Friday, July 31, 2009

ည တည အကြောင်း


အဲဒီ့.. ည ကို ပေါ့
တစစီ ဖြစ်အောင် ဆွဲ ဖြဲ ပစ်လိုက်ချင်တာ..

သူရူး တယောက်လို အော်ဟစ်
အာခေါင်တွေ ခြောက်တဲ့ ထိ
ရင်ဖွင့်လိုက် ချင်ခဲ့..

တစက်စီ လွင့် ထွက်သွားသော
စုတ်ချက် ကြမ်း ဆေးစက်များ..
တစစီ လွင့်ကြေသွားသော
ရောင်စုံ ပွင့်ချပ်များ..
စိတ္တဇ ဆန်စွာ ဟို တချက် ဒီ တချက်..

အိပ်မက်က ရူးချင်ဖွယ်ရာ
စိမ်းရွှေ ရွှေ .. .ညှီ စို့ စို့
ပျို့ အန်ချင်စဖွယ် မနှစ်မြို့မှု များ..
ငါ.. အရမ်း မုန်းတယ်.....

မုန်း တယ်
မုန်း တယ်
မုန်း တယ်......
မုန်းတယ်......


မသတီ ရခြင်းတွေ နဲ့
လုံးထွေးသတ်ပုတ်နေတဲ့ နာရီ တလုံး
ကြေကွဲ ရမှုတွေ ကို
ထုပ်ပိုးထားတဲ့ ပုဝါတစ..
အခန်း အလယ် မှာ
မျက်ရည်တွေ စွန်းထင်း ရင်း လဲ ကျနေ..


အိမ်မြှောင်တကောင်ရဲ့ စုတ်ထိုး သံ
ခြောက်ခြား ဖွယ်ရာ ပဲ့တင်လို့

လူနီရိုင်း တွေရဲ့ တေးသွားနဲ့ ကနေတဲ့
လိပ်ပြာတကောင်ရဲ့ တောင်ပံ လှိုင်း

ဟိုး ခပ်ဝေးဝေး မှာ တော့
ဝံပုလွေ တကောင် က ရီမော.. အူချင်းရှည်


အို.. အသက်ရှူ ရ ကြပ်လိုက်တာ..


လမင်းလေးရေ..
ဒီဘ၀မှာ
အပူ တွေ ငြိမ်းခွင့် မရနိုင်တော့ဘူလား..

လမင်းလေးရေ...
ဒီဘ၀ မှာ
ပျော်ရွှင်ခြင်း ဆိုတာတွေ မရှိနိုင်တော့ ဘူးလား

လမင်းလေးရေ..
ငါ့ ကို လွတ်မြောက်ခွင့် ပေးပါတော့

လမင်း လေးရေ
ငါ လွတ်မြောက် ပါရစေတော့...

လမင်းလေး ရေ.......
လမင်းလေး ရေ...........
လမင်းလေး ရေ.........
လမင်းလေး ရေ..........

..........
...........
..............

နောက်ဆုံးမှတ်ချက်။ ။ တော်ပါသေး ရဲ့.. ငါမုန်းတဲ့ည.. ခဏ ပဲ ရှိခဲ့ လို့..........။


မမသီရိ

Tuesday, July 28, 2009

ဆူပွက်စ ထမင်းတအိုး၊ မီးမတောက်သော မီးတဖို နှင့် သူတို့ ၃ ယောက်

စပ်တငံ့ငံ့နဲ့..
လှောင်အိုက်သော နေ့ရက်များ..
မိုးကလဲ မရွာနိုင်
လေက လဲ မတိုက်
နေ ကမထွက်..
အုံ့ပြပြ နဲ့ မှိုင်းညို့နေသော ကမ္ဘာ...
တနေရာမတော့..
မီးခိုးတွေ အုံ ... မြုံနေသော မီးတဖိုနဲ့
ဆူပွက်စ ထမင်းတအိုး..
(တစုံတရာ) ဆာလောင်နေသော..
သူတို့ သုံးယောက်.. အဲဒီမှာ..
..
..
..
ညီမလေး။ ။ ငါ...နော်...
တကယ်.. စိတ်မရှည်တော့ဘူး..
ဘယ်လိုဟာတွေပါလိမ့်.... ဟင်း..... ။


မမ။ ။ သက်ပြင်း တွေ
ခဏ ခဏ မချ ပါနဲ့ ညီမလေး ရယ်..။
ဒီလောက ကြီးမှာ..
နေသာ သပ လေညာ က ဆိုတဲ့ အရာတွေလဲ ရှိသကွဲ့..
ဘယ်သူသေသေ ငတေမာ ပြီးရော လို့ လဲ ရှိသေးသတဲ့..
မျက်စိတွေ စပ်လို့
မျက်ရည် တွေ ကျနေပြီလား ညီမလေး...
မင့် မျက်လုံးတွေ မမှိတ်လိုက်နဲ့ အုံးနော်
ငါ တို့ ကြည့်ချင်နေတဲ့ မြင်ကွင်း..
ရှိကို ရှိနေသေးတယ် ကွဲ့ .. ညီမလေး...ရဲ့.........။


မောင်လေး။ ။ ငါ .. တော့...
တကယ် စိတ်ကုန်ပြီ နော်..
စိတ်မရှည်တော့ဘူး..
တခုခု တော့ ထ လုပ်မိ တော့ မယ်... ဟင်း....။


မမ။ ။ သက်ပြင်းတွေ
ခဏ ခဏ မချ ပါနဲ့ မောင်လေး ရေ
မင်း လက်သီးတွေ ကို တော့
ဆုပ်မြဲ ဆုပ်ထား လိုက်ပါ ကွဲ့..။
အချိန် ရင်.. နွားပိန်တောင် ကန်သေး သတဲ့..
ငါတို့ ရဲ့ နေ့ တနေ့
ရှိ ကို ရှိနေသေးတာတော့ အသေ အချာ..
စောင့်လို့ ပဲ စောင့် ခဲ့ ပြီ..
အဆူ စောင့်ပြီး မှတော့
အနပ် ကို စောင့် ကြစို့ ရဲ့ ..

မောင်လေး ရေ....
ညီမလေး.. ရေ...
တကယ် မနပ် နိုင်တာ.. သေချာ ပြီ ဆိုရင်ဖြင့်..
ပုဆိန် ဆွဲ သူ ဆွဲ
ဓား ဆွဲ သူ ဆွဲ..
ဆွဲ ကြတာပေါ့ ကွာ... ထင်း ခွဲ ရအောင် လို့......။


မမသီရိ (၂၈.၇.၂၀၀၉)

Sunday, July 26, 2009

ငယ်ငယ်တုန်းက အော်ဟစ်ခဲ့ဖူးသော

ကျမရဲ့ ချစ်လှစွာသော မောင်ငယ်ဂျူလိုင်အိပ်မက်က သူကိုယ်တိုင် ကဗျာတွေ ခံစားနှစ်သက် တတ်သူ မဟုတ်ပေမဲ့၊ ကဗျာတွေ ရေးတဲ့ သူ့အစ်မကို တော့ ကဗျာနဲ့ ပတ်သက်ရင် မမေ့ရှာ..။ မဇီဇ၀ါ က သူ့ ကို Tag လာတဲ့ ကလေးဘ၀မှာရွတ်ဖူးကြတဲ့ ပေါက်ကရ ကဗျာလေးတွေအကြောင်း ရေးပေးဖို့ပြောလာလို့ သူမှတ်မိသမျှ ချရေးရင်း သူ့အစ်မကို Tag ဆင့်ကမ်းလာပါတယ်။ သူ့ပို့စ်လေးနဲ့ မရှေးမနှောင်းမှာပဲ ဇီဇ၀ါရဲ့ တက်ဆင့်ကမ်းခံရလို့ ရေးထားကြတဲ့ ညီမမိုးချိုသင်း ရော ညီမကေ ရောက ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပဲ ကလေးကဗျာလေးတွေ အကြောင်းရေးလာကြ ပြီးတော့၊ သူတို့ရဲ့ပို့စ်မှာ လာဖတ်သူတွေက ကွန်မန့် ၀င်ပေးကြတာနဲ့တင် အတော်လေးကို သိုင်းသိုင်းဝိုင်းဝိုင်း ပြည့်စုံသလောက် ဖြစ်နေပြီးပါပြီ။ သူတို့ ၃ ယောက်ရေးထားတာလေးတွေ ဖတ်မိတော့ မြန်မာနိုင်ငံရဲ့ ဒေသ အတော်များများမှာ ရှိတဲ့ကလေးတွေရဲ့ ငယ်ဘ၀ ပေါက်ကရ ကဗျာတွေ ဟာ ဆင်တူရိုးမှား ဒါမှ မဟုတ် အလုံးစုံ တူညီနေတာ တွေ့ရပါတယ်..။ အထူးသဖြင့် မြန်မာစကားပြော တိုင်းရင်းသားတွေ ရဲ့ လမ်းပေါ်က အစဉ်အလာ ကဗျာတွေက အတူတူ နီးပါးပါပဲ.။

ကဗျာတွေကို ငယ်စဉ်ကလေးဘ၀ထဲကနှစ်သက်တတ်၊ မြတ်နိုးတတ်ခဲ့တဲ့ ကျမရဲ့ ငယ်ဘ၀က အဲဒီပေါက်ကရ ချစ်စရာ ကဗျာလေးတွေ ကို စိတ်လွတ်၊ ကိုယ်လွတ် ရွတ်ဆိုအော်ဟစ် ပျော်ခဲ့ဖူး ဆိုခဲ့ဖူးတဲ့ ကာလတွေရှိခဲ့သလားဆိုတာကိုတော့ ကျမ မှုန်ဝါးဝါး ဖြစ်နေမိပါတယ်.. သိပ်မသေချာလှတော့ပါဘူး။ ကျမ က အိမ်ရဲ့ အကြီးဆုံး သမီး၊ အသက် ၄ နှစ်ကျော်ငယ်တဲ့ ညီမလေး တယောက်ရှိတယ်၊ အသက် ၄ နှစ်မှာ ကျောင်းစနေပြီးတော့ ၄ နှစ်စွန်းစွန်းမှာ ပထမတန်း ရောက်နေခဲ့တယ်။ နေတဲ့ အိမ်က ရွာ အစွန်မှာ သီးခြားခြံကျယ် ကြီးနဲ့ ..။ ဘေးနားက ကလေးတွေ က သီးသန့် နေနေ တတ်တဲ့ ကျမတို့ မိသားစု ဆီ လာကစား ဖို့ရာ သိပ်မ၀ံ့ ကြသလိုပဲ ကျမ ကိုယ်တိုင်ကလဲ ထွက်ကစား ဖို့ ပူဆာ ခဲ့ဟန် မတူ..။ ကျောင်းထဲ ကျတော့လဲ ခန္ဓာကိုယ် သေးကွေး ရတဲ့ အထဲ အတန်းဖော်တွေက အသက် ကွာလွန်းတာမို့ အတန်းဖော်တွေ နဲ့ အော်ဟစ်ခုန်ပေါက် ကစားတမ်းတွေ မက်မက်မောမော မကစား ဖြစ်ခဲ့ (သူတို့က ကစားတဲ့နေရာမှာ သေးကွေးငယ်ရွယ်လွန်းသူကျမကို လူရာသွင်းလိုဟန် ရှိခဲ့ပုံ မရ.း)…။ မြန်မာစာ တို့ ဖွံ့ဖြိုးတို့ သင်တဲ့ အချိန်တွေမှာ ဆရာမ တိုင်ပေးတဲ့ ..

ဆွမ်းအုပ်နီနီ မေမေ ရွက်လို့

နက်ဖြန်နံနက်ကျောင်းတက်မယ်

မောင်လဲလိုက်မယ် ချန်မထားနဲ့

မေမေ သွားတော့ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့

ဘုန်းကြီအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိပ်ပုတီးနဲ့

ဘုန်းတော်ကြီးလိုနေပါ့မယ်

လိုက်မယ် လိုက်မယ်..။ ….

ဆိုတဲ့ ကဗျာ မျိုး..။

ကြာဖြူ ကြာနီ ကြာညိုနှောလို့

တို့လယ်တောမှာ ပွင့်ကြတယ်

ကောက်စိုက်အပြန် ရေကန်ထဲက

ကြာတစည်းလောက် ချိုးခဲ့ကွယ်

ကြာရိုး ကြာနွယ် ဘယ်ညာ ချိုးလို့

ကြာဆစ်ကြိုးလေး ဆွဲပါ့မယ်..

ဆိုတဲ့ကဗျာလေးတွေကိုတော့အမူအယာနဲ့ တမက်မောမော လိုက်ဆိုရတာ ၊ အိမ်ပြန်ရောက်တော့ ဖေဖေ မေမေ နဲ့ အဖိုး အဖွားတွေ ပြန်သရုပ်ပြရမျိုးတွေ ပျော်ရွှင်ခဲ့ဖူးပေမဲ့ ကျန်တဲ့ အချိန် အများစုကိုတော့ ပုံဆွဲ ၀ါသနာပါပြီး နဲနဲပါးပါး ခြစ်တတ်သူမို့ ၀ိုင်းဝိုင်း လည်နေတဲ့သူငယ်ချင်းတွေ အကြား ပုံတွေ ဆွဲတာ .. အိမ်မှာ ဆိုလဲ စာ ဖတ်တတ်ပါပြီ ဆိုထဲ က တွေ့တဲ့စာ ကောက်ဖတ်နေမိတာ မျိုးတွေ ကိုပဲ ပိုမို နှစ်သက်ခဲ့တာမို့ လမ်းပေါ်တက်ပြီး ကစားတဲ့ အုပ်စုတွေထဲမှာ ပါတာနည်းခဲ့ပါတယ်။

ဒါပေမဲ့လဲ ကဗျာတွေ နှစ်သက်တတ်သူမို့ ကိုယ်တိုင်အော်ဟစ်ခဲ့ဖူးတာ မသေချာပေမဲ့ တခြားကလေးတွေ ဟစ်အော် ပျော်မြူးတာမျိုးကိုတော့ သဘောကျ နှစ်သက် ပြုံးကြည့် ငေးမောခဲ့ဖူးတာ အသေအချာပါ။ ကျမရဲ့ ညီမလေးကတော့ ကျမနဲ့ မတူပဲ အပေါင်းအသင်းက ခပ်များများ ရွားရိုး ကိုးပေါက် သူငယ်ချင်းတွေနဲ့ ဆော့တတ်တာမို့ သူနဲ့ သူ့ သူငယ်ချင်းတွေ ကျမတို့ ခြံထဲ ဒါမှ မဟုတ်အနီးအနားမှာ လာရောက်ကစား တုန်းဆိုခဲ့တာတွေ ကျမရော ပဲ အလွတ်ရနေမိတာမျိုး ပါ။

မှတ်မိသလောက် ကဗျာတွေက မိုးနဲ့ ပတ်သက်တာ အများစု ဖြစ်နေပါတယ်။ အဲဒါကလဲ သဘာဝတော့ ကျပါတယ် ဘာလို့လဲဆိုတော့ ကလေးဘ၀မှာ မိုးရေထဲထွက်ပြီး မိုးစိုခံ မိုးရေချိုးရင်း အော်ဟစ်ပြေးလွှားရတာလောက် ဘယ်အရာကမှ မလွှမ်းမိုးနိုင်ကြဘူး မဟုတ်ပါလား။

မိုးဦးကျစ ကာလတွေမှာ လမ်းပေါ်ထွက်ကစားနေတဲ့ ကလေးတွေဆီက ကြားရတတ်တဲ့ ကဗျာလေးကတော့..

မိုးတွေ လေတွေ လာပါလို့

ကဆုန်လပြည့်ကျော်

ဗိုလ်ကလေးတွေ လာပါလို့

ခုံဖိနပ်နဲ့ဆော်.. တဲ့..

မိုးတွေသည်း လေတွေတိုက် တဲ့ အချိန်မျိုးမှာတော့

မိုးရွာတယ် လေတိုက်တယ်

စာကလေး လင်မယား ချစ်ကြတယ်

ကျိ ကျိ ကျိ ကျိ .. တဲ့

မရွာနိုင်သေးတဲ့ မိုးကို မျှော်ရင်း ရွာလာတဲ့ အခိုက်မှာ ဆိုမိတတ်ကြတာက

မိုးရွာရင် မိုးရေ ချိုးမယ်

မေမေ လာရင် နို့စို့ မယ်

ဖေဖေ လာရင် အုန်းသီး ခွဲ စားမယ်..


....... ဆိုတဲ့ သမိုင်းအဆက်ဆက် နာမည်ကျော် ကဗျာ..။

မိုးတွင်း ကာလ နေပူလိုက် မိုးရွာလိုက် ဖြစ်နေတဲ့ ရက်တွေမှာ ကစား ကြရင်ဖြင့်...........

နေပူ မိုး ရွာ သူခိုးလာ

လာတဲ့ သူခိုး လှံနဲ့ ထိုး

သူခိုး အီးပေါက် ငါ မကြောက်

ဆေးတံ ကြီးနဲ့ ခေါက်

ဒေါက်.. ဒေါက်.. ဒေါက်… ။

ဆိုပြီး သီချင်းလုပ် ဆိုကြပြန်တယ်။ မိုးနဲ့ ပတ်သက်တာတွေ ဆိုကြလို့ ကုန်ရင်ဖြင့် ဘာရယ် မဟုတ်ပဲ

အပျိုကြီးတွေ လင်မရလို့ လန်ဒန်မြေပဲ ယို

လူပျိုလေးတွေ သူမရတော့ လန်ဒန်မြေပဲ ယို

လို့ အော်ကြပြန်ရော..။ အနီးအနား မှာ အပျိုကြီး လူပျိုကြီးတွေ ရှိနေရင်တော့ ဆိုကြရတာ ပိုလို့ အရသာ ရှိကြသပေါ့နော့.း)..။

ပြီးတော့ ခေါင်းတုံး တုံးထားတဲ့ သူငယ်ချင်းတွေ တွေ့ ရင်တော့ ...........

ကတုံး ကတုံး တယ်လီဖုန်း

ရန်ကုန်မြို့ ကို ဆက်ပါအုံး

တနာရီလောက် ဖုန်းကြိုးပြတ်

ကတုံး ဖင်မှာ ကြက်ချေး ကပ်..

လို့ အော်ဟစ် နောက်ပြောင်ကြတယ်။ ကိုရင်ဝတ်ပြီး ရှင်လူထွက်လာတဲ့သူငယ်ချင်း ကိုတော့

ကိုရင်ထိပ်ပြောင် ကတုံးမောင်

အုန်းဘောင်နဲ့ ချ ကတုံးမ

ကိုရင်လူထွက် ငပိချက်

အုန်းဘောင်ကြီးနဲ့ နှက်..

လို့ သြဘာပေးတတ်ကြတယ်..။ နောက်ထပ် ပေါက်ကရ ကဗျာတပုဒ်ကတော့ စစ်တိုက်တမ်းကစားပြီဆို အော်ကြတဲ့ ကဗျာ ပါ။

ရဲဘော်တန်းစီ ဗိုလ်ကြီးနောက်က ချီ

အလယ် ကရဲဘော် ကင်းကိုက်လို့ အော်

နောက်ဘိတ်ဆုံးမှာ ဗိုလ်မှူးကြီး

နာရင်း နာနာ တီး.. တဲ့..။

ခုနောက်ဆုံး မှတ်မိနေတဲ့ ကဗျာလေး ကတော့ နာမည် ၂ လုံးရှိတဲ့ ဘယ်နာမည်ပဲ ဖြစ်ပါစေ နာမည်အစားထိုးပြီး ရွတ်လို့ ရပါတယ်…ရာသီမရွေး နေရာမရွေး ရွတ်ကြတဲ့ ကဗျာ တပုဒ်ပါ..။

(.... ....) ရေ .. (.... ....) ရေ

အိမ်မှာ ကောင်းကောင်းနေ

ဧည့်သည်လာရင် ဖျာခင်းပေး

(.... ....) နှာဗူးလေး….း)..။

အားလုံးကို ပျော်စေချင်ပါတယ်..။ အချစ်ဆုံး ခင်လေး၊ ချစ်တဲ့ ကောင်းကင်ပြာချစ်သော နှင်းချစ်တဲ့မေ့သမီးလေး နဲ့ မောင်ငယ် မနောသားတို့ ရဲ့ ငယ်ဘ၀ ကဗျာလေးတွေ သိချင်ပါသေးတယ်..။ သူတို့ က မြန်မာနိုင်ငံ ရဲ့ မတူညီတဲ့ ဒေသတွေ ဆီမှာ ငယ်ဘ၀ လေးတွေ ရှိခဲ့ဖူးတယ်လေ..။

ချစ်ခင်ခြင်းများစွာ ဖြင့်

မမသီရိ

Friday, July 24, 2009

လမုပွင့်



လမုပွင့်..
အနီပေါ် အဖြူဆင့်လို့
လန်းလန်းငယ် စွင့်..

ရေအရိပ်မှာ
အောက်ဖက်ကို ထိုးသိပ်ကျ
မှန်ကလေး တချပ်

အပျိုမ ရဲ့ နှုတ်ခမ်းလှလှ လို
နီနီလေး စို...

ကပို ကရိုတောင် မဟုတ်
ဖက်ရှင် ထုတ်ထားတဲ့ အတိုင်း
အကိုင်းပေါ် မှာ
အနီ အဖြူ ဒီဇိုင်း နဲ့
ခပ်ရိုင်း ရိုင်း ပွင့်.........။


မမသီရိ (၂၅.၁၀.၁၉၉၃)

ကျမရဲ့ ဂန္တ၀င် စာရွက်အဟောင်းထုပ်ကြီးထဲမှာ ပြန်တွေ့ ရတဲ့ စာကြမ်းစာရွက်လေး တခုထဲက ကဗျာ တပုဒ်ပါ။ အဲဒီတုန်းက မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသ တခု မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တခု၊ တာဝန်ကျဒေသ ကို ရောက်ဖို့ အတွက် စက်လှေ သေးသေးလေးတွေနဲ့ ကမ်းရိုးတမ်းဒေသ ရဲ့ ချောင်းလေးတွေ မြစ်တွေ မြစ်လက်တက်လေးတွေ ထဲမှာ သွားလာခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်..။ အဲဒီချောင်းလေးတွေ ထဲမှာတော့ မပျက်စီးသေးတဲ့ဒီရေရောက် လမုတောတွေ က ပိတ်ပိတ် ပိန်းလို့. ။

(ခုတော့ ဘာမှ မကျန်တော့တဲ့ နီးပါး ပျက်စီးကုန်ပါပြီ.. တာဝန်ရှိသူတွေ က ဂရုစိုက် မထိမ်းသိမ်း၊ အသိပညာ နည်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေ က စည်းကမ်းမဲ့ထင်းအဖြစ် ခုတ်ကြတော့ ဆူနာမီ လို သဘာဝဘေးအန္တရယ်တွေ ကျရောက်လာတဲ့ အခါ ပျက်စီးသင့်တာထက် ပိုပြီး ပျက်စီး ဆုံး ရှုံး ရတဲ့ အနေအထား၊ ဆုံးရှုံးရမဲ့ အနေအထားကို ရောက်နေပါပြီ။)

ဒီရေရောက် လမုပင်လေးတွေက အရွက် ထူထူ၊ အရွက် ချွန်းချွန်း၊ ခြေထောက်မြစ်ရှည်ရှည်တွေ နဲ့ အတော့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အပေါ်က ကဗျာလေးကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ချောင်ရိုးလေးထဲမှာ စက်လှေ စီးနေတုန်း မြင်ရတဲ့ လမု ပွင့် တွေ ကြည့်ရင်း ရုတ်တရက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေး တပုဒ်ပါ..။ အမှတ်တမဲ့ ရေးခဲ့တာ ဖြစ်ပေမဲ့.. အဲဒီ ကဗျာလေး ကို ဘာလို့ မှန်းမသိ ထူးထူးခြားခြား မကြာ ခဏ သတိရမိတယ်။ အထူးသဖြင့် လမုပင်တွေ ဒါမှ မဟုတ်လဲ လမုပင်နဲ့ ဆင်ဆင် တူတဲ့ အပင် တွေ အပွင့်တွေ မြင်ရတိုင်းမှာ အဲဒီ ကဗျာလေး ကို ပြေးပြေး သတိရမိတတ်ပါတယ်..။

ဒီ စာရွက် အပိုင်းလေးကို ပြန်တွေ့ မိတော့ ကိုယ့်ဘလော့လေးပေါ် မှာ ပြန်လည် မျှဝေချင်လာမိတယ်.. အဲဒီတုန်းက မြင်ဖူးခဲ့တဲ့ လမုပွင့်ကို လဲပြန်ပြီး မြင်ချင်လာမိတော့ အင်တာနက်ထဲမှာ အချိန်အတော် ကြာ ကြာ ကျမ လိုက်ရှာမိပါတယ်..။ ကျမ ပဲ ရှာတာ ညံ့လို့ လား ဒါမှ မဟုတ်လဲ အင်တာနက်ထဲ မှာ မြန်မာနိုင်ငံရဲ့ လမု မျိုး စိတ်တွေ အားလုံးက မှတ်တမ်း မရှိသေးတာလား မသိ..၊ ကျမ မြင်ဖူးခဲ့တဲ့ လမု ပွင့် အတိအကျကို ရှာမတွေ့ ပါဘူး။ မကျေနပ်တာနဲ့ ၁၀ နှစ်လောက်ကြာပြန်မတွေ့ ဖြစ်သေးတဲ့ ခုလောလောဆယ် တိုကျိုတက္ကသိုလ်မှာ လမုတောတွေ အကြောင်းကျွမ်းကျင်သူ ပါမောက္ခလုပ်နေတဲ့ မိတ်ဆွေလေးကိုထုံးစံအတိုင်း လှမ်းပြီးဒုက္ခပေးဖြစ်ပါသေးတယ်..။ သူ့ခမျာလဲ သူ့မှတ်တမ်းတွေ အကုန်ထုတ်ပြီး ရှာပါသတဲ့..။ သူက ဒီရေရောက်လမုတောတွေ အကြောင်း မြန်မာနိုင်ငံမှာ လာပြီး သုတေသနပြု ဒေါက်တာဘွဲ့ ယူခဲ့တာပါ။ သူ့ဆီလဲ မရှိဘူးဆိုတော့ အင်တာနက်ထဲမှာတွေ့ တဲ့ ခု တင်ပေးထားတဲ့ ပုံ က အနီးစပ်ဆုံး တူတဲ့ ပုံတွေ ပါ..။

(This post is dedicated to my friend; Professor Katsuhero ONO, Tokyo University, Japan)

Tuesday, July 21, 2009

တို့အားလုံးရဲ့ နှင်းဆီနီ



သူဟာ ရဲရင့်တဲ့ နှင်းဆီ နီနီ


အမှောင်တကာ့ အမှောင်တွေ
သူ အောင်ခဲ့ ပြီးပြီ....


စောက်လွန်းတဲ့ ဓါးတောင်
သူ ကျော်ခဲ့ပြီးပြီ....


ပူပြင်းတဲ့ မီးပင်လယ်
သူ ကူးခဲ့ပြီးပြီ..


သူ့နှလုံးသား..
အများ အတွက် ပေးဆပ်ခဲ့ပြီးပြီ...


သူ့သက်တမ်းတ၀က်
ဓားသွားထက် အိပ်စက်ခဲ့ဖူးပြီ...

သူ့စွန်လွှတ်ခြင်းတွေအတွက်
ကမ္ဘာ ရဲ့ ဦးညွတ်ခြင်း ခံခဲ့ရပြီး ပြီ...


နှစ်ဆယ်ကျော် တနှစ်တက်
ငြိမ်းချမ်းရေး သံလွင်ခက်
ကိုက်ချီကာ သူ သယ်ဆောင်ခဲ့ပြီး မို့..

ခု.. လာမဲ့ ၂၄ ရက်လောက် ကို ဖြင့်
သူကြောက်မယ် မထင်.....။



(ကျမတို့ အားလုံး သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာရေး ဆုတောင်းကြရအောင်ပါ..)

မမသီရိ

Monday, July 20, 2009

အဖြေညှိစရာမလိုတဲ့ ပဟေဠိလေးတွေ


တကယ်တော့..
ကျမ က
မာန်မာန တွေ အပြည့်အ၀နဲ့ ခြင်္သေ့တကောင်သာ ဖြစ်ချင်ခဲ့သူ
သူနဲ့ တွေ့တော့
ဘာလို့များ ယုန်ကလေး ဖြစ်သွားပါလိမ့်....


တကယ်တော့..
ကျမက..
ဦးတည်ရာကို ထက်ထက်ခွင်း မိုးကြိုးတစင်း လို လင်းချင်ခဲ့သူ
သူနဲ့တွေ့တော့
ဘာလို့များ ပန်းကလေး ဖြစ်သွားပါလိမ့်...


တကယ်တော့..
ကျမက..
စကြာဝဠာ တခွင်လင်း နေမင်းတဆူလို..မင်းမူ ချင်ခဲ့သူ..
သူနဲ့တွေ့တော့
ဘာလို့များ.. လ.. ကလေးဖြစ်သွားပါလိမ့်..


တကယ်တော့..
ကျမက..
အဆုံးမဲ့ခမ်းနားသော ပင်လယ်တကြောလို ကျယ်ပြောချင်ခဲ့သူ
သူနဲ့ကျတော့
ဘာလို့များ စမ်းရေအိုင်လေး ဖြစ်သွားပါလိမ့်..


တကယ်တော့..
ကျမက..
အရာရာ ကိုယ့်ဆန္ဒနဲ့ ထပ်တူ အမြဲ ကျချင်ခဲ့သူ
သူနဲ့ ကျတော့
ဘာလို့များ.. အတ္တတွေ မဲ့သွား ပါလိမ့်.....


ခုတော့ .
ကျမ က..
အတ္တအခွံတွေ တလွှာစီ ကွာကျသွားတဲ့
ပန်းကလေး.. ယုန်ကလေး..
စမ်းကလေး.. လ.. ကလေး...
သူ့...အတွက်သာ အရာ ရာ...



ကို..ရေ.. ရင်နှင့်အမျှ .. ထာဝရ...ချစ်ပါတယ်....။



မမသီရိ

Friday, July 17, 2009

သူရဲကောင်းတို့၏ခြေရာများ

အမှန်တော့ ဒီပို့စ် ကို ရေးဖို့ ရည်ရွယ်ရင်းမရှိခဲ့..။ ဒါပေမဲ့ ဒီလိုရက်ပိုင်းတွေ ရောက်လာပြီဆိုရင်ဖြင့် စိတ်တွေက အတိတ်ကို ပြန်ပြန်ပြေး သတိရ။ ရင်မှာ အစိုင်အခဲလေးတွေက မတင်မကျ။ အဖြေသိနေတဲ့ပုစ္ဆာ တပုဒ်၊ အဖြေရှိပြီသား ပုစ္ဆာတပုဒ် ကို မရှုပ် ရှုပ်အောင် ရှုပ်နေတဲ့ လောကကြီး ကို မချင့်မရဲ နဲ့ ပုခုံး ကိုင်လှုပ်ချင်နေမိတာ နဲ့ ပဲ ကွန်ပျူတာ ကီးဘုတ်ကလေးပေါ် လက်က ရောက်လာမိတော့တယ်။

အာဇာနည်နေ့ ကို ဘယ်တုန်းက စသိတာလဲ လို့ မေးသူရှိလာရင် ကျမဖြေမဲ့ အဖြေလေးကတော့ လူမှန်းသိတတ်စ ကပါပဲ ရှင်.. လို့ ဖြစ်မှာပါ။ နေသာနေတဲ့ မိုးတွင်းကာလ ဖြစ်ပါစေ ဇူလိုင် ၁၉ မနက်ကို ရောက်ရင်ဖြင့် အမြဲ ပဲ မိုးတွေ စွေနေတတ်တာ ကို မှတ်မိတတ်စမှာ ပဲ သတိပြု မိခဲ့ရပါတယ်..။ မိုးဖွဲဖွဲ ကြားထဲ ရေဒီယို က တမိနစ်ငြိမ်သက် ကြဖို့ အချက်ပေး ဥသြသံ ကြားရတဲ့ အခိုက်အတန့်လေးကို အိမ်က မိသားစုဝင်တွေ အားလုံး အပါအ၀င် ရွာထဲ က ရေဒီယို နားထောင်တတ်သူ လူရွယ် လူကြီးတွေ ပါ ၀ိုင်းအုံ စောင့်မျှော် နေတတ်ကြတဲ့ ငယ်ဘ၀၊ လူတွေ အားလုံး ရေဒီယိုကို ရှေ့ မှာ ငြိမ်သက် မတ်ရပ် အလေးပြုခဲ့ကြတဲ့ ငယ်ကာလ ကို ခုချိန်ထိ မှတ်မှတ်ထင်ထင် ရင်ထဲမှာ စွဲနေဆဲပါ..။

အာဇာနည်နေ့ မတိုင်ခင် ရေဒီယိုက လွှင့်ထုတ်ပေးတတ်တဲ့ အာဇာနည်နေ့ ဂုဏ်ပြုတေးတွေ ကို မျက်ရည်ဝဲ စွာ လိုက်ဆိုကြ၊ အာဇာနည်နေ့ ညပိုင်းမှာ လွှင့်ထုတ်ပေးတတ်တဲ့ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် မိန့်ခွန်းတွေ ကို တလေတစား နာစွင့်နားထောင်ကြ၊ အရေးတစိုက် နားထောင်ကြ၊ ကျောင်းနေအရွယ်ရောက်ပြန်တော့လဲ မူလတန်း ဆင့် ကျောင်းသားဘ၀ မှာ တင် ဆရာ၊ ဆရာမတွေ က အာဇာနည်နေ့ နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေ အကြောင်း အခမ်းအနားတွေ လုပ်ပြီး ပြောပြကြတော့ ကလေးအရွယ်ဘ၀ ကတည်း က အာဇာနည် ဆိုတာ ဘာလဲ၊ ဘယ်သူတွေကမြန်မာ့ အာဇာနည်တွေ လဲ၊ ဘာလို့ သူတို့ က အာဇာနည် ဖြစ်ရတာလဲ၊ ဗိုလ်ချုပ်က ဘာလို့ မမေ့အပ်တဲ့ သူရဲကောင်းလဲ ဆိုတာ မူလတန်း အရွယ် ထဲ က ရင်ထဲ နှလုံးသားထဲ သံမှို နှက်စွဲထားသလို စွဲ နေခဲ့ကြရတာပါ။

အဲဒီတုန်းက ထုတ်ဝေခဲ့တဲ့ မြ၀တီ၊ ငွေတာရီ၊ စစ်ပြန် စတဲ့ မဂ္ဂဇင်း ကြီးတွေ၊ တေဇ၊ ရွှေသွေး တို့ကျောင်းသား စတဲ့ ကလေးစာစောင်တွေ ရဲ့ ဇူလိုင်လထုတ် တွေ က အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ဂုဏ်ပြု အမှတ်ရ တမ်းတသံတွေ နဲ့ လျှံနေခဲ့တာပါ။ ကျောင်းတွေမှာ လဲ ကျောင်းအဆင့်၊ မြို့နယ်ဆင့်၊ ပြည်နယ် တိုင်း အဆင့်၊ အလိုက် စာစီစာကုံး ပြိုင်ပွဲတွေ ကို စည်စည် ကားကား ကျင်းပ ကြ၊ ကျောင်းနံရံကပ်စာစောင်တွေ အားတက်သရော လုပ်ကြ၊ ကဗျာတွေ ရေးကြ၊ အာဇာနည်နေ့ ဟောပြောပွဲတွေ ကို ခမ်းခမ်းနားနား ပြုလုပ်ကြတော့ အာဇာနည်နေ့ နဲ့ အာဇာနည်ပုဂ္ဂိုလ် ကြီးတွေ ရဲ့ အကြောင်း ကို ကလေးလူကြီး မကျန် မြန်မာ မှန်ရင် ဇူလိုင် ၁၉ ကို အမြဲ အမှတ်ရ ဂုဏ်ပြု ခဲ့ကြတာပါ။


လွန်ခဲ့တဲ့ ကာလ တချို့ ဆီ မှာတော့.. ဒီ..အခမ်းအနားတွေ.. ဂုဏ်ပြုမှုတွေဟာတတိတိ နဲ့ မှုန်ပြီး ပါးလျ လာခဲ့လိုက်တာ.. ခုဆို.... တနေ့က ကျမနဲ့ တနေရာမှာ ဆုံ ဖြစ်ကြတဲ့ အသက် ၂၀ အရွယ် မြန်မာ ကျောင်းသူလေးတချို့၊ အသက် ၂၀-၂၅ - အရွယ် မြန်မာ ကျောင်းသား လူငယ် အချို့ နဲ့ ဒီအကြောင်း စကား စပ်မိလို့ ပြောတော့ ကလေး အများစု က အာဇာနည်နေ့၊ အာဇာနည် ခေါင်းဆောင်၊ အာဇာနည် ဆိုတာနဲ့ ပတ်သက် လို့ အားလုံး မှုန်ဝါးဝါး သာ ဖြေနိုင်ကြ ပြောနိုင်ကြ တာ တွေ့လိုက်ရတော့.. ကျမရဲ့ ၀မ်းနည်းမှု မှတ်တမ်း ဟာ အတော်လေး ကို မြင့်ခဲ့ ရပါတော့တယ်။ သူ တို့ မသိကြပါဘူး..။ ဘယ်သူတွေက အာဇာနည်တွေ လဲ၊ ဘာလို့လဲ..။ ဘာတွေ လုပ်ခဲ့ကြတာလဲ..။ တကယ့် ၀မ်းနည်းစရာ ကိစ္စ၊ စိတ်မကောင်းစရာ ကိစ္စ ပါပဲ..။

ကျမတို့ ရဲ့ အာဇာနည် ကြီးတွေကို ကျမတို့တကယ်ပဲ မေ့လျော့ သွားကြရတော့မလား..။
ဒီအကြောင်း ကျမမိတ်ဆွေ တယောက်နဲ့ ကြုံလို့ ပြောဖြစ်ကြပြန်တော့ သူက

.. ဗိုလ်ချုပ်အောင်ဆန်းက ဦးစော သတ်လို့ မသေခဲ့ ဘူး.. သူ့ သမီး သတ်မှ သေတော့ တာတဲ့.. သူ့သမီးကြောင့် သူ အသတ်ခံရတာ တဲ့.. ။

ကျမ ချက်ချင်း သူ့ ကို ပြန်အော် ခဲ့တယ်. ကျမတို့ အာဇာနည်က ဘယ်တော့မှ မသေဘူး ဘယ်တော့မှ မသေဘူး

သူ ထပ်ပြီး အသတ်ခံ ရတယ် ဆိုတာ ကျမ လက်ခံပေမဲ့ .. သူသေ တယ်လို့ ကျမတို့ လက်မခံ ပါဘူး။

ကျမတို့ အတွက် သူ ဟာ ထာဝရ သူရဲ ကောင်း တယောက် သာ ဖြစ်ပါတယ်.. ဗိုလ်ချုပ်နဲ့ တကွ ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်ကြီးတွေ ဟာ ကျမတို့ ရင်ထဲ မှာ ဘယ်တော့မှ မသေပါဘူ..။ ထာဝရ ရှိနေမှာပါ...။

ဒီစာစုလေးမှာ ကိုလင်းဒီပ ရေးခဲ့တဲ့ သူရဲကောင်းဆိုတဲ့ ကဗျာလေးကို ပြန်ပြီး ဖေါ်ပြပေးပါရစေ။ ပြန်ပြီးအသုံးပြု ခွင့်ပေးခဲ့ မောင်လေး လင်းဒီပ ကို ကျေးဇူးတင်ပါတယ်။

ပြီးတော့ ပြီးခဲ့ တဲ့ တရက်က ကျမရဲ့မေးလ် ထဲ ကိုရောက်လာတဲံ့ ဖောဝါ့ဒ် မေးင်္လထဲ က အာဇာနည် ပုဂ္ဂိုလ်ကြီးများ ရဲ့ ကိုယ်ရေး အကျဉ်း ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်.. ။ကျမ ထင်တာကတော့ ဘလော့ တခုခု ထဲ က ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အဲဒီမေးလ်မှာ ဖေါ်ပြမထားတဲ့ အတွက် ဘယ်သူ့ ဘလော့ ကဆိုတာ ကျမ မသိပါဘူး.. သိသူ များရှိရင် ပြောပြထားခဲ့စေလိုပါတယ်။


သူရဲကောင်း


ကြယ်တစ်လုံး ဖြတ်သန်းရာ လမ်းမှာ
ခြေရာတွေ ကဋေကဋာ ကျန်နေလိမ့်။

ကြယ်ကလေး ပြန်သွားပြီးတဲ့နောက်
ကြယ်ခြေရာတွေ ကို အသေအချာ
(တကယ့်ကို အသေအချာပါ)
လိုက်ဖျက်ပစ်လိုက်..

ကြယ်ကလေး
ကောင်းကင်က ငုံ့ပြီး
ပြုံး
ကြည့် နေလိမ့်..

ကြယ်ဆိုတာ သူ့ခြေရာ သူ
မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။

လင်းဒီပ
၁၃.၂.၀၉

ဗမာ့အာဇာနည်များ

ဗိုလ်ချုပ် အောင်ဆန်း ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။

သခင် မြ (၁၈၉၇ - ၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။


ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။


ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။


မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။



မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။



ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။


ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

ခံပွင့်ကလေး


မမေ့သာသည်...
ကမ္ဘာတည်သရွေ့
ရုပ်နဲ့ခန္ဓာ မြဲကာ နေသရွေ့..
သံသရာ အလည် ကျင်လည်နေသရွေ့..


မုန်းဘို့မတွေး..
မေ့ဘို့ မကြံ..
ယာယီခံပန်း နွမ်းချင် နွမ်းစေ
လမ်းရပ်ခိုနား သွားချင်သွားစေ

ခဏအတွေ့ သူ.. ပျော်မွေ့ ရင်
ခံပန်းကလေး
ကျေနပ်ဝမ်းသာ ရှိရပါတယ်..

ရက်ရက် စက်စက် သူ. .ချွေရက်လဲ
ဝမ်းပန်းတနည်း ငို ရုံလွဲ လို့
အပြစ် မဆို.. ကို ..ပျော်ပါစေ..

ရက်ရက် စက်စက် ထားခဲ့ ရက်လဲ
အလွမ်းတောထဲ ငိုရုံလွဲ လို့
လိုက်လို့ မခေါ်... ကို.. ပျော်ပါစေ..
..ကို.. ပျော် ပါစေ.. ကို.. ပျော်ပါစေ.. ကွယ်...။


မမသီရိ

Thursday, July 16, 2009

မင်းမရှိရင်


မင်းမရှိရင်..
ရနံ့အေးအေး သင်းပျံ့မွှေးတဲ့
တော်ဝင်သဇင် ပင်မြင့်ဆင်တောင်
မွှေးယောင်မတွေ့ ရနံ့ ပြယ်..

မင်းမရှိရင်..
ကြည်လင်လဲ့လဲ့ မြရောင်သွဲ့နဲ့
ကွေ့ကောက်ဆင်းပြေး စမ်းရေလေးတောင်
အေးယောင်မတွေ့ ပူနေတယ်..

မင်းမရှိရင်..
လသာနေလဲ မှောင်မဲသလို
ကြယ်လေးတွေလဲ ရှိုက်ရှိုက်ငိုနေ
နေ့ အလင်းရောင်
ကြောင်တောင်မှိုင်းဖွဲ့ လွမ်းဘွဲ့ စေနှင်..

မင်း မရှိရင်..
နှလုံးသား ကွက်လပ် လစ်လှပ် ဟာနေ
ဘ၀ အဓိပါယ် ပြည့်တယ်မတွေ့
မမွေ့ နိုင်ပါ.. ပျော်ရွှင်ရာမဲ့
ရေဝေးတဲ့ ကြာ
နွမ်းလာသလို .. လွမ်းတွေ ပိုလို့

ချစ်သူ ဝေးဝေး သွားပါနဲ့ .. ကွယ်....။


ချစ်ရသူကြောင့်ပူဆွေးသောကရောက်နေသူများ အားလုံး အတွက် ချစ်သူ ထားခဲ့မှာ အမြဲ ကြောက်ရွံ့နေရသူများအားလုံးအတွက် ရည်ရွယ်ရေးဖွဲ့ ပါသည်။
ကျမချစ်သူက ကျမကို ဘယ်တော့မှ မထားခဲ့ပါဘူးလို့ ပြောခဲ့တာမို့
ကျမရဲ့ ကိုယ်ပိုင်ခံစားချက် ဟု မယူဆစေလိုပါ ....း)..။ ဒီကဗျာကြောင့် ချစ်သူများ အားလုံး နှလုံး စိတ်ဝမ်း အေးချမ်းစေလိုပါသည်။



မမသီရိ (၁၅.၇.၂၀၀၉)

Tuesday, July 14, 2009

ကျမလာခဲ့တယ်


သူ့ကိုချစ်ခြင်းနဲ့ လင်းနေတဲ့ မှန်မီးအိမ်လေးရယ်
အကြင်နာတွေ နဲ့ ပြာနေတဲ့ ကဗျာလေး တပုဒ်ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်..
..
..
သူ့ အတွက်သီကုံးထားတဲ့
မေတ္တာ ပုလဲ လုံးလေးတွေ ရယ်
အနမ်းတွေနဲ့ လင်းလက်နေတဲ့ ကမာခွံ လေးတွေ ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်..
..
ကျမနှလုံးသွေးနဲ့ ရေးထားတဲ့ ပန်းချီကားလေးရယ်
ကျမအတွေးတွေ ပိုင်စိုး ထားတဲ့ သူ့ ပုံရိပ်တွေ ရယ်
ကျမ သယ်ဆောင်လို့ လာပါတယ်
..
ကျမနဲ့ အတူပြေးနေတဲ့ လှိုင်းကလေးတွေ ရယ်
ကျမ ဘေးက အဖေါ် လေညှင်းပျော်လေးရယ် နဲ့
ကျမ သူ့ဆီ လာခဲ့တယ်...
..
ချစ်သူ့ ညခင်းတွေ အတွက်
ကျမ လင်းပေးပါ့မယ်
..
ချစ်သူ့တလင်းမြေအတွက်
ကျမ ပန်းခင်းပေး မယ်
..
ချစ်သူ့ ဥယျာဉ်လေးအတွက်
ကျမ နှင်းတွေ ဝေပေးမယ်
..
ချစ်သူ့ ဂစ်တာလေး အတွက်
ကျမ တေးတွေ ရေးပေးမယ်
...
ချစ်သူ့ တယောလေးအတွက်
ကျမ သံစဉ် ဖွဲ့ပေးမယ်
..
ချစ်သူ့ အိမ်ကလေး အတွက်
ကျမ ပန်းချီ ဆွဲ ပေးမယ်
..
ချစ်သူ အိပ်မောကျဖို့
ကျမ ပုံပြောပြပေး မယ်
..
ချစ်သူ့ ရဲ့ဘေး..
ကျမ.. တေး အမြဲ ဆို
အချစ်တွေ နုပျိုစေဖို့
ကျမ အသဲ နှလုံးလေး ပေးချင်လို့..

ချစ်သူရေ......
ကျမ လာခဲ့တယ်...........။

မမသီရိ


Monday, July 13, 2009

ဘန်ကီမွန်လဲ စိတ်တိုတယ်.. ချစ်သူကိုလဲ စိတ်တိုတယ်

စိတ်ကောက်မိယုံလေးနဲ့..
မထားခဲ့ပါနဲ့ ချစ်သူရဲ့..
အဲဒါ ချစ်လွန်းလို့ ပါ နော့..
..
..
ဘန်ကီမွန်က စကား မအောင်တော့
ကျမ စိတ်ပျက်မိတာပေါ့..
..
အရေးထဲ..
ချစ်သူ့ အပါး ကောင်မလေးတွေ က တ၀ဲဝဲ..
ကဲ .. ကျမ စိတ်ကောက်မိတာ ဆန်းသလား .. လို့..
...
..
ကျမ ပွင့်တဲ့ ပန်းမှန်သမျှ
ချစ်သူ့ ဧည့်ခန်းမှာပဲ လှခဲ့စေချင်တာ..

ကျမ သီတဲ့ ခရေကုံး ကိုပဲ
ချစ်သူ ဆွဲ ခဲ့စေချင်တာ..

ကျမရေးတဲံ ကဗျာတွေ ပဲ
ချစ်သူ ဖတ်ခဲ့စေချင်တာ..

ကျမ ပုတ်တဲ့ လှိုင်းကလေးတွေ ပဲ
ချစ်သူ့ ကမ်းပါး.. ရပ်နားစေချင်တာ..

ကျမ ကို ချစ်တဲ့ အကြောင်းပဲ
ချစ်သူ တွေးနေစေချင်တာ..
..
..
..
ကောင်မလေး တွေ ပြုံးပြုံး မပြပါနဲ့ ချစ်သူ ရဲ့.

စိတ်ကောက်တော့လဲ ထားခဲ့ ချင်သတဲ့
ခြေဆောင့်မှာ ကွဲ့ နော်..
နှုတ်ခမ်းလဲ ထော်အုံး မယ်..

ဟွန့်..

ဘန်ကီမွန် ကတော့
လက်ဗလာနဲ့ ပြန်သွား ရှာပြီ
ညာခံထိတာတောင် ပြုံးနေသေး

ကျမ စိတ်ကောက်မိယုံလေးနဲ့တော့
ထားခဲ့ ပါနဲ့ နော့...။


မမသီရိ

Saturday, July 11, 2009

အိပ်မက် မိုးတိမ်



ဖမ်းဆုပ်ယူချင်မိပေမဲ့..

အဲဒါက အိပ်မက်တိမ်တွေ….

….

ယုယဖူးချင်တာပေါ့

ရူးမတတ်အချစ်တွေနဲ့

နှလုံးလှတဲ့ချစ်သူကို…

မျက်ဝန်းညိုတွေထဲမှိုင်းညို့

ဒဏ်ရာတချို့နဲ့ ကြေကွဲနေ

ဝမ်းမနည်းပါနဲ့ ချစ်သူရေ….လို့….

သူ့လက်ကလေး ကိုဆုပ်

သူ့ပုခုံးလေးကိုမှီ..

သူ့ကျောလေးသိုင်းဖက်..

ကော်ဖီတစ်ခွက် အတူသောက်

အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ

သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…

ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……

….

….

ခုများတော့လဲ

ရင်တခွင်လုံး ချုံးချုံးချ အလွမ်းတွေနဲ့

တဆစ်ဆစ် နာကျင်ရုံကလွဲ….

......

အော်……ကွယ်……

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်မိုးတိမ်တွေ…………။



မမသီရိ

Friday, July 10, 2009

I'm your Angel




Celine Dion - I'm Your Angel
Album : Celine Dion - All The Way... A Decade Of Song

Lyrics :
No Mountains too high, for you to climb
All you have to do is have some climbing faith, oh yeah
No rivers too wide, for you to make it across
All you have to do is believe it when you pray

And then you will see, the morning will come
And everyday will be bright as the sun
All of your fears cast them on me
I just want you to see...

I'll be your cloud up in the sky
I'll be your shoulder when you cry
I'll hear your voices when you call me
I am your angel
And when all hope is gone, I'm here
No matter how far you are, I'm near
It makes no difference who you are
I am your angel
I'm your angel

I saw the teardrops, and I heard you cry
All you need is time, seek me and you shall find
You have everything and you're still lonely
It doesn't have to be this way, let me show you a better day

And then you will see, the morning will come
And all of your days will be bright as the sun
So all of your fears, just cast them on me
How can I make you see...

I'll be your cloud up in the sky
I'll be your shoulder when you cry
I'll hear your voices when you call me
I am your angel
And when all hope is gone, I'm here
No matter how far you are, I'm near
It makes no difference who you are
I am your angel
I'm your angel

And when it's time to face the storm
I'll be right by your side
Grace will keep up safe and warm
And I know we will survive

And when it seems as if your end is drawing near
Don't you dare give up the fight
Just put your trust beyond the sky...

I'll be your cloud up in the sky
I'll be your shoulder when you cry
I'll hear your voices when you call me
I am your angel
And when all hope is gone, I'm here
No matter how far you are, I'm near
It makes no difference who you are
I am your angel
I'm your angel

I'll be your cloud up in the sky
I'll be your shoulder when you cry
I'll hear your voices when you call me
I am your angel
And when all hope is gone, I'm here
No matter how far you are, I'm near
It makes no difference who you are
I am your angel
I'm your angel

ခွင့်လွှတ်ပါ

ခွင့်လွှတ်ပါ ကွယ်..

ချစ်ရတာ မောလို့.....


ခွင့်လွှတ်ပါကွယ်

မျှော်ရတာမောလို့.........


ခွင့်လွှတ်ပါကွယ်

လွမ်းရတာမောလို့.............


ခွင့်လွှတ်ပါကွယ်

မေ့ခွင့်ပြုပါတော့.............


ခွင့်လွှတ်ပါကွယ်

ပုန်းပါရစေတော့..............


ခွင့်လွှတ်ပါကွယ်

တို့တွေ မနီးနိုင်မှတော့........


ခွင့်လွှတ်ပါကွယ်

နှုတ်ဆက်ပါရစေတော့

ခွင့်လွှတ်ပါကွယ်……........။


မမသီရိ

Wednesday, July 08, 2009

ကန္တာရ သစ်ပင်



ဧ၀ စားခဲ့ဖူးတဲ့ ပန်းသီး တကိုက်

ဘယ်လိုများ ချိုသလဲလို့

အမောတကော အိပ်မက်တွေနဲ့တူးဆွ

အဲဒီ ပန်းသီးအဖဲ့အစလေး လိုက်ရှာနေမိသူ...


ကြွက်တခုန် ကြွေတလက်

ကြယ်တံခွန် အလင်းတချက်ကို
တပ်မက်စွာ ရင်ခုန်မလား ရင်ခုန် ရဲ့..


မိုးတစက် နှင်းတပေါက်

ရာသီအလိုက်ရောက်လာတာလေး

ရူးသွပ်စွာ ကြည်နူးမလား ကြည်နူးရဲ့..



ပုံရိပ်ယောင် လပြည့်ည

လှပလွန်းလှချည့်
အေးမြလွန်းလှချည့်
တမ်းတမ်းစွဲ တမ်းတမလား တမ်းတရဲ့..



လေအဝှေ့ လေအလာ

မာယာနဲ့စီးမျော အယာအယာ လာပုတ်သော
လှိုင်းကလေးကိုပဲ ရူးသွပ်မလား ရူးသွပ်ခဲ့...



အိနြေ္ဒ တခွဲသားနဲ့

တွေ့ဆုံခြင်းလမ်းမကတော့

မြူအလိမ်းလိမ်းကပ်လို့ ဟိုတဖက်ကမ်းမှာ

အဲဒီမြစ်က
ရေစီးသန်လွန်းလှချည့်...

အိပ်မက်အလယ်မှာသာ ကြုံဖူး
တိမ်းမူးဖွယ်ရာ ရင်ခွင်ကျယ်

ထုံရီရီ ၀တ်မှုံလူးထားတဲ့ အနမ်းတွေ

အကြိမ်ကြိမ် အထပ်ထပ်
ဝေးနေဆဲ
မျှော်လင့်ခြင်း တောင်တန်းများ

အရောက်သွားလိုပေမဲ့

အဲဒီလမ်းမ လေအဟုန်ကပြင်းပါ့
....


ဒီလိုနဲ့....

ကန္တာရအလယ် တနေရာ မတော့

အပွင့်အခက်မစုံတဲ့ သစ်တပင်ဟာ

အလွမ်းနဲ့သာ ရှင်သန်နေတော့တယ်......။



မမသီရိ (၆.၇.၂၀၀၉)

Tuesday, July 07, 2009

၃၈ ဖြာ မင်္ဂလာ ကဗျာ များ

ကျမရဲ့ USB 2.0 ထဲမှာ ပြန်တွေ့တဲ့ file ဟောင်းလေး တခုပါ။ ကာလ တခုဆီတုန်းက ကလေးလေး တချို့ ကို လက်ဆောင်ပေးဖို့ ရာ ဘုရားရှိခိုး စာအုပ် တအုပ်ထဲကကြည့်ကူး ရိုက်ထားခဲ့တဲ့ ဖိုင်လေးပါ။ ကလေးလေး တွေ ဆိုနိုင်ဖို့ ရာ သီကုံးထားခဲ့ပေးတာက ဆရာတော်ကြီး တပါး ဖြစ်မယ် ထင်ပါတယ်။ ဗဟုသုတ အရာ အားနည်းလွန်းတဲ့ ကျမ မမှတ်မိ တာကိုတော့ ခွင့်လွှတ်ကြပါ။ ဒီမင်္ဂလာတရားတော်တွေ က အရွယ်သုံးပါး လုံး မှာ အသုံးတည့် ပြီး လူတိုင်း လိုက်နာ မှတ်သားဖို့ကောင်းတာမို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Min Ga Lar to blog


မမသီရိ

Thursday, July 02, 2009

ပေးပို့ချင်သော အနမ်းများ

လွမ်းရင်.. အနမ်းတွေ ပို့လိုက်လေ တဲ့...
ချစ်သူ့ မှာစကား..
ခဏခဏ ကြားယောင်.
ငူ ငေါင်မိသော.. အခိုက် အတန့်ပေါင်း များစွာနဲ့..
..
..
ပို့ပေးချင်တာပေါ့ .. အချစ် ရယ်..
ဘယ့်နှယ် ပြောပါလိမ့်..
...
..
အနမ်းတွေ တလှေ ကြီး..
ရေစီး နဲ့ ပို့ချင်ရဲ့..
...
အနမ်းတွေ တပုံ ကြီး..
လေဟုန်စီး ပို့ ချင်ရဲ့..
...
ကောင်းကင် ယံ ပျံ သွား
ငှက်ငယ်တွေ မြင်ထား
အားကျ မနာ လို .. ငြင်ငြိုမိတယ် တကယ်ပဲ
အဲဒီ တောင်ပံ
ကျမမှာ ဘာလို့ မရှိတာလဲ....
...
ရေထဲ ကူးခပ် သွား
ငါးကလေးတွေ မြင်ထား
အားကျ မနာ လို .. ငြင်ငြိုမိတယ် တကယ်ပဲ

ကျမက ဘာလို့
ငါးကလေး မဖြစ်တာလဲ....
...
..
လွမ်းလို့.
အနမ်းတွေ ပို့ ချင်တာပေါ့ အချစ် ရေ..
ကိုယ့် ဘ၀အပူ ဘယ်သူ လာကူမှာပါလိမ့်
..
..

မင့် တောင်ပံလေး
ခဏငှားပါ ငှက်ကလေး ရေ
ချစ်သူ့ ထံ ပျံ ချင်လို့
လွမ်းလို့.. အနမ်းတွေ ပို့ချင်လို့ပါ..
..
ငါး ကလေး ဘဝ
ကျမ ခဏ ဖြစ်ပါရစေ...
ချစ်သူ့ နား ကူးသွားချင်လို့

သူ့ကို လွမ်းလို့..
အနမ်းတွေ ပို့ ချင်လို့ပါ..
..လွမ်းလို့.. အနမ်းတွေ ပို့ ချင်လို့ပါ
သူ့.. ကို.. လွမ်း လို့..
အနမ်းတွေ..
အနမ်းတွေ ပို့ချင်လို့ပါ.....။

မမသီရိ