမ်းနဖူး ဆီ မှာ မေးတင်ရင်း နောက်ကမ္ဘာ တဖက်ခြမ်း ဆီထွက်ခွာတော့မဲ့နေလုံးကြီးကို ကြည့်ရင်း ဆည်းဆာချိန်တွေမှာရေးသီဖွဲ့တဲံ့မင်းသမီးလေးရဲ့ တေးကဗျာ တွေကတော့ .. တိုင်းပြည်အနှံ့မှာလူတွေနှုတ်ဖျား သီဆိုကြတဲ့ တေးကဗျာတွေပဲပေါ့..။ ပုဇွန်ဆီ ပုဇွန်သွေး နဲ့ပန်းရောင်ပြေးနေတဲ့ ညနေဆည်းဆာ အလှဟာ မင်းသမီးလေးကို အမြဲတမ်းပဲ ဖမ်းစားထားတတ်သတဲ့..။ မြစ်ပြင်ပေါ်မှာ ဟိုကို သည်ကို ပျံ သွားနေကြတဲ့ စင်ရော်ငှက်ကလေးတွေဟာလဲ မင်းသမီးလေးရဲ့ ဇာတ်လိုက်တွေပဲပေါ့..။ 

ဒီလိုနဲ့.. မိုးတိမ်တွေထူထပ်တဲ့ ရာသီတခုကိုရောက်ရှိလာခဲ့တယ်.. မိုးရိပ်တွေအုံဆိုင်းနေတဲ့ နေ့တနေ့ မှာတော့ နေရောင်မလင်းတာကြောင့် ဥယျာဉ် တော် အဆောင်လေးမှာ ပျင်းပျင်းတွဲ့တွဲ့ ထိုင်ပြီးငေးနေတဲ့ မင်းသမီးလေးရဲ့ ရှေ့မှောက်ဆီမှာ အလွန်တရာ ခန့်ညားလှပချောမောပြီး လေးစား အားကိုးဖွယ်ကောင်းတဲ့ လုင်ပျိုလေး တယောက် ရောက်ရှိလာခဲ့သတဲ့.. သစ်ပင်တွေ ပန်းပင်တွေ နဲ့ ငှက်ကလေးတွေ ရဲ့အလယ်မှာ လှပတဲ့မင်းသမီးလေးကို တအံ့ တသြ ငေးမောကြည့်နေတဲ့လုင်ပျိုလေးနဲ့ မင်းသမီးလေးဟာ မကြာမီ အတောအတွင်းမှာပဲ ခင်မင် သွားခဲ့ကြသတဲ့.. 

ဒီလိုနဲ့.. မိုးတိမ်တွေ ထူထပ်တဲ့နေ့တွေ တိုင်းလိုလိုမှာပဲ မင်းသားလေးဟာ မငိးသမီးလေးနဲ့ အတူတူ ရှိနေခဲ့တယ်.. သူတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကလဲ တနေ့ထက်တနေ့ ပိုပြီး ခိုင်မြဲလာခဲ့တာပေါ့..
သူတို့နှစ်ယောက်လုံးက တယောက်မျက်နှာ တယောက် မမြင်ရင် မနေနိုင်တော့ထိ ချစ်ခဲ့ကြတော့တယ်.. 
ပြီးတော့ ဒီတသက် ဘယ်တော့မှ မခွဲကြဘူး.. ဘာပဲ ဖြစ်ဖြစ် တသက်လုံး အတူတူ နေသွားကြမယ်လို့ ကတိတွေ အပြန်အလှန်ပေးခဲ့ကြသတဲ့..

မိုးတိမ်တွေထူထပ်တဲ့ ရက်ကလေး တွေ လွန်မြောက်လာခဲ့ပြီ...
သဘာဝ ပတ်ဝန်ကျင်းမှာ . အလင်းရောင်တွေ ပြန်လည်တောက်ပလာခဲ့ပြီ....
နေခြည်တွေ ဖြာလာတဲ့ မနက်ခင်းတခုမှာတော့.. အလှဆုံး အ၀တ်အစားတွေ .၀တ်ဆင် . အလှဆုံး မှုံ နံ့သာတွေ ချယ်သပြီး.. ချစ်သူအလာ ကို မျှော်နေတဲ့ မင်းသမီးလေး..က စိတ်တွေ လန်းဆန်း ကြည်နူးလို့ ပြူတင်းမှာ မြင်နေရတဲ့ လိပ်ပြာလေးတွေကိုတောင် လှမ်းကြွားလိုက်သေးသတဲ့ .. မင်းတို့ချည်းပဲချစ်သူရှိတာ မဟုတ်ဖူး ကွဲ့... ကျမ မှာရော... ကျမ ကို သိပ်ချစ်တဲ့သူ ရှိနေပြီ .. တဲ့...
အဲဒီ အခိုက်မှာ.. ပဲ ကသုတ်ကရက်နဲ့.. မင်သားလေး ရောက်လာခဲ့တယ်.. သူ့ ဖခမည်းတော်ပေးအပ်တဲံ့ ကြီးလေးတဲ့ တာဝန်တရပ်ကို ခုချက်ချင်းမဖြစ်မနေထမ်းဆောင်ရမှာမို့.. မင်းသမီးလေးနဲ့အတူ ရှိနိုင်မှာမဟုတ်ဖူး တဲ့.. ဒါပေမဲ့ တနေ့နေ့ မှာ မင်းသမီးလေးဆီ အရောက်ပြန်ခဲ့ပါ့မယ် လို့.. ကတိတွေ အထပ်ထပ်ပေးရင်း...အဝေးကို ထွက်ခွာ သွားခဲ့တော့တယ်...

အဲဒီအချိန်ကစပြီး .. ချစ်တဲ့သူ မင်းသားလေးပြန်အလာကို မင်းသမီးလေးဟာ.. နေ့စဉ်ရက်ဆက် အလွမ်းတွေ စက်လက်နဲ့မျှော်နေခဲ့တော့သတဲ့. တနေ့မှာတော့.. သူ့ချစ်သူ မင်းသားလေးဟာ.. သာမန်လူ တယောက်မဟုတ်ပဲ.. ကမ္ဘာလောက ကြီးကို အလင်းဆောင်ပေးနေတဲ့ နေမိမင်းကြီးရဲ့ သားတော် တပါးဖြစ်နေခဲ့ပြီး.. ဖခင်ရဲ့တာဝန်ကိုထာဝရလက်လွှဲပြောင်း ထမ်းဆောင်ရမဲ့သူတယောက်ဖြစ်တဲ့ အကြောင်း.. လိပ်ပြာလေးတွေရဲ့ ပြောစကား အရ သိသွား ခဲ့သတဲ့..

ဒါပေမဲ့လဲ.. သူ့ကိုပေးထားခဲ့တဲ့ကတိကို မင်းသားလေးမေ့မှာ မဟုတ်ဖူးဆိုတဲ့ယုံကြည်ချက်နဲ့.. မြစ်ကမ်းနဘေး ဆီ နေ့စဉ် နေ့စဉ် သွားရင်း... မနက်ခင်း နေထွက်တဲ့ အချိန်က စလို့.. နေ၀င်တဲ့ ထိ... ချစ်သူ နေမင်းရဲ့ မျက်နှာကို ငေးမော တမ်းတနေခဲ့ သတဲ့... နေရာကမထ . အလွမ်းတွေနဲ့ ငြိတွယ် နေသူလေးဟာ. .နောက်ဆုံးမတော့.. ခြေတွေလှုပ်မရဖြစ်လာခဲ့တယ်.. သူမလေးရဲ့ ခြေထောက်တွေဟာ ထူးဆန်းစွာ ပဲ အမြစ်လေး ဖြစ်နေခဲ့ပြီ တဲ့... နောက်တနေ့ မှာ တော့ မင်းသမီးလေးဟာ နေကြာပန်းလေး ဘ၀ ကို ရောက်နေခဲ့တော့တယ်....... သူ့ချစ်သူ နေမင်းသား ရဲ့ မျက်နှာ ကို တစိုက်မတ်မတ် နေထွက်က နေ၀င် တဲ့ထိ ကြည့်နေတာမို့... နေကြာပန်းတွေ ဟာ အမြဲတမ်းပဲ နေရှိရာကို မျက်နာမူ ထားသတဲ့......

..........................x..........x............x.............x................x..............................

ငယ်ငယ်က ရွှေသွေးမှာလာ တေဇ မှာလား မသိ ဖတ်ခဲ့ရပြီး အသက်  ၆ နှစ် ၇ နှစ် မှာတောင် လွမ်းရကောင်းမှန်း သိနေခဲ့ရတဲ့ ပုံပြင်ကလေးပါ..။ နေကြာပန်းတွေ မြင်တိုင်း အဲဒီ ပုံပြင်လေး ကို အမြဲ သတိရနေခဲ့ပါတယ်..။ ဖတ်ဖူးခဲ့တဲ့ ပုံပြင်လေး ကို ကိုယ့်ဖာသာ တန်ဆာဆင် ပြီး ပြန်ချရေးကြည့်မိတာပါ..။ ဓါတ်ပုံတွေကတော့ ၂၀၀၉ နွေ ရာသီ တုန်းက မွေးရပ်မြေ ပြန်တုန်း က .. ဆွေမျိုးတွေ ရဲ့ လယ်ကွင်းထဲ လိုက်သွား ရင်းရလာတဲ့ ပုံတွေ ပါ...။ အဖူး မှ အငုံ အငုံ မှ အပွင့်.. အဆင့်ဆင့်ကို ကံကောင်းစွာနဲ့ ရခဲ့တာ ... 

တချို့တွေက နေကြာ စိုက်မှ အနေကြာမှာ.. ဆိုလို့.. မစိုက်မနေရ .. စိုက်နေရတဲ့ နေကြာတွေ ..တဲ့....




တနေ့တနေ့ ရယ်နဲ့
တရွေ့ရွေ့ ကြာသထက်ကြာ
မယ့်ရင်ကို အပိုင်သိမ်းနိုင်ခဲ့
ချစ်ရသူ လူညိုနွဲ့ရယ်
ပေါ်မလာ ဆုံမှာဝေးတာမို့ 
ရွှေမျက်နှာ ငေးကာသာ မှန်းပါရ
လွမ်းအနာ ဒဏ်ရာတွေ အနန္တနဲ့.. ချစ်ပန်းနေကြာ..။

မမသီရိ

Sunday, July 04, 2010

မောင် ဂျီ

ယုံပါ ယုံပါ ဆိုတော့..
ယုံကို မယုံ ဘူး .တဲ့.... 

မယုံချင်လဲ နေကွာ.. ပြောတော့
ယုံချင်နေပြန်ရော ..ဆိုပဲ..


ယုံချင် ယုံ မယုံ ချင်နေ..လို့ ဘုတောမိတော့
မင်း က ဘာအချိုး ချိုးတာလဲ တဲ့..

ကဲ ..မခက်ပေဘူးလား..
မောင်.ဂျီ.. ကျမရဲ့ အချစ်တုံး ကလေးရယ်

ယုံချင် ယုံ မယုံချင်ရင်လဲ တကယ်နေပါတော့..

ရှင့် ကို ကျမ ချစ်တယ်....


မမသီရိ
၂၅.၆.၂၀၁၀

Monday, June 28, 2010

ချိန်းတဲ့ည

ဖွေးဖွေး လှုပ်အောင်ပွင့်နေတဲ့
ဇီဇ၀ါ ခြုံတွေရဲ့ နောက်အကွယ် ဆုံနေကျနေရာလေး
ချစ်သူ စောင့်နေတော့မှာ....


အဲဒီညခင်းရယ်လေ..
လမင်း ကလဲ သာ လို့..
ဝါဆိုပေမဲံ့.. မိုးက လိမ္မာ သတဲ့..

ခေါင်းလျှော်ထားတဲံ့ ဆံနွယ်တွေ
နှင်းဆီ မွှေး ရနံ့ သင်းပျံ့ အောင် .. လုံမ ပြင်ဆင်..

ညနေ ရေခပ်ဆင်းတုန်းက
ရွှင်ပြလွန်း တဲ့ လုံမ မျက်နှာ
သောက်ရေကန်နံဘေး..
ကစားနေကြတဲ့
ကလေးငယ်လေးတွေကတောင် တအံ့တသြ ငေးမော
ဟေး... လုံမ ပြုံးပြတယ်ဝေးးး.... တဲ့.....

အိမ့်နောက်ဖက် စမ်းချောင်းလေး ထဲ
လုံမ ရေဆင်းချိုးရင်း သီချင်းဆိုတော့
လိပ်ပြာလေးတွေ တောင်ပံ တဖျပ်ဖျပ် နဲ့ ကခုန်
ငှက်ကလေးတွေ က သီချင်းသံနောက်က သံယောင်လိုက်
စပျစ်နွယ်တွေ အနောက်ဖက်ဆီ မတော့
ယုန်ဖြူလေး နှစ်ကောင် ပြူတစ် ပြူတစ် နဲ့ ချောင်း ချောင်း ကြည့်
လုံမ ပျော်လို့ အားလုံးပျော်ကြသတဲ့..

ခုနှစ်စင်ကြယ်တွေ
အမြီးထောင်ချိန် အရောက် မတော့
လူကြီးတွေလဲ အိပ်မောကျကုန်ပြီ..

ဇီဇ၀ါခြုံ နောက်ဖက်ဆီက ဗျပ်စောင်းသံကလေး
ညင်ညင်သာသာ ထွက်ပေါ်လာ...

လုံမ ဆံနွယ်တွေက
နှင်းဆီရနံ့ နဲ့ မာယာ များလွန်း တယ်.. လို့
ပြောလာမဲ့ ချစ်သူစကား..ကြားယောင်ရင်း
လုံမ ပါးလေးတွေ.. ရဲရဲစွေ....

လုံမ လက်ကလေးတွေ က
ကြာရိုးလေးတွေလိုပဲ လို့
ပြောလာမဲံ့... ချစ်သူ့ ကိုယ်သင်းရနံ့
လုံမ အတွေး ထဲ ရောက်လာတော့
လုံမ ရင်တွေ ဗုံကလေး တလုံး လို မြည်...

ချစ်သူ တီးသမျှ တေးသွားတွေ
လုံမ နှစ်သက်လေသမို့...
ချစ်သူ့ ကျောပြင် အသာအယာ မှီရင်း..

အကြင်နာ ဗျပ်စောင်းသံစဉ်တွေ ကြား..
ကြယ်စင်တလင်း ဇီဇ၀ါတခင်းနဲ့
ရီဝေ ယစ်မူး.. အာရုဏ် ကူးချိန်ထိ
ချစ်သူ့ ရင်ငွေ့ လှုံ မွေ့ ဖို့ရန်..

အသာအယာ ခြေကိုဖော့..
ခန်းဆီး ကိုကျော့..
လုံမ... အခန်းထဲက ထွက်ခဲ့တော့ တယ်......။


မမသီရိ
၂၂.၆.၂၀၁၀

Monday, June 21, 2010

ဂန္တ၀င်အလွမ်း


ရာသီကိုက ရုပ်ပျက်ဆင်းပျက် လွမ်းရုပ်ဆင်နေခဲ့

တိမ်တွေ
လေနှင်ရာကို လွင့်ပါး
တောင်တန်းတွေနား အဆိုက်
မုတ်သုန်ဆိုတဲ့ ပညတ်အသစ်နဲ့ ဦးခိုက်..


နှင်းတွေ ဖုံးအုပ်ထားသလို
ဟန်ဆောင်ကောင်းနေတဲ့ အဲဒီတောင် အစွန်အထွတ်အဖျားတွေ
တကယ်တမ်းမတော့ အဲဒါ တောင်ခိုးဝေေ၀
လွမ်းသူတွေ လွမ်းအောင်သာ ထပ်စေရော့

လမ်းအိုအို နံဘေး
ဖုန်းကြိုး အိုအို လေးတွေ ထက်
မိုးစိုစို မို့ အချမ်းပို ငှက်ကလေး တို့

ဒွိယံ.. ဒွိယံ.. ဒွိယံ..ဒွိယံ..

ပူးပူးကပ် ဘေးချင်းဆိုင် အနွေးဓါတ်ထုံအကူး..

မောင်..

မောင့်ရင်ခွင် လွမ်းတယ် မောင် ရဲ့..


နေသာတုန်း က နေသာလို့ လွမ်း..
လသာတော့ လသာ လို့ လွမ်း..
အိပ်မပျော်တဲ့ ညတွေ ညဥ့်ငှက်ဲ့ လွမ်း..
အာရုဏ် အတက် အိပ်မက်နဲ့ လွမ်း
နေ၀င်ချိန်တိမ်အတောက် အမျှော်ထောက်လို့ လွမ်း.
အလွမ်းများ နဲ့ အလွမ်းဖျားနေတာ ရက်တွေ ကြာ သထက်ကြာ

ခုလဲ..
မိုးအသဲ
လေအသဲ
အလင်းဖျော့ ကောင်းကင် ကဗလာဝေ့အ၀ဲ
အဖြူရောင် အရိပ်တွေ တဖြုတ်ဖြုတ်ကြွေ နေတဲ့
အဲဒီ စကား ပင်.. ကိုင်း အဖျားနားမပေါ့..
ကျမရဲ့ ဂန္တ၀င် အလွမ်းတွေက ဆွတ်ဆွတ် ကျင်.......


မမသီရိ
၂၁.၆.၂၀၁၀

Thursday, June 10, 2010

ကမ်းပါးအလွန်.တိမ်သား နှင်း. မိုးစက်ပင်လယ်. အပြာရောင် ကဗျာများ နှင့် ညီမလေး

ရေဆာသလို ဆာလာတဲ့ ကဗျာရေးချင်စိတ်နဲ့
ညီမလေး ရေ.. မင့်ဆံပင် တိုတိုလေး တွေ ခါ ခါ နေတာ သတိရ
ငါ့ဆံပင်ရှည်ရှည်တွေ ကတော့ ရှုပ်ပွလို့..


ငါ့ ကို မချစ်ပါနဲ့ ညီမလေးရယ် လို့ ပြောခဲ့တာ ငါ ပါ ညီမလေး..
ပြီးတော့မှ ပြတင်းဘောင် ကို လက်မှီ ပြီး ငိုနေခဲ့တာ ငါ လေ..

ငါ့ ကဗျာတွေ အပြာ ရောင်ပြောင်းသွားတဲ့နေ့ က နင့်ရီမောသံလေး တွေ ညံညံ ကို စီ လို့

လက်ဆုပ် လက်ကိုင် မရှိတဲံ့ အချစ်နဲ့
နင် ဒီလောက် ပျော်သလား ညီမလေး ရယ်..

ဖက်တွယ်လို့ မရတဲံ့ မော်နီတာ ကို ထိုင်ထိုင်ငေးရင်း
ကြယ်တံခွန်တွေ ဖမ်းပေးပါ လို့ ပြောအုံးမလား ညီမလေး

ဒီလောက် ယူဇနာချီဝေးတာတောင်..
ခဏလေးဖက်ထားပေး ခဏလေးဖက်ထားပေးပါ လို့ ချွဲတတ်တဲ့ ညီမလေး.
စိတ်ကောက်ပြီဆို ငါ့ဆံပင်ရှည်တွေ ဖွ ပြစ်မယ်လို့ ခြိမ်းခြောက်တဲ့ ညီမလေး..
ခဏခဏ ဂစ်တာတီးပြ ပါ လို့ ပူဆာတဲ့ ညီမလေး
မြက်ခင်းရိုင်းလွင်ပြင်ထဲ လျှောက်ပြေးကြစို့လို့ အဖော်စပ်တတ်တဲံ့ညီမလေး .
အဲဒီ သမုဒ္ဒရာကြီး ကူးဖို့ လောက်များလို့ စိန်ခေါ်တတ်တဲ့ ညီမလေး..
သစ်ခွ ဗန်ဒါတွေ ပွင့်နေသရွေ့ ဆုံတွေ့ ခွင့် ရှိသေးတယ် လို့ ကြုံးဝါးတတ်တဲ့ ညီမလေး..
တောင်ပြာ တွေ မှိုင်းနေသရွေ့ အလွမ်းတွေ နဲ့ အသက်ရှင်မယ်လို့ကြွေးကြော်တဲ့ ညီမလေး..

နင့်သွား ညီညီလေးတွေ ငါတမ်းတ
နင့် ပါးချိုင့် ယောင်ယောင်လေး လဲ ငါ သတိရ
နင့်အသံစာစာလေးလဲ ငါ လွမ်းရ..

ညီမလေး

ညီမလေး ရယ်
နင် က ငါ့ ကဗျာတွေ ထဲမှာ ရှိတယ်
ငါ့ဂစ်တာထဲမှာ ရှိတယ်
ငါ့ နှလုံးသားထဲမှာ ရှိတယ်
ငါ့ အိပ်မက်ထဲမှာ ရှိတယ်
ငါ့ ရဲ့ ကွက်လပ်တိုင်းမှာ ရှိတယ်
ငါ့ ကို မချစ်စေချင်တဲ့ စိတ်နဲ့ နင့်ကို ချစ်မိရင်း ငါ ဒီကဗျာ ကို ရေးတယ် ညီမလေး..


မမသီရိ
၁၀.၆.၂၀၁၀

Wednesday, May 26, 2010

လွမ်းပါသော်လည်း

ပြီးခဲ့တဲ့လ ကဗျာတပုဒ် တင်ပြီးထဲက အလုပ်တွေ ဆက်တိုက် များခဲ့ပြန်တာကြောင့် ၊ ဘလော့လဲမလည်အား၊ ကိုယ့်ဘလော့လဲမကြည့်အား၊ ခရိးတွေဆက်တိုက်သွား..နဲ့..။ သင်တန်း အဆိုင်းမင့်တွေ တခုပြိးတခု ပိနေပေမဲ့.. ဘလော့ဖတ်ရတာ လွမ်းတယ်၊ ဘလော့မိတ်ဆွေတွေ ကိုလွမ်းတယ်၊ ကလေးတွေကိုလွမ်းတယ်။ တောင်တန်းပြာပြာကြီးတွေကို လွမ်းတယ်.. ခုရောက်နေတာဧရိယာအတိုင်းအတာအရ ကမ္ဘာ့အကြီး ဆုံးမြို့ကြိးမှာပါ၊ မြန်မာပြည်နဲ့ အလွန်တရာဆင်တူပါတယ်။ လွမ်းစရာ ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။ ဇွန်လလယ် လောက်မှာတော့ အေးအေးဆေးဆေး ဘလော့တွေ လည်နိုင်ကောင်းပါရဲ့..အားလုံး အဆင်ပြေ ကျန်းမာကြပါစေ...။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီ၇ိ

Friday, April 23, 2010

ဖြေလျှော့ခွေ

နေ့လဲ နေ့မို့..
မနက်အလင်း .အာရုဏ်ကျင်းရင်
နွေနေခြည်နဲ့
အိပ်တန်းထပြေး ငှက်ကလေးရဲ့
ချိုနွဲ့ ကာရံ သီချင်းသံနဲ့
သခင်အရောက် အမျှော်ထောက်မိ...

ညလဲ ညမို့..
လပြည့် လကွယ် ရွေးချယ်မထား
လေညှင်းဖြတ်သွား..
သစ်ရွက်ကြားက တီးတိုးလှုပ်သံ
သူ့ခြေသံလား နားစွင့်ထားရင်း..
ညဉ့်ငှက်ထပျံ တောင်ပံသံကို
မှီတွယ် ရှိုက်မက်
အိပ်စက် မပျော်..
သခင့် ကိုပဲ မျှော်မိတယ်...

နေ့ကလေးတွေ
တနေ့ပြီး တနေ့ ...
တရွေ့ ရွေ့ ကြာ......
ည ကလေးတွေ..
မှုန်ပြပြ သာ.....

အဝေးဆီမှာ .. သက်ထား သခင်..
အမုန်းဝင်လို့..
မကြင်နာတိမ်း စိမ်းခဲ့ ပြီလား...

လာလိမ့်လေနိုး.. မျှော်ကိုး မိတဲ့
မျှော်လင့်ချက်တွေ.....

စိတ်ကူးထဲက..
ပြန်ဆုံ ထွေးယှက်..အပျော်ရက်တွေ...
ရော်ရည် စိတ်မှန်း .. အိပ်မက်ကမ်း ကို..
နွမ်းသက်မပြေ... လွမ်းလျှက်မြေမှာ..
မျက်ရည်ဖြာ ရင်း...
နှမ လက်လျှော့ လိုက်ချင်ပြီ........။


မမသီရိ
၂၃.၄.၂၀၁၀

Saturday, April 17, 2010

မပန်ဖြစ်တဲ့ ပိတောက်ခက်မှတ်တမ်း


မိန်အနှောင်းပေလား..
ချိန်စောင်းခါ နွေလယ်ကျူးမှာ
မိုးဦးရဲ့ နိမိတ်ပုံ..
သင်းထုံစွာ.. ပန်းစုံပွင့်ချိန်တဲ့
မြူရိပ်ဆင်တံလျှပ်တွေ ရယ်
ဘယ်ဆီကို ငေးကာ ကြည့်ကြည့်
ဝေရီနေတယ်...

ဆောင်းနှောင်းမှာ ရွက်တွေ ကြွေခဲ့
နုသစ်ဝေ ဖူးတံချီလို့
အညှာမှာ မြရည်လိမ်း
လှလှစိမ်းပါတဲ့ ခိုင်ရွှေဝါ
သင်္ကြန်ခါ တန်ဆာဆင်ပေး
လဲ့ရွှေသွေး ပိတောက်ဝါ
လေအဝှေ့မှာ.. ပျံ့လာ ရနံ့ ရယ်က
ဥသြသံ လွမ်းပုံနွဲ့ နဲ့
ဆွေးစရာပါ..

လွန်လေတဲ့ ကာလ
နှင်းတွေ ဝေစ.. ဆောင်းလ ရဲ့ ဟေမာန်မှာ
ပန်စရာ ရှာလာကာ သူပေးခဲ့
သဇင်ဦး ဖူးညှာတွေက
ရင်ထဲ မှာ မွှေး ဆဲပေမို့
နွေအသက် ပိတောက်ခက်ကို
မေ့ ရဲ့ မောင် အဝေးဆီမှာမို့.
ပန်ဘို့ ကို ရှာသူ မဲ့ လို့ ရယ်
နွဲ့ ကေသာ ဆံညှာထက်မှာ
မေ ချူ ကာ မပန်ဖြစ်လိုက်
လွမ်း အစိုက် မျှော်တော်ယောင်

အိပ်မက်တွေ အတွေးစဉ်ထဲ က
စိုးမိုး မြဲ ချစ်သူ.. မောင်
သူလဲ လေ ဟိုအဝေး မှာ
နွေတန်ဆာ ပိတောက်လေးကို တဲ့
စိတ်တွေးကာ လွမ်းနေလေမလာ့..
ရင်ထဲ မှာ စာနာ စိတ်နဲ့ ရယ်..
တမ်း မိပါတယ်..။

တာသင်္ကြန် နှစ်အကူး
ဟောဒီနွေ လတန်ခူးမှာ
အလှထူးပါတဲ့ မြအဖူး ခိုင်ရွှေကို
ငိုင်တွေကာ မပန်ဖြစ်ပေမဲ့..

ဝသန်ခါ မိုးစက်နဲ့
တိုးဖက်လို့ ကြည်စယ်ကာ..
ပြည်သာယာ တိမ်ညို ကင်းခါမှ..
ငွေ ပွင့်လွှာ စံပယ်ခက်ကို လ
ရွှင်ကြည်စွာ မေ ဆင်မြန်းပါ့မယ်..
ပြန်ဆုံ ရန် လက်ရေ ချိုး
မျှော်ကိုးနေတယ်...။


မမသီရိ

5.5.1990

နေ့စွဲ အရ ဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ မနှစ်က သင်္ကြန်မှာ  အကိုအောင်သာငယ်၊ ကောင်းကင်ကိုနဲ့၊ မောင်ဖုန်းမြင့်တို့ စီစဉ်ခဲ့ တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ဆိုတဲ့ သင်္ကြန် ကဗျာစုမှာပါဖူးပြီးသား ပေမဲ့ သင်္ကြန်နဲ့ အမိမြေကို လွမ်းနေသူတွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Wednesday, April 07, 2010

ပိတောက်နဲ့ထပ်တူ


တောင်ပံတစုံ သာ ရလိုက်လို့ကတော့
ဘာပြောကောင်းလိမ့်မလဲ မောင် .. ရေ ..
မောင့်ဆီရှေ့မှောက် ခု အရောက်ပျံခဲ့မှာပေါ့ ကွယ်...

တိမ်တွေက ဘာလို့ ဒီလောက်အုံအုံ ဆိုင်းနေမှန်း မသိဘူး
တိုက်တဲ့လေတွေကလဲ အိုက်လှောင်လို့

ရွက်နုတွေ ဝေနေတဲ့ ပင်ပျို ပင်အို ထက်မတော့ 
ပိတောက်ဖူးတွေက နှစ်ကူး မိုးကို ကြိုလင့်လို့

ဟို တောအုပ် ညိုညို ဆီ နားမတော့
လွမ်းဆွတ်ကြင်ဖွယ် တေးကဗျာတပုဒ် ဥသြလေးက သီ လို့..

ရေတွေခမ်းခြောက်နေတဲ့ မြစ်ဝှမ်းဘေး တဖက်တချက်ဆီ မှာ
တချို့သစ်ပင်တွေက အရွက်ကြွေ.. တချို့သစ်ပင်တွေက အရွက်ဝေ လို့..

ကျမအလွမ်းတွေ မျှော ဖို့ စမ်းရေတွေ တောင် မရှိတော့ပါ လား မောင် ရဲ့..
ငုတွေ က ကျမကို လှောင်တယ်
လွမ်း တတ်လို့ လွမ်းတာလား.. တဲ့
တနှစ်မှာ ၃ ခါ.. တခါ ပွင့် တရက်သာ စွင့် တဲ့. ပိတောက်တွေ ကို
သူတို့ မယှဉ်နိုင်ပဲ နဲ့များ..
ကျမ ကိုလှောင်ရဲ သလား လို့ မေးစမ်းချင်ပါ ဘိ မောင်.. ရေ.


တကယ်ဆို..
မောင့် ကို ချစ်တဲ့အကြောင်း
ကျမ က ပိတောက်သက်သေနဲ့ ပြချင်တာလေ..
သက်တမ်း သန်းချီပြီ ဖြစ်တဲ့ ဒီ ကမ္ဘာ
ခေတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းပြောင်း
သူ့ ပွင့်ချိန်က ပြောင်းမှ မပြောင်းတဲ့ ဟာ..
နွေ ကိုချစ်တယ်.. နွေမှာ ပဲ ပွင့်တယ်
နွေမှာ တောင် နှစ်သစ် ကူး ချိန်မှ.. 
ကဲ.. ဘယ်လောက် သစ္စာ မြဲ သလဲ လို့..

ကျမ လေ....
မောင့်ကို... သိပ်လွမ်းတယ်..
ပြီးတော့...
ပိတောက်တွေ နွေ ချစ်သလို..
ကျမလဲ မောင့် ကို.. ချစ်တယ်.. မောင်....။


မမသီရိ
၈.၄.၂၀၁၀

Monday, April 05, 2010

ပုလဲသွယ်


အလွမ်းကို သီ...
ညီပါပေ့ ဒီ လည်ရွဲ

ကမ္ဘာချီ ..ဝေးကွာခဲ့သည် မို့
ရွှေရင်မှာ မရွှင် နွမ်းတယ် ကွဲ့
ကျမျက်ရည်.. ပုလဲ....။


မမသီရိ
၃.၁၂.၂၀၀၉

Thursday, April 01, 2010

ချစ်သူ့.. နှင်း..

တရံတခါ ပေါင်းများစွာ၌
ကံကြမ္မာ ဆိုသော ထိုအရာ သည်...
မျက်နှာသာ ပေးလိုသူကိုသာပေး၍
ကံဆိုးသူများ အတွက်မူကား..
မေ့ယောင်ပြု စိမ်းကားစွာ
ရှောင်ခွာ သွား တတ်ပါပေ..၏..။
...
....
....
နှင်း.. တဲ့.
...
နှင်း.. ရေ...
အား ကျမိပါရဲ့ နှင်း အဖြစ်ကို..
မိုးလိုလဲ မစို စွတ်..
နွေလိုလဲ သွေ့ခြောက်မနေ..
ဥယျာဉ်မှူး ရဲ့ ပန်းကလေးတွေ က
နှင်း ရှိမှ ပျော်သတဲ့..
နှင်း ကြောင့် ရှင်သန်..
နှင်း ကြောင့် မွှေးပျံ့..
နှင်း ကြောင့် လတ်ဆတ်..
နှင်း ကြောင့်..
ဥယျာဉ်မှူး ရဲ့ ဥယျာဉ်လေးကစိုပြည်ခဲ့
..
ဟော.. ကြည့်...
လိပ်ပြာလေးတွေ ၀ဲ လို့..
နှင်း တွေ ထဲမှာလေ..
..
ဟော.. ကြည့်..
နှင်း မှုန်လေးတွေ က ဝေ့လို့..
နေခြည် နု ထဲ မှာလေ...
...
ဟော.. ကြည့်..
ငှက်ကလေးတွေ ကခေါင်းပြူ ကြည့်
နှင်း ကြောင့် လှတဲ့ မနက်ခင်းလေး ကို...
...
နှင်း .. ရေ..
ဥယျာဉ် မှူး က ပြော သကွဲ့..
နှင်း.. ကြောင့်သာ.. အရာရာ..တဲ့
..
နှင်း... ရေ..
ကြား မိရဲ့ လား..
ဥယျာဉ်မှူး ရဲ့ နှလုံးသား..
...
နှင်း.. ရေ..
ကြား မိရဲ့ လား..
သူ.. လိပ်ပြာလေးနဲ့ ပြောခိုင်း သတဲ့..
နှင်း.. ကို .. သိပ် ချစ်တဲ့ အကြောင်း..
..
နှင်း..သာ.... ထာဝရ..
နှင်း... သာ.. သူ့ ကဗျာ...
နှင်း... က.. သူ့ မိုး ကောင်းကင်
သူ့ ဥယျာဉ်လေး အတွက်.
နှင်း.. ကို ပဲ လို အပ်သတဲ့..
နှင်း..
နှင်း..
နှင်း.. ကြောင့်..
နှင်း..သာ..
နှင်း.. မို့..
နှင်း... က..
နှင်း.. နဲ့...
နှင်း... ထံ...
...
..
နှင်း.... ရေ..........
ကြား မိရဲ့ လား..
နှင်း.. ကံကောင်းတဲ့ အကြောင်းတွေ..
..
နှင်း .. ရေ.......
ကြားမိရဲ့ လား..
သူ့ သံစဉ် တေးသွား တွေ...
...
..
နှင်း.. ရေ့.
တချက် လောက်တော့ နားစွင့် ကြည့်လိုက် ကွဲ့
သူ့ ဥယျာဉ် နံဘေးမှာတော့
တီးတိုး ငို ရှိုက်သံ သဲ့သဲ့..
...
နှင်း.. ရေ
ကြား မိစေချင် ခဲ့..
နွေ ရဲ့ ငို ရှိုက်သံ
....
နှင်း.. ရေ..
မြင် မိစေချင် ရဲ့..
မိုး.. ရဲ့ မျက်ရည်တွေ...
..
နှင်း ...ရေ...
နှင်း.. လို ကံမကောင်း လေတော့..
နှင်း ရေ..ဒီမှာတော့ မျက်ရည်တွေနဲ့....။


မမသီရိ
25.6.2009