Monday, November 09, 2009

ပိုင်စိုး ပိုင်နင်း

အတူတူနေဖြစ်ကြတဲ့အခါ ..

ရှင်.. ဂစ်တာတီးတော့..
ကျမ ဘေးက ထိုင်နားထောင်မယ်..
ကိုယ်နှစ်သက်တဲံ့ သံစဉ်တွေ ဆို
သီချင်းလေး လိုက်ငြီး ရင်း နဲ့...

ခဏနေကြာတော့..
ရှင့်ပုခုံးပေါ် ခေါင်းလေး မှီလို့..
ရှင့်ကျော ပြင် ဖွဖွလေး သိုင်းဖက် ထား ...

အိပ်ယာဝင်နောက်ကျတတ်တဲ့ ရှင့်ကို..
မျက်စောင်းထိုး လို့ ကျမ ဆူမယ်..
ရှင် အိပ်ပျော် တဲံ့ ချိန်ထိ ဘေးနား က ကျမ ထိုင်စောင့်ရင်း...
ရှင့် ရင်ဘတ်ပေါ် စောင်ကလေး လွှာပေးလို့..

မနက် မိုးလင်းတဲံ့ အချိန်..
အတင်းဆွဲ လို့ နှိုးထ..လေ့ကျင့်ခန်း လုပ်
ပျင်းကြောလေး နဲ့ ကျောဆန့် မနေနဲ့..
ရှင့် အတွက် ကော်ဖီ ခွက်ကလေး က စားပွဲပေါ်မှာ....


ခု လောလော ဆယ်မတော့..
ကျမတို့ ကြားက မိုင်တိုင်တွေ ကျဉ်းသွားအောင်..
ရှင်.. ရှေ့ ကို တလှမ်း စီ.. တလှမ်း စီ တိုး ခဲ့...
ကျမ လဲ တလှမ်း ချင်း တလှမ်းချင်း.. လှမ်း ခဲ့ မယ်...

(ခဏ... နော်.).. မှာ စရာလေးတွေ ရှိသေးတယ်..

စိတ်ညစ်စရာတွေ လာ လာ မပြောနဲ့
သိပ်ချစ်တာတွေ ပဲ ပြော...
ဝမ်းနည်းစေသော အကြောင်းတွေ မြှပ်နှံ သဂြိုလ် လိုက်တော့..
ဒီမှာ.. ရှင့်အတွက်.. နွေးထွေး တဲ့ ရင်ခွင်တခု ရှိနေပြီ....

အွန်လိုင်း ပေါ် ခဏခဏ မတက်နဲ့
အွန်လိုင်း မှာ အကြာကြီး မနေနဲ့..
ကောင်မလေး တွေ ပြုံး ပြုံး မပြ နဲ့..
တယ်လီဖုန်းပြောရင် အသံ တွေ မချိုနေစေနဲ့..
ကားမောင်းတာ ဂရုစိုက်မောင်း...
သစ်သီးတွေ များများ စား...
အိပ်ရေးပျက်မခံ နဲ့...
ကျန်းမာရေး ဂရုစိုက်..
ဒေါသ မထွက်အောင်နေ..
အစွန်းလေး ပါး လွတ်အောင် ကျင့်..
ဝမ်းမနည်းအောင် ကြိုးစား...
လမ်းသွားတဲ့ ခါ ခေါင်း ငုံ့မထားနဲ့..
ဆံပင်တွေ သေသေသပ်သပ် ဖြီး..
စီးကရက်သောက်တာ ဖြတ်လိုက်ပြီလား.
(မဖြတ် ရသေး ရင် ဖြတ်လိုက်တော့..)..
အရက်သောက်တာ မကြိုက်ဖူး...
အဆီများ တဲ့ အစား အသောက်တွေ ရှောင်..
အရာရာ ကို ရင်ဆိုင်နိုင်အောင်ကြိုးစား...


အရေးအကြီးဆုံးက..
ကျမ.. ရှင့်ကို ချစ်တယ်...
အဲဒါ ... ဘယ်တော့မှ မမေ့လေ နဲ့......။

PS:
ရှင်စားချင်နေတယ် ဆိုလို့..
ကျမ ချဉ်ပေါင်ကြော်ဖို့ ရယ်..
ပဲပြုတ် ပြုတ်တတ်ဖို့ရယ် လေ့ကျင့်နေပါတယ်..
အတူတူ နေကြတဲ့ အခါ.. ချက်ကြွေးချင်လို့ပါ......။



မမသီရိ

Saturday, November 07, 2009

Memory of Yangon 2008

၂၀၀၈ ခု ဖေဖေါ်ဝါရီတုန်းက အလုပ်ကိစ္စတချို့ နဲ့ ရန်ကုန်ရောက်ဖြစ်ခဲ့ပါတယ်။ မြင်တာ တွေ့တာလေးတွေ ဟိုရိုက် ဒီရိုက် လုပ်ထားခဲ့မိတာ .. တနေ့က ဓါတ်ပုံ file တွေ ပြန်ကြည့်ရင်း သတိတရ ဖြစ်လာလို့ ရန်ကုန် လွမ်းနေသူတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ ခုလောက်ဆို မြင်ကွင်းတွေက ပြောင်းနေမလားတော့ မပြောတတ်.. ။

(၁)

ဒီပုံ က ဘယ်နားက ရိုက်ထားတာလဲ မှတ်မိကြမလား မသိဘူး...။

(၂)


အမှန်က လက်ဖက်သုပ်ဆိုတာ ကိုယ်နဲ့ မတည့်ဆုံးသော အစား အစာ.. ဒါပေမဲ့ .. ကြွရွနေတဲ့ နှစ်ပြန်ကြော် အကြော်တွေ.. လက်ဖက်ရွက် နုနု လေးတွေ.. တလုံးကြက်သွန်ဖြူ လေးတွေ.. ကုလားအော်ငြုပ်စိမ်းဖြူဖြူလေးတွေ မြင်တော့ မနေနိုင်မထိုင် ၀ယ်မိတော့တာ..။ တည်းတဲ့ ဟိုတယ်ပြန်ရောက်တော့ တို့ယုံလေး တို့ကြည့်ပြီး... ဟိုတယ်က တာဝန်ကျ ကလေးတွေ ပေးစား ခဲ့ရရော...း).... အဲဒါ တခါ တည်း မဟုတ်ပဲ... နေခဲံ့တဲံ့ ရက်တွေမှာ နေ့တိုင်း သွား ၀ယ် ပြီး.. နေ့တိုင်း ပေးစား ခဲ့ရတာ...း)... ။


Justify Full(၃)
ရန်ကုန်မြို့လည်တနေရာ.. အပေါ် က ရိုက်ထား ခဲ့တာ... ဘယ်အပေါ် ကလို့ ထင်ကြပါ သလဲ.......း)....။

(၄)

ကျမ ရောက်ခဲ့တုန်းက.. ဒီအဆောက်အဦကြီး ကို.. ဟို ပုဂ္ဂိုလ် က ၀ယ်လိုက်ပြီ .. ပြန်ပြင်တော့မယ်.. ဟိုတယ် လုပ်မလား မသိဘူး ဆိုတဲ့.. ကောလဟာ လတွေ ထွက်နေတော့ .. ၀မ်းနည်းစွာ နဲ့.. အချိန်ရ တိုင်း.. ကျမ အဲဒီရှေ့ သွားပြီး ကြည့်ခဲ့တယ်... ခု တော့ ဘာဖြစ် ကုန်ပြီ လဲ မသိတော့.... အဲဒီ သမိုင်းဝင် အဆောက်အဦကြီး..ကို တကယ်သာ ရောင်းခဲ့ တယ် ဆိုရင်တော့....... ကျမတို့ ဘယ်လို အစား ထိုး မှု မျိုးနဲ့ ဖြေသိမ့်ရမှာ လဲ...။

အဲဒီရှေ့ မှာ...ထိုင်နေတဲ့ လူအုပ်စုတွေ က နိုင်ငံခြားထွက်ဖို့ ပတ်စပို့တ် လုပ်တဲ့ သူတွေ.. မနက် က ည ထိ အပြည့် ရှိနေတာ တွေ့ခဲ့ ရတယ်..။

(၅ - က)


(၅-ခ)

(၅-ဂ)

ရောက်စ တည နေခင်းမတော့ တည်းတဲ့ ဟိုတယ်ရှေ့နားလေး ထွက်ကြည့်တုန်း . လူတွေ စုရုံးနေတာတွေ့လို့ သွား စပ်စု ကြည့်တော့ အသက် ၁၁ အရွယ် ကလေးလေး တယောက် ပန်းချီ ထိုင်ဆွဲ နေတာ တွေ့ ခဲ့ရတယ်.. ဆဌမ တန်းကျောင်းသားလေး ပါ..။ မျက်စိရှေ့မှာ တင်.. ပုံတွေ တခုပြီး တခု စိတ်ဝင်တစား နဲ့မနား တမ်း ဆွဲနေ တဲံ့ ကလေးလေး ကို အံ့သြဖွယ်ရာ တွေ့ခဲ့ရတယ်..။ လက်ရာတွေ ကလဲ မဆိုး ဘူး ပြောရမှာ.. သူ့ အဖေနဲ့ အမေနဲ့ က ဘေးနား မှာ စောင့်ပေးနေတယ်.. မိဘတွေ ခွင့်တောင်းပြီး ဓါတ်ပုံ ရိုက် စကားလေး နဲနဲ ပါးပါး ပြောဖြစ်ခဲ့တယ်.။ ညနေ ကျောင်းအားချိန်တွေ မှာ.. ဟိုတယ် တွေ နား မှာ ပန်းချီ ထွက်ဆွဲ ပြီးမိဘတွေ ကို လုပ်ကျွေးနေတာ ပါတဲ့.. သူ့ အဖေ က လဲ ပန်းချီဆရာ တယောက်ပါ .. ဒါပေမဲ့.. သူ့ ပန်းချီကားတွေ ကို ရောင်းလို့ရအောင် တင်မဲ့ နေရာ အခက်အခဲ .. နဲ့ကျန်တဲ့ အခက်အခဲ လေးတွေ ရှိနေလို့ ၀မ်းရေးအတွက် အတော်လေး ပင်ပမ်းကြပါသတဲ့...။ သားကလေးက ငယ်ငယ် ထဲ ပန်းချီ ၀ါသနာပါပြီး.. အဖေ ပန်းချီ ဆွဲတဲ့ အနား အမြဲ နေတတ်သူ .. နောက်တော့ သူကိုယ်တိုင် စမ်းဆွဲ လာတော့.. လူမြင်ကွင်းမှာ.. ဆွဲ ပြီး ရောင်းကြည့် ဖို့ အကြံ ရပြီး .. စ ရောင်းခဲ့ ကြတာ တဲ့... ခုတော့.. ကလေးလေး ရဲ့ လုပ်အားနဲ့ သူတို့ ထမင်းစာဖို့ အတော် အသင့် အဆင်ပြေတယ် လို့ သိခဲ့ ရတယ်..။ ၅ မိနစ် ကနေ မိနစ် ၂၀ အတွင်းအပြီး ဆွဲ တဲံ့ ပန်းချီ တကားရဲ့ တန်ဖိုး က ကျပ် ၅၀၀ နဲ့ ၁၀၀၀ ပါ..။ ဓါး တချောင်းနဲ့ စုတ်တံ အရွယ်အစား အမျိုးမျိုး ကို သုံးပြီး တမဟုတ်ချင်း လက်တမ်း ဆွဲ နိုင်တဲ့ ကလေးလေး ရဲ့ အနုပညာ ဗီ ဇ လေး ကို ချီကျူး မိပြီးတော့ အနာဂတ်မှာ ထူးချွန်တဲ့ပန်းချီ ဆရာ လေး ဖြစ်ဖို့ .. ဆုတောင်းပးခဲ့တယ်.။


(၆)
ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းဈေး ထဲ က ပန်းချီကားတွေ ရောင်းတဲ့ တနေရာပါ..။



မမသီရိ


Friday, November 06, 2009

ညီညီ


ညီညီရေ..
ရှေးဟောင်း၈ရိတွေရဲ့
နတ်ဘုရားလေး တပါး ဟာ မင်း ပဲပေါ့....
ကြေးဝါ ရောင် အသား အရည် နဲ့
ခွေကောက်ကောက် ဆံ နွယ်တွေ..
နေခြည်မှာ ဆို ရွှေ အို ရောင်လက် လို့...

လင်း လဲ့ မျက်ဝန်း ပြာ ပြာ မှာ...
ကော့ ညွှတ်နေတဲ့ မျက်တောင်တွေ...
မဲ နက် တဲ့... မျက်ခုံး တန်း နဲ့...
ဆုတောင်း ကောင်းခဲ့တဲ့ ကလေး...
သွား ကလေး တွေ ဖွေးဖွေး ဥလို့ စီ...
ညီ ညာ ပါ ပေ့...
နီထွေး နှုတ်ခမ်းပါး ကလေးက ထော်ထော်..

မေမေ ရေ.. လို့အော် ခေါ်တဲ့ အခါ...
နိုက်တင်ဂေးလ် ငှက်ကလေးရဲ့ အသံသာ သလိုပဲ လို့...
ညီညီ့ မေမေ က ထင် သတဲ့....

တန်ဆောင်မုန်း လ..
နက္ခ စုံ ညီ ၀န်းရံ ခ စား...
လပြည့် နား ရဲ့ တဖက်.. ခု လို တရက် မှာပေါ့
မေမေ က ညီညီ့ ကို...
အပြုံးချိုချို တွေနဲ့ . ထွေးပွေ့ ခဲ့တာ ကွဲ့....

ညီညီ ရေ...
ညီညီ့ မေမေ ပြောတဲ့ စကား.... ကြားနေပါ သေး ရဲ့..
မေတ္တာ မပါ တဲ့.. .ည.. အပြာ တွေ ကြောင့်...
ဆောင့် ကြီး အောင့်ကြီး... လွယ်ခဲ့ရတဲ့ သား....
သူ့ ၀မ်း ကြာ တိုက် ကြား ရောက်လာပြန်တော့..
သူ့  ဘ၀ မှာ ညီ ညီ ကလေးလေး သာ
အရေး ကြီး ဆုံး ဖြစ်ခဲ့ ပါ သတဲ့.....


အဖေ ဆိုတာ တွယ်တာစရာ လို့
သိခွင့် မရခဲ့ သူလေး မို့..
အသနား ကလဲ ပို ရပါ သ တဲ့....

ဒါပေမဲ့ .. ညီညီ ရယ်...
မေမေ က နေ...
မေမေ .. က လ...
ညီညီ့ ဘ၀ မှာ အမြဲ သာ နေပေး တာ..

မေမေ ရဲ့ သီ ချင်း..... မေမေ ရဲ့ ကဗျာ
ညီညီ ရဲ့ နှလုံးသား မှာ အမြဲ သီကုံး ပေးနေ မှာ....

မေမေ ဟာ... ညီညီ လိုနေ သရွေ့
ညီညီ့  ကမ္ဘာ သာ ဖြစ် နေစေ့ ပါ မတဲ့......


လေး နှစ် မှ သည်...
ရာချီ တဲံ့ ထိ...
ရွှင် လန်း ကျန်းမာ.. ရတနာ သား ကောင်း...
မေမေ့ နားဒေါင်း တရံ ပမာ....
မေမေ့ အနားမှာ
အလင်း တွေ ဝေဖြာ စေမဲ့......သား ကလေး ညီညီ .. ...ပျော် ပါစေ....။


ဘယ်ဘ၀ က ၀င်စားလေသလဲ မသိ... စကား တတ်စ ကတည်းက စစ်ဗိုလ်ချုပ်ပဲ လုပ်မယ်ဆိုတဲ့ အပြောက တပြားသားမှ မလျှော့ သူကလေး..။ သူ့ အမေ က တော့.. စစ်ဆိုရင် ရေ တောင် စစ်မသောက် ချင်သူပါတဲ့...း)... အနာဂတ် မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ မသိကြပေမဲ့... ဘ၀ ရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေ ပဲ ရပါစေ... ညီညီ ရေ.......


မမသီရိ

Wednesday, November 04, 2009

မင်း မရှိတဲ့ အရပ် မှာ....


ဝေး......ကွာခြင်းက ..
တို့ရဲ့ နှလုံးသား ကို..
တိတ်ဆိတ်စွာ ပဲ..
ရက်ရက် စက်စက် လာနှိပ်စက်နေပြီ...

အိပ်မက်ဆန်သော ကမ္ဘာ အလယ်
ဆုံကြတဲ့ အခိုက်.. ချစ်နေကြတဲ့ အချိန်..
အဲဒီ အချိန်တွေ တုန်းကတော့..
ချစ်တာတခုပဲ ချန် ကျန်တာတွေအကုန် မေ့ထား..
မိုက်မဲ စွာ အပျော်လွန်ခဲ့ သမျှ...
ခု ချိန်ကျတော့...
အက်စစ် မျက်ရည်တွေ..
ကြွေနေပြီ.... ဝေနေပြီ... အချစ် ရယ်......

အတူ လျှောက် လို့ မရတဲ့ လမ်း မှာ..
ဝေး ကွာ စွာနေရင်း..
ဦး တည်ချက် စခန်းများ..
တယောက် တလမ်းပေါ့ အချစ် ရယ်....
ဆောင်း ၀င်စ.. နှင်းတွေ က လဲ
အသံ မဲ့ စွာ ကျနေကြတယ်...
တိတ်ဆိတ် လွန်း လိုက်တာ..

တို့ ရင်ထဲ ငို နေတာ.. သိလို့ များလား..

ငှက်ကလေး တွေ တေးဆို ကြတာကလဲ
ပီပြင်စွာ ကြည်လင်မနေ ပဲ
အက်ကွဲ လို့ ဆွေးမြေ့ စွာ...ကူ လွမ်း နေသလား....

လမင်းလေး ရယ်..
မင်းကတော့.. နေထွက် တဲ့ အခါ ပုန်း လျှိုး
နေ၀င် တဲ့ အခါ ပြန်ရောက်လာမှာ ..
တို့တတွေ မှာသာ..
ဘယ်အချိန် ဘယ်ကမ္ဘာ ရောက်လို့
ဘယ်လို လမ်းတွေ လျှောက်
ဘယ်စခန်း ရောက်မှ
တိမ် စင်စွာ ပျော်ရွှင် ရမလဲ...
နေမင်း ကြီး နဲ့ လွဲခဲ့ ရုံ နဲ့ ငို တာ မဟုတ်ပေမဲ့....
မဖြေနိုင်ဘူး..
မဖြေနိုင်ဘူး.. အချစ်ရယ်...

အတူနေ မဖြစ် သေးလို့.. ဝေးနေရ တဲ့ အရပ်မှာ
အလွမ်း ကမ္ဘာ တည်ဆောက်လို့
ဖုံ ချောက် တဲ့ လမ်းပေါ် .. အလွမ်း နဲ့ ပျော်လို့..
မျှော်လင့်ချက် ကင်းမဲ့ စွာ..
တမ်းတ ကာ နေရင်း....
တို့ တယောက်ထဲ အထီး ကျန်စွာ...
နေ .. နေ.. ရတာ စဉ်းစား ရင်း....

ဝေးကွာခြင်း အတွက်... ဆို့ နစ် လို့ နေတယ်....

ရက်စက်တာ ကံကြမ္မာလား
မိုက်ခဲ့တဲ့ ဒဏ်ရာလား
အချစ်အတွက် ရင်နာရတာ..
တဘ၀ မှာ တခါ သာ ကြုံပါရစေတော့
ဘ၀ အဆက်ဆက်.. အချစ် အတွက် မငိုပါရစေနဲ့..

ဝေးကွာခြင်း မိုင်တိုင်များကြောင့်
ထက်သထက် ပိုထက်လာတဲ့ ဓါးသွား က
နှလုံး သား ကို ခပ်ဖွဖွ လာမွှန်းတာ
တည်ငြိမ် စွာ ခံယူ နိုင်မဲ့ အသဲ.. ရခဲ့ ချင်လိုက်တာ...

အချစ်ရယ်...
နွေးထွေး မနေတော့တဲ့..
ပါး ပြင်ပေါ်က အနမ်းတွေ (အိပ်မက်ထဲမှာပဲ)
အေးစက်စက် နဲ့ အသက် မဲ့ နေကြ ပြီ....

တောက်ပ မနေတော့ တဲ့....
မျက်ဝန်း နက်ထဲက အရိပ်တွေ..
မှုန်မွှားမွှား နဲ့ေ၀၀ါး နေကြပြီ...


ဝေး သထက် ဝေးသွားတဲ့ အခါ..
သူ... သတိရ နေမလား...
အချိန်ကြာလာတဲ့ အခါ..
သူ.. မေ့သွား မလား..
နောင်ဖြစ်လာမှာတွေ ကြိုမတွေးထားချင်ဘူး
နောက်တော့လဲ
သူ သတိရချင်ရ မရချင်နေ..
သူ လွမ်းချင် လွမ်း မလွမ်းချင်နေ

တို့ရှေ့မှာ ခု လာရပ်နေတဲ့ ဝေးကွာ ခြင်းအတွက်..
တို့ နှစ်ယောက် ရဲ့
ဆုံဆည်းခြင်းတံခါး ကို .. ခု လာခေါက်နေတဲ့.. ဝေးကွာခြင်း အတွက်

တို့တယောက်ထဲ လွမ်းနေရ အောင်
ရက်စက်လှတဲ့ ဒီ ဝေးကွာခြင်း အတွက်

မင်း .. ဖုန်းဆက် အနမ်းတွေ ပေးတဲ့ အခါ..

ဘယ်လို.. ဖြေရ မလဲ အချစ်ရယ်..
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်

မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ အချစ်ရယ်.....။


မမသီရိ

Sunday, November 01, 2009

နှစ်ဦးသား ဆုံတဲ့နေ့



အခန်းတခုလုံး..
ဖွေးဆွတ်နေတဲ့ နှင်းဆီပန်းတွေနဲ့ မွှေးရီဖုံးလွှမ်း
ခန်းဆီး အဖြူ ရောင်....
ဆက်တီ အဖြူရောင်....
နံရံ အဖြူ ရောင်.....

စာပွဲခင်း အဖြူရောင် ခင်းထားတဲ့ စားပွဲ ပုလေးပေါ်
ရနံ့ သင်းသင်း ကော်ဖီ နှစ်ခွက် က မျှော် လို့....


အခန်းဒေါင့် တနေရာ..
ကိုယ့် ရင်ခုံ သံ ကိုယ် ကြားနေတဲ့ အခိုက်..
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့ .. အသာ အယာ ရောက်လာခဲ့တဲ့ .. သူ...

ပြုံးခဲတဲ့ နှုတ်ခမ်းပေါ်
ရှားပါးတဲ့ အပြုံးတပွင့် လန်းတင့် လို့နေတာ
မြင်ခွင့် ရခဲ့တဲ့.. အခိုက်အတန့်ကလေး မတော့

ကမ္ဘာ ပေါ်က အရာရာ .. ပြာ သွား ခဲ့ ပါပေါ့

တို့ နှစ်ယောက်သာ ရှိတဲံ့ ဒီကမ္ဘာ..

ကျမတို့ စကား တွေ မပြော ကြဘူး
ကျမတို့ စကားတွေ ပြောစရာ မလိုဘူး...
ကျမ တို့ မှာ ပြောစရာ စကား မရှိဘူး...

ကျမ နှလုံးသားက စကားသံ
သူ့ နှလုံးသား နဲ့ ကြားခဲ့ ပြီးပြီ..
သူ့ နှလုံးသား က စကား သံ ... ကျမ နှလုံးသား နဲ့ ကြားခဲ့ပြီး ပြီ...

သူ့ ထံ က ချစ်ခြင်းတွေ ကျမ ဆီ စီး ဆင်းခဲ့ ပြီး ပြီ.....


သူ့ ရင် ခွင် ထဲက .. သူ့ မျက်နှာ မော့ အကြည့်..
မျက်ရည် တွေ ပြည့်လျှံနေတဲ့ သူ့ မျက်ဝန်း...
အဲဒီ နောက်မှာတော့
ကျမ ကို ချစ်တဲ့ အချစ်တွေ..သမုဒ္ဒရာမက ကျယ်ဝန်းတာ ကျမ မြင်ခဲ့...

သူ့ကျောလေး အသာ သိုင်းဖက်
ချစ်လိုက်တာ..
ချစ်လိုက်တာ.. လို့ ထပ်ခါထပ်ခါ ... ကျမပြောတော့...
သူ..... ကြည်ကြည် နူးနူး နဲ့ ငုံ ကြည့်....

ခုတော့ လဲ..
အကျည်းတန်သော အရာတွေ အားလုံး....အတိတ်မှာ ကျန်ခဲ့..
လောကကြီး က အသာယာ ဆုံး...
ကျမ တို့ ဆက်လျှောက်မဲ့ လမ်းမှာ.. ချစ်ခြင်းဖွဲ့ ပန်းပွင့်တွေ ဖုံးလွှမ်း....

ကျမတို့ ဥယျာဉ်ထဲ မှာတော့..
ကျမတို့ ငှက်ကလေးတွေ ကဗျာဖွဲ့ သီခိုက်..
ကျမတို့ ပန်းကလေးတွေ က ဘယ်ညာ ယိမ်း စည်းချက်လိုက်...


အဖြူရောင် ခရုတွေနဲ့ စီထားတဲ့ ခန်းဆီးလေး..
ဒန်း စီး ရင်း... အချစ် သီချင်း တပုဒ် ကို ဆို....

ဟိုး အရှေ့ ပင်လယ်က လှိုင်းပုတ်သံ သဲ့သဲ့
တချက် တချက်... ယဲ့ယဲ့ လေး.. ကြား မိ....

မိုးကောင်းကင် တခု လုံး က ကြည်လင်လို့...

အခန်းထောင့်က တယောပြားလေး...
သူ့ အလိုလို .. တေး သွား တခု ဖန်တီး....

ပင်လယ် ပြင် အစွန်း.. မေးတင်နေတဲ့ နေလုံး ကြီး...
ပြုံး ဖြီးဖြီး လေး နှုတ်ဆက်...
ငါ... ပုန်းနေပေးပါ့ မယ် ကွယ်.... တဲ့...
သူ့ပါးပြင် မှာ ပုဇွန်ဆီရောင်တွေ သမ်းနေတာ
ကျမတို့ ချစ်ရည်တွေနဲ့ ရွှန်းလက် ခဲ့လို့.. ဆိုပဲ....


ကျမ ကတော့..
သူ့ ရင်ခွင် ထဲ...ရှက် ရှက် နဲ့... ခေါင်း ၀ှက် ထား မိရုံ....

သောက်သူမဲ့.. ကော်ဖီ နှစ်ခွက်..
စားပွဲ ပုလေး ပေါ်... ပြုံးပြုံး လေး.. အေး စက်.... လို့.....။



မမသီရိ

ပုံက ... သူ.. ကျမနဲ့ အတူတူ သွားချင်တယ်လို့ ပြောခဲ့တဲ့ နေရာလေး ပါ ..း)... ကျမ မှာ သူ.. ဆိုတာ ရှိနေတယ် လို့ ယုံတဲ့ သူတွေ အတွက် ညာတာပါ ..း)...။

Tuesday, October 27, 2009

ဥယျာဉ်မှူးနဲ့သူ၏ပန်း



အမြတ်တနိုး သူပျိုး
အဲဒီပန်းအိုးလေး
အဖူး အပွင့်တွေဝေဆာတော့

မွှေးလဲ မမွှေး သူငေးကြည့် ရုံ
..

အပင်လေးအတွက်မြေသြဇာ

သူ ကဗျာတွေ ရေး


အပင်လေး အမြဲလန်းဖို့

တေးချင်းသီ သူ စောင်းကြိုးညှိ


အရိပ်တကြည့်ကြည့် ..
ကြည့်ရုံလေး မြတ်နိုးတာ....
သူ ပြောလာပေမဲ့..


အဲဒီအပင်ကလေး
အဖူးတွေ ပွင့်အာ ခိုက်

ဝတ်မှုန်တွေကြား တွန်းတိုက်ထွက်

ညင်သာညံ့သက် တီးတိုးသံ သဲ့သဲ့
....
ဥယျာဉ်မှူးကို ချစ်သတဲ့.


မမသီရိ
23.9.2009

Sunday, October 25, 2009

စပါးပေါ်ချိန်




(မောင်)
ရွာနောက်က တို့လယ်ကွင်း

ဝင်းပါပေါ့ ရွှေရောင်ပြေ

မယ်ဒွေး ရေ. ကြည့်ပါလှည့် . မှည့်နေတာတွေ..


အသီးက ဝေေ၀.. အညှာက အဲ့အဲ့

သိမ်းလိုက်ရင် ရာကျော် တက်မဲ့

ဘိုး ဘွား ပိုင် တို့မြေကွက်.. စိန်နှံတွေ ထွက်..



(မယ်)
ဟုတ်ပါရဲ့ မောင်ကြီးရေ

လှလိုက်တဲ့ ဒီမြင်ကွင်း .. ရွက်ဖျား နှင်းကြွေ

နီးကြဖို့ အိပ်မက်တွေ .. မှန်ပေပေါ့ ဒီဆောင်းဦး
..

တို့လယ်တွေ ကောက်ဆိုင်ဖွဲ့ လို့

တလင်းနယ် ကွင်းကျယ် သိမ်းရင်..

မယ် နဲ့ မောင် .. ဖူးစာ ဖက်မယ်.. ရင်ခုန် ကြည်နူး....။


မမသီရိ


ခက်ဆစ် - - ကောက်ဆိုင် = ရိတ်သိမ်းပြီးသောစပါး ကောက်လှိုင်းများအားစံနစ်တကျစုပုံထားသည့်အပုံ
- တလင်းနယ် = ရိတ်သိမ်းပြီးကောက်လှိုင်းများအား အစေ့ချွေရန် ကျွဲ၊ နွားများဖြင့် လှည့်ပတ်နင်းစေခြင်း





Thursday, October 22, 2009

အလွမ်းတို့စေရာ



ဆန်းစလရဲ့ မှုန်ပြပြ အလင်း
ပြူတင်းက တစ်ဆင့်..
မရဲ တရဲ တိုးခွဲ လို့ ၀င်လာနေ..


အခန်းကျဉ်းလေး..

သီးခြား ကမ္ဘာ တစ်ခု

အထီးကျန်နေသူ့ ထံပါး..

လွမ်းတမန် စေရော့သလား..
ရွှေ အားတော် ငယ်......။


ဟိုး အဝေးမှာ ရှိနေတဲ့
အိပ်မက်တွေ ထဲ ထိ
စိုးမိုး မိသူ..

သူ..ဘာတွေ တွေးနေမလဲ

သူ..ဘာတွေ လုပ်နေမလဲ
..
သတိလေး နဲနဲ ရဘို့များ
သတိရမလား....
သတိလေး နဲနဲ ရဘို့များ အဆင်ပြေမလား....


လွမ်းလိုက်တာကွယ်.......။


နတ်သျှင်နောင် ရဲ့ လွမ်း ရတု တစ်ချို့

န၀ဒေးရဲ့ ကာရန် တစ်စ

ဦးစ ရဲ့ တေးသွား တစ်ခု

အလွမ်းတွေ စုနေပြီ...


တဂိုး ရဲ့ အလွမ်းကဗျာ မြစ်ဖျား အစ
ခုမှ ပဲ ခြေရာခံမိ...။

ဟင်နရီ ကွန်စတေဘယ်လ် ရဲ့
နှင်းဆီ ဆူးတွေ..
ရင် ထဲ မှာ စူးနစ်နေပြီ..
....

ဆန်း စလရဲ့
မှုန်ရီရီ အလင်း
ရောင်စဉ် စကြာ နင်းပြီး
သူ့ဆီ အရောက် လျှောက် နိုင်မယ် ဆို

သိပ် ကို ကောင်းမယ်...။


.........
ဆုံ ရမဲ့ ရက်
လက် ချိုးတွက် ရည်

ကမ္ဘာ ..ကမ္ဘာ ဆီ အဝေး..
နာရီ လက်တံ မြန်မြန် လှည့် ပြေး ..
ပြေးတွေ့ချင် တယ်..


...................................

လွမ်း လိုက် တာကွယ်....။


မမသီရိ


အလုပ်တွေ အလွန့်အလွန် ရှုပ်နေလို့ မိတ်ဆွေတွေ လဲ နှုတ်မဆက်အား၊ ဘလော့ များလဲ လျှောက်မလည်နိုင်သော်ငြားလည်း လွမ်းခြင်းတွေကတော့ ပိတ်ပင်တားဆီးမရစွာ လာ လာ လက်တို့ နေတော့.. လ ကွေးကွေးလေး ငေး.ငေးကြည့်ရင်း စီဆင်းလာတဲ့ အလွမ်းတွေအတွက် လွမ်းချင်းလေးတပုဒ် ကသုတ်ကရက် တင်ထားခဲ့ပါတယ်..

ချစ်ခင်ရတဲ့ မိတ်ဆွေတွေအားလုံး နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ..

Thursday, October 15, 2009

တိမ်ကိုနမ်းသော ခြေလှမ်းများ


(၁)
ကန္တာရတွေကျော်.. တောင်တန်းတွေပေါ်ဖြတ်
လျှိုအထပ်ထပ်ဆင်း.. မြက်ခင်း အတန်တန်လွှား
ထိမ်းချုပ်ခြင်း တာရိုးများ.. ကျိုးသွားပြီးတဲ့ နောက်
ရှည်လျားသော မုတ်သုန်အလွန် မှာ.....
တခွန်းသော သူ့စကား...ကျမနား..နား ကပ်
တိုးဖွဖွ ညင်သာသာ
..ညီမလေး ကို... ချစ်လိုက်တာ.. တဲ့..
ရွှေအပြားကုဋေ တသန်းမက
အဖိုးတန်လှ ဒီဆုလာဘ်.. နောက်ဆုံးတော့.. ကျမ ရခဲ့ ပြီ...

(၂)
အလွမ်းတွေရယ်
အနမ်းတွေရယ်
ကမ်းအလွန်မှာ ရောဖျော်ချလိုက်တော့
အပြာရောင် စမ်းချောင်းလေး
ဖြတ်ကူးပြေးပါပေါ့.. ကျမ ရဲ့ နှလုံးသား ကဗျာ..

(၃)
နှင်းတွေရယ်
အလင်းတွေ ရယ်
အာရုဏ်မှာ ပေါင်းဆုံဖြစ်ကြတော့
အ၀ါရောင်လမ်းကလေး
ပေါင်းကူးပေးပါပေါ့.. ကျမရဲ့ ရင်ခွင် မှာ..

(၄)
တံခါးတွေရယ်
စကားတွေရယ်
လွင်ပြင်အလယ် ဖွင့်အန်ချလိုက်တော့.
အကြင်နာအခန်းကလေးတခု
တယုတယ ဖြစ်လာပါပေါ့ ကျမ နားခိုရာ..

(၅)
အသာယာဆုံး လောက
သတ္တ ဒီကမ္ဘာ .. ကျမလောက်ပျော်တာ
ရှိမှာ မဟုတ်တော့...
လေအဟုန်စီးမျော..
သောသောသုန်သုန်..ရင်ခုန်စည်းချက်
ဘ၀ဂ်ထိယံ.. မိုး ဆီပျံလွှမ်း
နှစ်သန်း ခြောက်ထောင် ..ဂြိုလ်ကမ္ဘာတောင်တုန်ဟီး
ရှက်ရိပ် စီးကျ.. ပူနွေးသောပါးပြင် အလှ
သူမြင်ခွင့် ရခဲ့.....

လှိုက်မော ညိုးညံ
သူ့ ရဲ့ ချစ်ခြင်းဖွဲ့ ဗုံသံတွေ..
စည်းချက်မပါ.. ကျမ ကောင်းကင်ပေါ် ဖြာသွားတဲ့ခဏ...
တိမ်ကိုနမ်းသော ခြေလှမ်းများနဲ့..
အဲဒါ... ကျမ ချစ်သူရဲ့ ချစ်သူ.. ကျမ.. လေ....။

မမသီရိ
၁၅.၁၀.၂၀၀၉

Wednesday, October 14, 2009

မိဆိုး

ခုန်ချင်သလိုခုန်နေတဲ့ ရင်ခုန်သံတွေ
ပြန်ချင်သလို ဘာသာပြန်ပြီးတဲ့ နောက်မတော့
အရိပ် သုံး ပါး လဲ နားမလည်ချင်
ကာလ သုံး ပါးလဲ မှတ်မထားချင်
အချိန်ရှိ သရွေ့
ချစ်ပဲ ချစ်နေချင်မိ.......


သူ ချစ် ချစ် .. မချစ် ချစ်
ကိုယ် က သူ့ကို ချစ်
သူ သိသိ မ သိသိ
ကိုယ့် ရင်ထဲ သူ ရှိ
သူ လာ လာ .. မလာ လာ
ဆုံနေကျနေရာ အမြဲ ရှိ

သူ အား အား မအားအား
ကိုယ့်အနား ပဲ ရှိနေစေ့ချင်


ကိုယ်..ခေါ် တာသူ မကြားလို့ ကတော့
ရင်ပူအောင် သူလုပ်လို့ ကတော့..
နှုတ်ခမ်း ထော် ... စိတ်ကောက်
ခြေ ဆောင့် .. လို့ ..မျက်စောင်း ထိုး.
ဆိုး မျိုး တွေ စုံအောင်... ဆိုး...


မိဆိုး လို့ ခေါ်ချင်ခေါ်
တော် ကို မတော် နိုင် ဘူးနော်
ချစ်လို့ ကို.. ဆိုး နေတော့..
ဆိုးတယ်.. ဆိုး..ဆဲ.. ဆိုး မြဲ.. ဆိုး.. အုံး မှာ............။


မမသီရိ

Sunday, October 11, 2009

ငါက ကျန်စစ်သား မဟုတ်ဖူး

ရှေးရှေးက ပုဂံ ရာဇ၀င်
အရှင် ကျန်စစ်သား.. မင်းတရား မဖြစ်ခင်က
သူ့သခင် စောလူး.. ကျူးကျော်သူတွေ ဖမ်းဆီးတော့
သက်စွန့် ဆံဖျား
ကျန်စစ်သား ၀င်ကယ်..
ညဥ့်သန်းခေါင်ယံ အလယ်
ကျောပိုးလို့ သယ်ထုတ်...
စောလူး မင်းယုတ် မလိုက်လို...
ရန်သူ ကို အားကိုး သူအော်လို့ နှိုး တော့..
အရှင် ကျန်စစ်.. ချန်ရစ်ရပါ့ပေါ့ စောလူး ကို..
..ဟယ်.. မင်း ဆိုး မင်း ယုတ်...
ရန်သူ့ လက်ပေါ် ဖြစ်လိုရာဖြစ်လေရော့.. လို့
လက်လျှော့ ပြန်ဆုတ်...
ရာဇ၀င်မှာ .. အဟုတ်ကို ရှိခဲ့တာ......

ပစ်တိုင်းထောင် အရုပ်ကိုတဲ့
ကြိုး ရှုပ်အောင် ဖန်တီး
တိမ်တွေကို စီး လို စီး.. ရေကြီးတော့ ငို လို ငို..
အိမ်မက် ကို လိုက် လိုက် ဖမ်း..
တေးမဆို တဲ့ အရုပ် ငှက်... သီချင်းဖွဲ့ ဖို့ သင်လို သင်....
ပန်းမပွင့် တဲ့ အပင် အောက်.. ပန်း အကြွေကောက်ဖို့ စောင့်..
နားမကြားတဲ့ ပန်းပုရုပ်.. တယော ထုတ်လို့ တေးသီ ပြ...
အသီးမသီးတဲ့ အပင်
အသီး တင်လေနိုး မျှော်ကိုး ငံ့လင့်
အော်.. ငါ့ အရှင့် ရက်တွေ.........

အားကုန် မောပမ်း..ခြေအစုံ မှာ ပုံလုခမန်း...
နွမ်းလျဝေသီ ရာသီတွေ ချီလာတော့
မြင်ရသူ ပင်ပမ်း.. နှလုံးတွေ ကျွမ်းလာလို့..
တံခါးတွေ တွန်းဖွင့်လို့.. လမ်းအသင့်ဆီ ထွက်ခဲ့စေလိုပေမဲ့..
လာခဲ့လို့ လက်ကမ်း..သူ ဖမ်းလို့ လှမ်းယူစေချင်ပေမဲ့..
နှလုံး နုသူ လူကလေး..... တွေတွေ လေး ငေးနေ.....
ချစ်သူလေးရေ...
မင်းက တခြမ်းသော ငါ့ နှလုံးသား...
အဲဒီ နှလုံးသား တခြမ်းကိုဖြင့်..
လွင့်ချင်သလို လွင့်စေတော့ လို့
လက်လွယ်စပယ်.. ချန်ဖယ်လို့ မထားနိုင်..
ငါ ကျန်စစ်သား လဲ.. မဟုတ်လေတော့...
မင်းး ၀ဋ်ကြွေးတွေ ကျေ လို့
ကြိုးတွေ ဖြေလျှော့ ပြီးတဲ့နောက်..
လွတ်မြောက်ပြီ... ကြွေးကြော်တဲ့ နေ့...
မင်း.. ခြံ အရှေ့ က ထိုင်စောင့်မယ်....။


(ဘာရယ်မဟုတ်.. ရုတ်တရက် အားမလိုအားမရဖြစ်ချင်စရာ တစုံတယောက် အတွက် တစုံတရာ ခံစားနေသော တစုံတယောက်ကိုယ်စား.. အမြင်ကပ်စွာ ရေးမိခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်.. ယနေ့ ပို့စ် တင်ရန် အကြံ မရှိသော်လည်း အမြင်ကပ်ကပ် နှင့် တင်ခြင်း ဖြစ်ပါကြောင်း...)

မမသီရိ

Saturday, October 10, 2009

အိုဘယ့်ဘယ်.. အိုဘယ့်.....


ရွေးစရာ လူမရှိလို့ရယ်တော့ ဟုတ်ပုံမရ
ပေးစရာ ငွေပေါလို့လဲ ဖြစ်ပုံမကျ
နတ်ဒေ၀ါ တွေ အလိုကျ လဲ ဟုတ်မယ် မထင်
အရှင်လတ်လတ် ဖျတ်ဖျတ်လူး
ငြိမ်းချမ်းရေး ဆုထူး သူ ခူးခဲ့ပြီ...

သူ ဘာတွေ လုပ်ပြီးပလဲ
သူ ဘာတွေ လုပ်ခဲ့ လို့လဲ
အဲဒီမေးခွန်းတွေ အကျော်မှာ
သန်းပေါင်းများစွာ သော အာမေဍိတ်သံ အကြား
မှင်တက်မိစွာ သူ ရ လာသော ဆု..

ဂရုပြုသော မျက်လုံးပေါင်း များစွာ
စွင့်ထား သော နားပေါင်း များစွာ..
စောင့်ကြည့်သော အကြည့်ပေါင်းများ စွာ အောက်
လောက်အောင် တန်ရဲ့လား
သူ ကိုယ်တိုင် မေးခဲ့ရပြီးတဲ့ နောက်မှာတော့

နိုဗယ်ဆု ကြီး ရှေ့ ချ
သနား စဖွယ် သူ့ဘဝ
ရှေ့ဆက် ဘယ်လို... က မလဲ
ဘေးကြပ် နံ ကြပ် သူ့ ဘဝ
အရှေ့အလယ်ပိုင်း ဇာတ် ဘယ်လို ဆက်ကြမလဲ
နျူကလီးယား ပြသနာ ထပ်တက်လာတော့
ခေါင်းငုံ့ အရှုံးပေး သူ ရှောင်ပြေးလို့ နိုဗယ်ဆုတန်ဖိုး သူ မြတ်နိုးမလား
ကမ္ဘာကျော် အကျဉ်းသားများ အရေး
အပြောလေးပဲ ပြော .. သူ လက်လျှော့ တော့မလား
ငြိမ်းချမ်းရေး.. ငြိမ်းချမ်း ရေး..ကြွေးကြော်ရင်း
ကမ္ဘာ့ရန်သူ တွေ စာရင်း လျှော့ချ မယ် ကြံသူကြီး..
ရှေ့တိုးတော့ ထမ်းပိုး.. နောက်ဆုတ်တော့ ကြိမ်ရိုး
ရှင်..
အကြံ တွေ ကြီး ခွင့် ရပါတော့ မလား....
ရှင့်အစား.. ရင်တွေမောပါဘိတော့...
အိုဘယ့် ဘယ်.. အို ဘယ့်.. အိုဘားမား.........။


မမသီရိ


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငြိမ်ချမ်းရေးနိုဗယ်ဆုရှင် များ စာရင်း အင်တာနက်မှာတွေ့လို့ ပြန်ဖော်ပြပေးလိုက်ပါတယ်..။


The Nobel Peace Prize has been awarded 89 times to 119 Nobel Laureates between 1901 and 2008 – 96 times to individuals and 23 times to organizations. Since International Committee of the Red Cross was awarded the Nobel Peace Prize in 1917, 1944 and 1963, and the Office of the United Nations High Commissioner for Refugees was awarded the Nobel Peace Prize in 1954 and 1981, that means 96 individuals and 20 organizations have been awarded the Nobel Peace Prize. Click on each name to see the Nobel Peace Prize Laureate's page.

Jump down to: | 1980 | 1960 | 1940 | 1920 | 1901 |

Thursday, October 08, 2009

လက်ထပ်ခြင်း အနုပညာ












အလုပ်တွေ အလွန်တရာ များပြားနေတဲ့ ကာလမို့လို့ ရေးပြီးသား ကဗျာတွေ ရှိတာတောင် ရိုက်မတင်အားဖြစ်နေ ပြီးတော့ Tag ကြွေးရှင်တွေကိုတော့ သွားကလေးဖြီးပြ မျက်နှာချိုသွေးထား ရပါတယ်...။

ခု တင်ပေးထားတဲ့ ပုံတွေက ဖော်ဝါ့ဒ်မေးလ် တခုထဲက ရတဲ့ ပုံလေးတွေပါ၊ ဖတ်ပြီး ပြုံးမိရလို့ ဝေမျှလိုက်ပါတယ်..။

အထူး သဖြင့်ကတော့ ကျမ ကဗျာတွေ ဖတ် ဖတ်ပြီး ရီးစား လိုချင်တယ် ပြောပြောနေတဲ့ မကိကီ နဲ့ မောင်ငယ် စည်သူစိုး၊ ခုတလောတော့ ရီလဲမရီနိုင် ငိုလဲ မငို ချင်ဘူးလို့ ပြောလာတဲ့ ချစ်ခင်ရသူ တယောက် အတွက် ရည် ရွယ်ပါတယ်။ အကုန်လုံး ပြုံးပျော်နိုင်ကြပါစေ..။



အားလုံးကိုချစ်ခင်လေးစား တဲ့

မမသီရိ

Tuesday, October 06, 2009

ပျားကလေး တမန်


တိတ်တိတ်လေး ကျမလွမ်းတော့
ကဗျာတွေ မျက်ရည်စို့
နှင်းဆီဖြူတွေလဲ ခိုးခိုး ငို
တိမ်ညိုညို တွေက တိုးတိုး ရှိုက်...

ကြာရင်တော့ ခက်လှချည်ရဲ့တဲ့
လ ရွှေရည် ဖျန်းထားလို့
လက်လက်ထ အုန်းလက်တွေက တီးတိုးပြော
ကမ်းခြေ တကြောမှာတော့
ပုန်းညက်ပန်းတွေ သဲသဲ လှုပ်အောင်ကြွေ
မင်း.. လွမ်းနေတာ ငါတို့ သိလို့ပါ ဆိုပဲ....

တောင်တောင် အီအီ တော့ လျှောက်မတွေးပါနဲ့ ပျား ကလေး ရယ်...
မင်း.. ၀တ်မှုန်တွေ ရှာ အထွက်
ခရီးဆက်လို့ ဖြစ်နိုင်ရင်.. သယ်သွားပေးပါလား..
အလွမ်းတခက်.. အနမ်းက တသက်စာ...
(သူ့ကိုလေ.. ချစ်ရုံလေး ချစ်တာပါကွဲ့..)
သမုဒ္ဒရာ အတန်တန်ခြားပေမဲ့
မပုပ် မအဲ့ အလျှိုးရာတောင်မထင်
သစ်လွင် လတ်ဆတ်ဆဲ.. ရင်ထဲ က အချစ်တွေ
သူ့ ဥယာဉ်လေပြေ ကို သန့်စင်ဖို့
ကျမ ပို့ လိုက်တာ လို့ ပြောပေး နော်....

ထီးကလေး တချောင်း
နှစ်ယောက် အတူ ဆောင်းမလို့
နှစ်ချို့ ၀ိုင်တွေနဲ့ အတူ သိမ်းဝှက်
ပြန်ဆုံတဲ့ တရက်မှာပေါ့...
ပိုး မဖောက် ဆေးမပြယ် ချုပ်ရိုးတွေ မကျယ် ဖို့
ယုယမြတ်နိုး ထုပ်ပိုး အရိပ်ကြည့်
နေ့မရှိ ည မဆို
အပို ပြောတာလို့ မထင်လိုက်ပါနဲ့ လို့လဲ ပြောခဲ့နော်...

နေအုံး ပျား ကလေး ရဲ့ .. ကျန်ခဲ့ လို့ မဖြစ်သေး
ဖြစ်အောင် ပြောခဲ့ ပေး..
သူ ရောက် ရင် ထွန်ယက်မဲ့ တောင်ယာလေး
ကျမ ကိုယ်တိုင် ရှင်း ထားပေးကြောင်း
အောက်မေ့ဖွယ်ရာ.. ကြယ်ပြာတွေ ကြွေတဲ့ ညများစွာ
အဲဒိ တောင်ယာဘေးမှာသာ အချိန်ကုန်ခဲ့ကြောင်း
သောင်းသောင်းဖျဖျ သြဘာပေး
ကျမ လွမ်းတေးတွေ ဆိုတဲ့အခိုက် တောင်ယာတောကမြက်ရိုင်းတွေ ပေါ့
ခေါင်းမော့မော့ လည်ခါခါ .. သူ .. ရောက်အလာ ကျမနဲ့ အတူ စောင့်နေကြတာလေ..

ကျမအတွက် သူ သီကုံး ခဲ့တဲ့ ကဗျာ
ကျမ်းစာ လို အခါခါ ရွတ်
လွှတ် မျက်စောင်းထိုး ပါပေါ့.. အဲ စာ ရွက် ကလေး
မေး ခွန်းလဲ မေးသေး .. မလွန် လွန်း ဘူးလား ကွယ် တဲ့..
အဲ ဒီ အကြောင်းရော ထည့် ပြောပေးပါ ပျား ကလေး ရဲ့....

ခိုး ခိုး ငို နေတဲ့ နှင်းဆီဖြူ
တိုးတိုး ရှိုက်နေတဲ့ တိမ်ညိုလေး
မျက်ရည် စို့ နေတဲ့ ကျမ ကဗျာတွေ
ပျား ကလေး ရေ...
နားလည်ပေးပါ ကွဲ့
မင်း ကို တမန်စေ ရတဲ့ အကြောင်း..။

မမသီရိ
၂၅.၉.၂၀၀၉

Thursday, October 01, 2009

သစ္စာ


တဦး ရင်ထဲ တဦးခွဲ လို့
ထိုးဖောက်သိမြင်...
အကြင်နာများ အသဲကြားမှာ
ရင်းနှီး မှု များ နှလုံးသား မှာ
ညီတူ ခံစား
အမုန်းများလဲ .. မရှိပါ ပဲ
စွဲ မြဲနေလျှင်....

မလိုသူများ ..
ကြားထဲကပွေ..
တို့တွေ အသဲ ခွဲလာရဲစေ
မမှုပေဘူး..

ရည်စူး မေတ္တာ ခိုင်ခိုက်မာ လျှက်

မိုင်းပေါင်း ကုဋေ ခြားလို့နေလဲ
အသဲမအေး.. နွေးထွေး မြဲလေ
တို့တွေ မဝေး.. အနီးလေးမှာ...

ဆယ်ကမ္ဘာခြား.. ဝေးလို့ သွားစေ
တို့ တတွေ ရဲ့
သံယောဇဉ်ပန်း... လန်းဆန်းမြဲလေ..
မနွမ်းပေဘူး...

အသဲဦး ရေ....
ဘယ်လောက် ဝေးဝေး .. ဝေးစမ်းပါစေ..
ဘယ်သူပြောပြော.. ပြောစမ်း ပါစေ...
နှလုံးသွေး တွေ လည်နေသရွေ့..

မမေ့စတမ်း.. သစ္စာ ပန်း ကို စိုက် မယ်လေ......။


မမသီရိ
၂၁.၉.၂၀၀၉