ကဗျာတွေကို ငယ်စဉ်ကလေးဘ၀ထဲကနှစ်သက်တတ်၊ မြတ်နိုးတတ်ခဲ့တဲ့ ကျမရဲ့ ငယ်ဘ၀က အဲဒီပေါက်ကရ ချစ်စရာ ကဗျာလေးတွေ ကို စိတ်လွတ်၊ ကိုယ်လွတ် ရွတ်ဆိုအော်ဟစ် ပျော်ခဲ့ဖူး ဆိုခဲ့ဖူးတဲ့ ကာလတွေရှိခဲ့သလားဆိုတာကိုတော့ ကျမ မှုန်ဝါးဝါး ဖြစ်နေမိပါတယ်.. သိပ်မသေချာလှတော့ပါဘူး။ ကျမ က အိမ်ရဲ့ အကြီးဆုံး သမီး၊ အသက် ၄ နှစ်ကျော်ငယ်တဲ့ ညီမလေး တယောက်ရှိတယ်၊ အသက် ၄ နှစ်မှာ ကျောင်းစနေပြီးတော့ ၄ နှစ်စွန်းစွန်းမှာ ပထမတန်း ရောက်နေခဲ့တယ်။ နေတဲ့ အိမ်က ရွာ အစွန်မှာ သီးခြားခြံကျယ် ကြီးနဲ့ ..။ ဘေးနားက ကလေးတွေ က သီးသန့် နေနေ တတ်တဲ့ ကျမတို့ မိသားစု ဆီ လာကစား ဖို့ရာ သိပ်မ၀ံ့ ကြသလိုပဲ ကျမ ကိုယ်တိုင်ကလဲ ထွက်ကစား ဖို့ ပူဆာ ခဲ့ဟန် မတူ..။ ကျောင်းထဲ ကျတော့လဲ ခန္ဓာကိုယ် သေးကွေး ရတဲ့ အထဲ အတန်းဖော်တွေက အသက် ကွာလွန်းတာမို့ အတန်းဖော်တွေ နဲ့ အော်ဟစ်ခုန်ပေါက် ကစားတမ်းတွေ မက်မက်မောမော မကစား ဖြစ်ခဲ့ (သူတို့က ကစားတဲ့နေရာမှာ သေးကွေးငယ်ရွယ်လွန်းသူကျမကို လူရာသွင်းလိုဟန် ရှိခဲ့ပုံ မရ.း)…။ မြန်မာစာ တို့ ဖွံ့ဖြိုးတို့ သင်တဲ့ အချိန်တွေမှာ ဆရာမ တိုင်ပေးတဲ့ ..
နက်ဖြန်နံနက်ကျောင်းတက်မယ်
မောင်လဲလိုက်မယ် ချန်မထားနဲ့
မေမေ သွားတော့ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီအော်လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလိုနေပါ့မယ်
လိုက်မယ် လိုက်မယ်..။ ….
ဆိုတဲ့ ကဗျာ မျိုး..။
တို့လယ်တောမှာ ပွင့်ကြတယ်
ကောက်စိုက်အပြန် ရေကန်ထဲက
ကြာတစည်းလောက် ချိုးခဲ့ကွယ်
ကြာရိုး ကြာနွယ် ဘယ်ညာ ချိုးလို့
ကြာဆစ်ကြိုးလေး ဆွဲပါ့မယ်..
ဒါပေမဲ့လဲ ကဗျာတွေ နှစ်သက်တတ်သူမို့ ကိုယ်တိုင်အော်ဟစ်ခဲ့ဖူးတာ မသေချာပေမဲ့ တခြားကလေးတွေ ဟစ်အော် ပျော်မြူးတာမျိုးကိုတော့ သဘောကျ နှစ်သက် ပြုံးကြည့် ငေးမောခဲ့ဖူးတာ အသေအချာပါ။ ကျမရဲ့ ညီမလေးကတော့ ကျမနဲ့ မတူပဲ အပေါင်းအသင်းက ခပ်များများ ရွားရိုး ကိုးပေါက် သူငယ်ချင်းတွေနဲ့ ဆော့တတ်တာမို့ သူနဲ့ သူ့ သူငယ်ချင်းတွေ ကျမတို့ ခြံထဲ ဒါမှ မဟုတ်အနီးအနားမှာ လာရောက်ကစား တုန်းဆိုခဲ့တာတွေ ကျမရော ပဲ အလွတ်ရနေမိတာမျိုး ပါ။
မှတ်မိသလောက် ကဗျာတွေက မိုးနဲ့ ပတ်သက်တာ အများစု ဖြစ်နေပါတယ်။ အဲဒါကလဲ သဘာဝတော့ ကျပါတယ် ဘာလို့လဲဆိုတော့ ကလေးဘ၀မှာ မိုးရေထဲထွက်ပြီး မိုးစိုခံ မိုးရေချိုးရင်း အော်ဟစ်ပြေးလွှားရတာလောက် ဘယ်အရာကမှ မလွှမ်းမိုးနိုင်ကြဘူး မဟုတ်ပါလား။
မိုးဦးကျစ ကာလတွေမှာ လမ်းပေါ်ထွက်ကစားနေတဲ့ ကလေးတွေဆီက ကြားရတတ်တဲ့ ကဗျာလေးကတော့..
ကဆုန်လပြည့်ကျော်
ဗိုလ်ကလေးတွေ လာပါလို့
ခုံဖိနပ်နဲ့ဆော်.. တဲ့..
မိုးတွေသည်း လေတွေတိုက် တဲ့ အချိန်မျိုးမှာတော့
စာကလေး လင်မယား ချစ်ကြတယ်
ကျိ ကျိ ကျိ ကျိ .. တဲ့
မရွာနိုင်သေးတဲ့ မိုးကို မျှော်ရင်း ရွာလာတဲ့ အခိုက်မှာ ဆိုမိတတ်ကြတာက
မေမေ လာရင် နို့စို့ မယ်
ဖေဖေ လာရင် အုန်းသီး ခွဲ စားမယ်..
....... ဆိုတဲ့ သမိုင်းအဆက်ဆက် နာမည်ကျော် ကဗျာ..။
မိုးတွင်း ကာလ နေပူလိုက် မိုးရွာလိုက် ဖြစ်နေတဲ့ ရက်တွေမှာ ကစား ကြရင်ဖြင့်...........
လာတဲ့ သူခိုး လှံနဲ့ ထိုး
သူခိုး အီးပေါက် ငါ မကြောက်
ဆေးတံ ကြီးနဲ့ ခေါက်
ဒေါက်.. ဒေါက်.. ဒေါက်… ။
ဆိုပြီး သီချင်းလုပ် ဆိုကြပြန်တယ်။ မိုးနဲ့ ပတ်သက်တာတွေ ဆိုကြလို့ ကုန်ရင်ဖြင့် ဘာရယ် မဟုတ်ပဲ
လူပျိုလေးတွေ သူမရတော့ လန်ဒန်မြေပဲ ယို
လို့ အော်ကြပြန်ရော..။ အနီးအနား မှာ အပျိုကြီး လူပျိုကြီးတွေ ရှိနေရင်တော့ ဆိုကြရတာ ပိုလို့ အရသာ ရှိကြသပေါ့နော့.း)..။
ပြီးတော့ ခေါင်းတုံး တုံးထားတဲ့ သူငယ်ချင်းတွေ တွေ့ ရင်တော့ ...........
ရန်ကုန်မြို့ ကို ဆက်ပါအုံး
တနာရီလောက် ဖုန်းကြိုးပြတ်
ကတုံး ဖင်မှာ ကြက်ချေး ကပ်..
လို့ အော်ဟစ် နောက်ပြောင်ကြတယ်။ ကိုရင်ဝတ်ပြီး ရှင်လူထွက်လာတဲ့သူငယ်ချင်း ကိုတော့
အုန်းဘောင်နဲ့ ချ ကတုံးမ
ကိုရင်လူထွက် ငပိချက်
အုန်းဘောင်ကြီးနဲ့ နှက်..
လို့ သြဘာပေးတတ်ကြတယ်..။ နောက်ထပ် ပေါက်ကရ ကဗျာတပုဒ်ကတော့ စစ်တိုက်တမ်းကစားပြီဆို အော်ကြတဲ့ ကဗျာ ပါ။
အလယ် ကရဲဘော် ကင်းကိုက်လို့ အော်
နောက်ဘိတ်ဆုံးမှာ ဗိုလ်မှူးကြီး
နာရင်း နာနာ တီး.. တဲ့..။
ခုနောက်ဆုံး မှတ်မိနေတဲ့ ကဗျာလေး ကတော့ နာမည် ၂ လုံးရှိတဲ့ ဘယ်နာမည်ပဲ ဖြစ်ပါစေ နာမည်အစားထိုးပြီး ရွတ်လို့ ရပါတယ်…ရာသီမရွေး နေရာမရွေး ရွတ်ကြတဲ့ ကဗျာ တပုဒ်ပါ..။
အိမ်မှာ ကောင်းကောင်းနေ
ဧည့်သည်လာရင် ဖျာခင်းပေး
(.... ....) နှာဗူးလေး….း)..။
ချစ်ခင်ခြင်းများစွာ ဖြင့်
မမသီရိ







